အာဏာရှင်အစိုးရ ၅၅ ခုက အစိုးရဆန့်ကျင်သူများကို ဖိနှိပ်မှုများ လုပ်ဆောင်နေသည်ဟု Freedom House ထုတ်ပြန်

အာဏာရှင်အစိုးရ ၅၅ ခုက အစိုးရဆန့်ကျင်သူများကို ဖိနှိပ်မှုများ လုပ်ဆောင်နေသည်ဟု Freedom House ထုတ်ပြန်
၂၀၂၁ ခုနှစ် သြဂုတ်လထဲတွင် ကိယက်ဗ်မြို့ရှိ ဘီလာရုစ်သံရုံးရှေ့၌ နိုင်ငံကူးလက်မှတ်ကိုင်ကာ ဆန္ဒပြနေသော(ယူကရိန်းရောက်) ဘီလာရုစ်နိုင်ငံသားများကို တွေ့ရစဉ်(Photo: AFP)
၂၀၂၁ ခုနှစ် သြဂုတ်လထဲတွင် ကိယက်ဗ်မြို့ရှိ ဘီလာရုစ်သံရုံးရှေ့၌ နိုင်ငံကူးလက်မှတ်ကိုင်ကာ ဆန္ဒပြနေသော(ယူကရိန်းရောက်) ဘီလာရုစ်နိုင်ငံသားများကို တွေ့ရစဉ်(Photo: AFP)
Published 22 August 2024

ကမ္ဘာတစ်ဝန်းရှိ အနည်းဆုံးအစိုးရ ၅၅ ခုသည် နိုင်ငံရေးဆိုင်ရာပြိုင်ဘက်များဟု ယူဆထားသူများကို ၎င်းတို့၏ဖိနှိပ်သော နည်းဗျူဟာများအရ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းကို အသုံးပြုနေကြသည်ဟု သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ သိရသည်။

နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်း၊ ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ နိုင်ငံကူးလက်မှတ်များကို သိမ်းယူထားခြင်း၊ ကောင်စစ်ဝန်ဆိုင်ရာဝန်ဆောင်မှုများကို ငြင်းပယ်ခြင်းတို့သည်  ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခံထားရသူများ၏ လွတ်လပ်သော သွားလာခွင့်တို့ကို ကန့်သတ်ရန် အာဏာရှင်အစိုးရတို့ကအသုံးပြုသော နည်းလမ်းများထဲတွင် ပါဝင်နေသည်ဟု အစီရင်ခံစာကိုထုတ်ပြန်ခဲ့သော Freedom House က ဖော်ပြခဲ့သည်။

ယခုအစီရင်ခံစာကို ဘီလာရုစ်၊ အိန္ဒိယ၊ နီကာရာဂွါ၊ ရဝမ်ဒါ၊ ဆော်ဒီအာရေဗျတို့မှလူ ၃၁ ဦးကို အင်တာဗျူးထားသည့်အချက်များအား တစ်စိတ်တစ်ပိုင်းအခြေခံ၍ ပြုစုထားခြင်းဖြစ်သည်ဟု Freedom House က ဆိုသည်။ ထိုလူများသည် သွားလာခွင့်ပိတ်ပင်ခံရခြင်းကို ကိုယ်တွေ့ကြုံရသူများဖြစ်သည်ဟုု ဖော်ပြထားသည်။

အစီရင်ခံစာထဲတွင် ကိုးကားဖော်ပြခံရသော အစိုးရများသည် နိုင်ငံရေးလှုပ်ရှား ပြောင်းလဲမှု သို့မဟုတ် အစိုးရဆန့်ကျင်မှုတို့အတွက် အပြစ်ပေးသည့်အနေဖြင့်ဖော်ပြပါနည်းလမ်းလေးခုထဲက အနည်းဆုံးတစ်ခုကို အသုံးပြုသည်ဟု ဒီမိုကရေစီကိုမြှင့်တင် အားပေးနေသော အမေရိကန် အန်ဂျီအိုအဖွဲ့ Freedom House က ဖော်ပြခဲ့သည်။

