ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်လူ မယ်ရီနိုကို ခေါ်ယူရန် အာဆင်နယ်အသင်း သဘောတူညီမှုရရှိခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ (၄)နှစ်စာချုပ် ချုပ်ဆိုမည်

ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်လူ မယ်ရီနိုကို ခေါ်ယူရန် အာဆင်နယ်အသင်း သဘောတူညီမှုရရှိခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ (၄)နှစ်စာချုပ် ချုပ်ဆိုမည်
Photo: Goal
Photo: Goal
Published 23 August 2024

အာဆင်နယ်အသင်းသည် ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်ကစားသမား မီခေးလ်မယ်ရီနိုကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ (၄)နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် မယ်ရီနို(၂၈ နှစ်)ကို ခေါ်ယူရန် ပြီးခဲ့သည့် ဇူလိုင်လကတည်းက ကြိုးပမ်းနေခဲ့ခြင်းဖြစ်ပြီး ကစားသမားကလည်း အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိခဲ့သည်။

မယ်ရီနိုသည် ၂၀၁၇-၁၈ ရာသီ၌ နယူးကာဆယ်အသင်းတွင် ပြောင်းရွှေ့ကစားခဲ့ဖူးသူဖြစ်ပြီး ယင်းမတိုင်မီ ဒေါ့မွန်အသင်းတွင် ကစားခဲ့ဖူးသူလည်းဖြစ်သည်။

သို့ သော် ပြည်ပကလပ်များတွင် အဆင်မပြေသည့်အတွက် ဆိုစီဒက်အသင်းနှင့်အတူ လာလီဂါ၌ ပြန်လည်အခြေချခဲ့ခြင်းဖြစ်သည်။

ဆိုစီဒက်အသင်းတွင် အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သလို၊ ယူရို-၂၀၂၄ ပြိုင်ပွဲတွင်လည်း ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် အာဆင်နယ်အသင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် မယ်ရီနိုကို ကနဦးပြောင်းရွှေ့ကြေး ယူရို(၃၃.၅)သန်းနှင့် Add-ons ကြေး ယူရို(၅)သန်းပေးချေရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာချုပ်သက်တမ်းအားဖြင့် ၂၀၂၈ ခုနှစ်အထိ ချုပ်ဆိုသွားမည်ဖြစ်သည့်အပြင် တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည့် သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဘရန့်ဖို့ဒ်အသင်းမှ အငှားခေါ်ယူထားသည့် စပိန်ဂိုးသမား ရာယာကို အပြီးသတ်စာချုပ်ချုပ်ဆိုခြင်းနှင့် ဘိုလော့ဂ်နာအသင်းမှ အီတလီနောက်ခံလူ ကာလာဖီအိုရီကို ခေါ်ယူခြင်းသာ ပြုလုပ်ထားသည့်အတွက် မယ်ရီနိုမှာ ၎င်းတို့အတွက် တတိယမြောက်အပြောင်းအရွှေ့လှုပ်ရှားမှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် တိုက်စစ်မှူးအသစ် အားဖြည့်ခေါ်ယူသင့်ကြောင်း အကြံပြုမှုများရှိနေသော်လည်း ကစားသမားသစ် ထပ်မံခေါ်ယူဖွယ်မရှိတော့ကြောင်း သိရသည်။

Most Read

Most Recent