ထိုင်ဝမ်သည် တရုတ်၏ တစ်ခုတည်းသောပစ်မှတ် မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား

ထိုင်ဝမ်သည် တရုတ်၏ တစ်ခုတည်းသောပစ်မှတ် မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား
သြဂုတ် ၂၁ ရက်က တိုင်ပေမြို့တော်တွင်ပြုလုပ်သည့် Ketagalan ဖိုရမ်တွင် အမှာစကားပြောကြားနေသည့် ထိုင်ဝမ်သမ္မတလိုင်ကို တွေ့ရစဉ်(Photo:Reuters)
သြဂုတ် ၂၁ ရက်က တိုင်ပေမြို့တော်တွင်ပြုလုပ်သည့် Ketagalan ဖိုရမ်တွင် အမှာစကားပြောကြားနေသည့် ထိုင်ဝမ်သမ္မတလိုင်ကို တွေ့ရစဉ်(Photo:Reuters)
Published 22 August 2024

ထိုင်ဝမ်သည် တရုတ်၏ တစ်ခုတည်းသော ပစ်မှတ်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်က သြဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့ပြီး တရုတ်၏ အင်အားချဲ့ထွင်မှုကို ထိန်းချုပ်ဟန့်တားရန်အတွက် စည်းလုံးညီ ညွတ်ကြရန် ဒီမိုကရေစီနိုင်ငံများကို တိုက်တွန်းခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်သီးအရာရှိတစ်ဦးကလည်း တရုတ်အစိုးရသည် ထိုင်ဝမ်နှင့် အလုံးစုံ ပြန်လည်ပေါင်းစည်းရေးအတွက် ယုံကြည်ချက်ရှိကြောင်း သြဂုတ် ၂၀ ရက်က ပြောကြားခဲ့သည်။

တိုင်ပေမြို့တော်တွင် အင်ဒို-ပစိဖိတ်ဒေသအရေးနှင့်ပတ်သက်ပြီး နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် Ketagalan ဖိုရမ်တွင် လိုင်က အမှာစကားပြောကြားခဲ့ရာတွင် ထိုင်ဝမ်သည် တရုတ်၏ တစ်ခုတည်းသော ပစ်မှတ်  မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်ရဲ့ မြင့်တက်လာတဲ့ အာဏာရှင်စနစ်ဟာ ထိုင်ဝမ်နဲ့တင် ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ပြီးတော့ ထိုင်ဝမ်ဟာလည်း တရုတ်ရဲ့ စီးပွားရေးဖိအားတွေရဲ့ တစ်ခုတည်းသော ပစ်မှတ်မဟုတ်ပါဘူး”ဟု လိုင်က ထိုဖို ရမ်သို့ တက်ရောက်လာသည့် ၁၁ နိုင်ငံမှ ပညာရှင်များနှင့် နိုင်ငံရေးသမားများကို ပြောကြားခဲ့သည်။

“တရုတ်ဟာ စည်းမျဉ်းအခြေပြု နိုင်ငံတကာအခင်းအကျင်းကို ပြောင်းလဲဖို့ ရည်ရွယ်ထားပါတယ်။ အဲဒါကြောင့် ဒီမိုကရေစီ နိုင်ငံတွေအနေနဲ့ ခိုင်မာတဲ့ လုပ်ရပ်တစ်ခုကို အတူတကွ လုပ်ဆောင်ရပါလိမ့်မယ်။ ကျွန်တော်တို့ အတူတကွ လုပ်ဆောင်မှသာ အာဏာရှင်စနစ်ချဲ့ထွင်မှုကို ဟန့်တားနိုင်ပါလိမ့်မယ်”ဟု လိုင်က ပြောကြားခဲ့သည်။

မေ ၂၀ ရက်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် လိုင်သည် ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ကာကွယ်သည့် ရပ်တည်ချက်ကြောင့် တရုတ်က ၎င်းကို အန္တ ရာယ်များသည့် ခွဲထွက်ဝါဒီတစ်ဦးအဖြစ် တံ ဆိပ်ကပ်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်သည် ထိုင်ဝမ်အပေါ် စစ်ရေးနှင့်နိုင်ငံရေး ဖိအားများ တိုးမြှင့်ခဲ့ပြီး လိုင်၏ ကျမ်းသစ္စာ  ကျိန်ဆိုပွဲအပြီး ရက်ပိုင်းအကြာတွင် ထိုင်ဝမ် ကျွန်းပတ်ပတ်လည်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ထိုင်ဝမ်စစ်တပ်သည်လည်း ၎င်းတို့ ကျွန်းအနီးဝန်းကျင်ရှိ ရေပြင်များတွင် တရုတ်စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များကို နေ့စဉ်နီးပါး မြင်တွေ့ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် လိုင်ကမူ တရုတ်၏ စစ်အင်အားချဲ့ထွင်မှုဝါဒသည် မည်သည့်နေရာတွင် မဆိုရှိနေပြီး တောင်တရုတ်ပင်လယ်၊ အနောက်ပစိဖိတ်သမုဒ္ဒရာနှင့် ဂျပန်ပင်လယ်များတွင် ရုရှားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု များကို ထောက်ပြခဲ့သည်။

“အဲဒီလုပ်ဆောင်ချက်တွေဟာ တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ ရည်ရွယ်နေတာဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို လျော့ပါးစေပါတယ်”ဟု လိုင်က ပြောကြားခဲ့သည်။

“ထိုင်ဝမ်ဟာ ခြိမ်းခြောက်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်သွားမှာပါ”ဟု လိုင်က ပြောကြားခဲ့သည်။

ထို့ပြင်ထိုင်ဝမ်အနေဖြင့် အလျှော့ပေးခြင်း သို့မဟုတ် ရန်စခြင်းတို့ကို ပြုလုပ်မည် မဟုတ်ကြောင်းလည်း ၎င်းက ဆက်လက်   ပြောကြားခဲ့သည်။                           

Ref:AFP

Most Read

Most Recent