“အာဏာရှင်တွေဟာ ပြိုင်ဘက်လို့ ယူဆထားသူတွေ ပွင့်ပွင့်လင်းလင်း ပြောဆိုတာကို ဟန့်တားဖို့ ဖြစ်နိုင်သမျှနည်းလမ်းမှန်သမျှကို ရှာဖွေနေကြပါတယ်”ဟု Freedom House ၏ယာယီဥက္ကဋ္ဌ နီကိုးလ်ဘစ်ဘင်ဆီဒါကာက ပြောကြားခဲ့သည်။

“သွားလာခွင့် ကန့်သတ်တာတွေ၊ နိုင်ငံရေးဆိုင်ရာ ထောင်ချမှုတွေ၊ နိုင်ငံဖြတ်ကျော်လုပ်ဆောင်တဲ့ ဖိနှိပ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုသတိထားတာမျိုးမရှိဘူး၊ ပူးပေါင်းကြိုးပမ်းတာမျိုးမရှိဘူးဆိုရင် အစိုးရဆန့်ကျင်သူတွေကို နှုတ်ပိတ်ဖို့နဲ့အခြေခံလူ့အခွင့်အရေးတွေကို ချိုး ဖောက်ဖို့ အဲဒီနည်းလမ်းတွေကို အသုံးပြုတာဟာ ပိုများလာဖို့သာရှိပါလိမ့်မယ်”ဟု ဆီဒါကာက ပြောကြားခဲ့သည်။

အထင်ကရ ဥပမာတစ်ခုမှာ ၂၀၁၈ ခု နှစ် အောက်တိုဘာလတွင် ဆော်ဒီဂျာနယ်လစ် ဂျာမယ်ခါရှိုဂျီ လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်သည်ဟု ဆိုသည်။ ထိုစဉ်က ခါရှိုဂျီသည် စေ့စပ်ထားသည့် တူရကီနိုင်ငံသူကို လက် ထပ်ရန်လိုအပ်သော စာရွက်စာတမ်းများအား အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးတွင် သွားယူသည့်အခါ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

၂၀၂၃ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသား ၂၂၂ ဦးကို နီကာရာဂွါ၏ အမေရိကန်ပြည် ထောင်စုသို့ ပြည်နှင်ဒဏ်ပေးမှုကိုလည်း Freedom House က ကိုးကားဖော်ပြခဲ့သည်။ ထိုစဉ်ကအဆိုပါ နိုင်ငံရေးအကျဉ်းသားများသည် နိုင်ငံသားဖြစ်မှု ရုပ်သိမ်းခံခဲ့ရသည်။

“ကျွန်တော်က နီကာရာဂွါမှာ တရားဝင်မှတ်ပုံတင်မရှိပါဘူး။ ကျွန်တော်ရဲ့သားသမီးတွေဟာလည်း အဖေ ဒါမှမဟုတ် အမေမရှိပါဘူး။ အကြောင်းကတော့ သူတို့ရဲ့အဖေနဲ့အမေတို့မရှိတာကြောင့်ဖြစ်ပါတယ်”ဟု နီကာရာဂွါတွင် Confidential ဟူသော သတင်းဝက်ဆိုက်ကိုတည်ထောင်ထားသူ ကားလို့စ်ဖာနန်ဒိုခါမော်ရိုက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပိုင်တဲ့ပစ္စည်းအားလုံး အသိမ်းခံခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့အိမ်၊ ကျွန်တော်တို့ပိုင်တဲ့ပစ္စည်းအားလုံး၊ ကျွန်တော်တို့ရဲ့အငြိမ်းစား ပင်စင်အားလုံးအသိမ်းခံရတာဖြစ်ပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

ယူကေအခြေစိုက်သည့် ဟောင်ကောင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ခြောက်ဦးသည် ဇွန်လထဲတွင် နိုင်ငံကူးလက်မှတ်များပယ်ဖျက်ခံခဲ့ရသည်ဟု ဆိုသည်။

Ref: AFP

Most Read

Most Recent