ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတွင် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၃၀ အထိရှိလာ

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတွင် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၃၀ အထိရှိလာ
သြဂုတ် ၂၃ ရက်က  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖီနီမြို့ရှိ ရေကြီးနေသောလမ်းပေါ်တွင် ခက်ခက်ခဲခဲသွားလာနေကြသူများကို တွေ့ရစဉ်(Photo: AFP)
သြဂုတ် ၂၃ ရက်က  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖီနီမြို့ရှိ ရေကြီးနေသောလမ်းပေါ်တွင် ခက်ခက်ခဲခဲသွားလာနေကြသူများကို တွေ့ရစဉ်(Photo: AFP)
Published 24 August 2024

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနှင့်အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းဒေသတို့တွင် ရေကြီးရေလျှံမှုများကြောင့် ယခုသီတင်းပတ်အတွင်း သေဆုံးသူ ၃၀ အထိမြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူများနှင့် မီဒီယာများတွင် သြဂုတ် ၂၃ ရက်က ဖော်ပြခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နေရာအများအပြားတွင် သြဂုတ် ၂၃ ရက်က မိုးရွာသွန်းမှုရပ်တန့်သွားခဲ့ပြီး ဒါကာမြို့တော်မိုးလေဝသတာဝန်ရှိသူများ၏ ပြောပြချက်အရ အချို့နေရာများတွင် ရေများပြန်လည်ကျဆင်းသွားသော်လည်း ရေကြီးရေလျှံမှုများကို ရက်ပေါင်းများစွာ ဆက်လက်ကြုံတွေ့သွားရနိုင်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယ၏ ထရီပူရာပြည်နယ်တွင် ၂၄ နာရီအတွင်း နောက်ထပ်လူရှစ်ဦး ထပ်မံသေဆုံးခဲ့သည့်အတွက် သြဂုတ် ၁၉ ရက်နောက်ပိုင်း ရေဘေးကြောင့် သေဆုံးသူ ၁၉ ဦးအထိရှိလာခဲ့သည်ဟု အမည်မဖော်လိုသည့်ပြည် နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။အစောပိုင်းက သေဆုံးသူ ၁၁ ဦးရှိကြောင်း မီဒီယာများတွင် ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ၂၄ နာရီအတွင်း နောက်ထပ်လူခုနစ်ဦးထပ်မံသေဆုံးခဲ့သည်ဟု ဒါကာအခြေစိုက် Ekhon TV ကသြဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။အစောပိုင်းကမူ အိန္ဒိယနိုင်ငံ၏ရေစုန်မှစီးဆင်းလာသော ရေများကြောင့် လူလေးဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကျယ်ပြောသော စိုက်ခင်းဒေသများတွင် အလျင်အမြန်စီးဆင်းနေသောရေများ ဖုံးလွှမ်းနေခြင်းကြောင့် နေအိမ်များ၊မွေးမြူရေးတိရစ္ဆာန်များနှင့် ကောက်ပဲသီးနှံများကို ဆုံးရှုံးခဲ့ရပြီး လူသုံးသန်းခန့် အားကိုးရာမဲ့ဖြစ်နေ သည်ဟု ဘင်္ဂလားဒေ့ရှ်၏ အစိုးရမဟုတ်သော အဖွဲ့အစည်း BRAC ကဆိုသည်။

လူအများစုသည် လျှပ်စစ်မီး၊ အစားအစာ သို့မဟုတ် ရေရရှိခြင်းမရှိဟုဆိုသည်။အခြားမီဒီယာများတွင် ဖော်ပြချက်အရ လူသန်း ၁၇၀ ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူ၄ ဒသမ ၅ သန်းသည် ရေဘေးအန္တရာယ်ကြုံ တွေ့နေသည်ဟုဆိုသည်။

ပရဟိတအဖွဲ့အများအပြားက အကူအညီများကို တောင်းခံခဲ့ကြပြီး ဒါကာတက္ကသိုလ် ရှိကျောင်းသားအဖွဲ့တစ်ဖွဲ့က အစာခြောက်၊ ငွေသား၊သောက်သုံးရေနှင့်ဆေးဝါးများကို လိုက်လံစုဆောင်း အလှူခံခဲ့ကြသည်။

အိန္ဒိယနိုင်ငံ ထရီပူရာပြည်နယ်တွင် ကယ်ဆယ်ရေးစခန်း ၄၀ ကျော်၌လူတစ်သိန်းဝန်းကျင် ခိုလှုံလျက်ရှိသည်ဟုအာဏာပိုင်များက ပြောကြားခဲ့သည်။ပြည်နယ်၏ခရိုင် ရှစ်ခုတွင် လူ ၁ ဒသမ ၇ သန်းခန့် ရေဘေးအန္တရာယ်ကြုံတွေ့နေကြသည်ဟုဆိုသည်။

ပြည်နယ်ဝန်ကြီးချုပ်မာနစ်ဆာဟာက အခြေအနေကိုအကဲဖြတ်ရန် ဝေဟင်မှကြည့် ရှုစစ်ဆေးခဲ့သည်။

BRAC ၏ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ မြို့ပြဖွံ့ဖြိုးမှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားရေးမှူး လီယာကက်အလီက ယင်းသည်နှစ်ပေါင်း ၃၀ အတွင်း ဘင်္ဂလားဒေ့ရှ်တွင် အဆိုးရွားဆုံးရေ လွှမ်းမိုးမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ရွာတွေအားလုံးက မိသားစုဝင်တွေ အားလုံးသူတို့ပိုင်ဆိုင်တဲ့ နေအိမ်တွေ၊မွေးမြူရေးတိရစ္ဆာန်တွေ၊ လယ်ယာမြေတွေ၊ငါးဖမ်းလုပ်ငန်းတွေအားလုံး ဆုံးရှုံးသွားခဲ့ရပါတယ်။ လူတွေက ဒါတွေကို သိမ်းဆည်းကယ်တင်နိုင်ဖို့ အချိန်တောင်မရခဲ့ဘူး။ နိုင်ငံတစ်ဝန်းမှာ ကူကယ်ရာမဲ့သူတွေအများကြီးရှိနေပြီးမိုး ဆက်လက်ရွာသွန်းနေရင်တော့ နေရာအများစုမှာ အခြေအနေတွေက ပိုဆိုးလာဖို့ပဲရှိပါတယ်”ဟု ၎င်းကဆိုသည်။

သြဂုတ် ၂၂ ရက်ညအချိန်တွင် ကူလ်မီလာခရိုင်ရှိ ဂွမ်တီမြစ်တွင် မြစ်ကမ်းပါးကျိုးမှုကြောင့် အနိမ့်ပိုင်းရှိ ကျေးရွာ ၁၀၀ ခန့်တွင် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ကြောင်း ဒါကာအခြေစိုက် Business Standard သတင်းစာတွင် သြဂုတ် ၂၃ ရက်ကဖော်ပြခဲ့သည်။

Ref: AP

Most Read

Most Recent