မြောက်ကိုရီးယားက အမေရိကန်၏ နျူကလီးယားမဟာဗျူဟာအစီအစဉ်ကို ဝေဖန်ရှုတ်ချ

မြောက်ကိုရီးယားက အမေရိကန်၏ နျူကလီးယားမဟာဗျူဟာအစီအစဉ်ကို ဝေဖန်ရှုတ်ချ
သြဂုတ် ၁၆ ရက်က ပြုံယမ်းမြို့တော်သို့ ရောက်ရှိလာသည့် ရေးဘေးသင့်ဒုက္ခသည်များကို ကြိုဆိုသည့်အခမ်းအနားတွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်အား တွေ့ရစဉ်(Photo: AFP)
သြဂုတ် ၁၆ ရက်က ပြုံယမ်းမြို့တော်သို့ ရောက်ရှိလာသည့် ရေးဘေးသင့်ဒုက္ခသည်များကို ကြိုဆိုသည့်အခမ်းအနားတွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်အား တွေ့ရစဉ်(Photo: AFP)
Published 24 August 2024

မြောက်ကိုရီးယားသည် အမေရိကန်၏ နျူကလီးယားမဟာဗျူဟာအစီအစဉ်သစ်ကို ဝေဖန်ရှုတ်ချခဲ့ပြီး ၎င်း၏ နျူကလီးယားစွမ်းဆောင်ရည်များကို မြှင့်တင်သွားမည်ဟု သြဂုတ် ၂၄ ရက်က ပြောကြားခဲ့သည်။

အမေရိကန်၏ နျူကလီးယားမဟာဗျူဟာ ပြင်ဆင်မှုအစီအစဉ်မှ ထွက်ပေါ်လာနိုင်မည့် လုံခြုံရေးစိန်ခေါ်မှုအားလုံးကို နည်းလမ်းပေါင်းစုံဖြင့် ထိန်းချုပ်၊ ဖယ်ရှားရာတွင် မိမိတို့၏ မဟာဗျူဟာမြောက် အင်အားကို မြှင့်တင်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့နှင့် နျူကလီးယားထိပ်တိုက်တွေ့မှုများဖြစ်လာနိုင်သည့်အခြေအနေအတွက် ပြင်ဆင်ရန် နျူကလီးယားမဟာဗျူဟာပြင်ဆင်ရေး အစီအစဉ်ကို မတ်လအတွင်းက အတည်ပြုခဲ့သည်ဟု The New York Times သတင်းစာက ယခုသီတင်းပတ်အတွင်း ဖော်ပြခဲ့သည်။

လျှို့ဝှက်အဆင့်တွင်ထားရှိသည့် အဆိုပါ နျူကလီးယားမဟာဗျူဟာပြင်ဆင်ရေးအစီအစဉ်တွင် ပထမဆုံးအကြိမ်အဖြစ် တရုတ်၏ နျူကလီးယားလက်နက်အင်အားလျင်မြန်စွာ ကြီးထွားလာမှုအပေါ် အာရုံစိုက်ရန် အမေရိကန်၏ အခြိမ်းအခြောက်အဟန့်အတားမဟာဗျူဟာကို ပြောင်းလဲမှုပြုလုပ်ခဲ့သည်ဟု The New York Times သတင်းစာက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ အမေရိကန်၏ အပြုအမူများကို ပြင်ထန်စွာ ဝေဖန်ရှုတ်ချကြောင်းနှင့် အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် မိမိတို့၏ အချုပ်အခြာအာဏာကို မြဲမြံစွာကာကွယ်ရန်  ပြည့်စုံလုံလောက်ပြီး ယုံကြည်စိတ်ချရလောက်သည့် နျူကလီယားအင်အားကို တည်ထောင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနှင့် ရုရှားတို့သည် ဒုတိယကမ္ဘာစစ်ပြီးနောက် မြောက်ကိုရီးယား နိုင်ငံထူထောင်ခဲ့ချိန်ကတည်းက မဟာမိတ်များဖြစ်ခဲ့ပြီး ယူကရိန်းကို ရုရှားကကျူးကျော်ခဲ့သည့် ၂၀၂၂ ခုနှစ်နောက်ပိုင်း ဆက်ဆံရေးများ ပိုမိုနီးစပ်ခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ကမူ မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို လက်နက်များထောက်ပံ့ပေးနေကြောင်း စွပ်စွဲခဲ့ပြီး ထိုစွပ်စွဲချက်များကို ရုရှားနှင့်မြောက်ကိုရီးယားတို့က ငြင်းဆိုခဲ့ သည်။မကြာသေးမီက တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံအကြား ၀ါဒဖြန့်မှုများအပြန် အလှန်ပြုလုပ်ခဲ့ပြီးနောက် ဆက်ဆံရေးများတင်းမာခဲ့သည်။

တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများသည် မြောက်ကိုရီးယားဆန့်ကျင်သည့် ၀ါဒဖြန့်စာစောင်များပါသည့် မိုးပျံပူဖောင်းများကို မြောက်ကိုရီးယားနိုင်ငံအတွင်း လွှတ်တင်ခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း အမှိုက်အိတ်များတွဲချည်ထားသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံအတွင်းသို့ လွှတ်တင်ခဲ့သည်။

မြောက်ကိုရီးယား၏ မိုးပျံပူဖောင်းများလွှတ်တင်မှုကို တုံပြန်သည့် အနေဖြင့်တောင်ကိုရီးယားက ဇူလိုင် ၂၁ ရက်မှစပြီး  နယ်စပ်ဒေသတွင် အသံချဲ့စက်များဖြင့်မြောက်ကိုရီးယားဆန့်ကျင်သည့် ၀ါဒဖြန့်အသံလွှင့်မှုများ ပြန်လည်လုပ်ဆောင်နေကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် ၁၉၅၀-၅၃ခုနှစ် ကိုရီးယားစစ်ပွဲကာလက မြောက်ကိုရီးယားဆန့်ကျင်သည့် ၀ါဒဖြန့်အသံလွှင့်မှုများပြုလုပ်သည့် နည်းဗျူဟာကို စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ထိုအသံချဲ့စက်များကို အမြောက်ဖြင့်ပစ်ခတ်သွားမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့သည်။                   

Ref: AFP

Most Read

Most Recent