ဂျာမနီလက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့ပြီးနောက် ဘာစီလိုနာအသင်းမှလည်း ထွက်ခွာခွင့်ပြုရန် ဂွန်ဒိုဂန် တောင်းဆို

ဂျာမနီလက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့ပြီးနောက် ဘာစီလိုနာအသင်းမှလည်း ထွက်ခွာခွင့်ပြုရန် ဂွန်ဒိုဂန် တောင်းဆို
Photos: X
Photos: X
Published 21 August 2024

 

ဂျာမနီဝါရင့်ကွင်းလယ်လူ ဂွန်ဒိုဂန် သည် လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း အတည်ပြုကြေညာခဲ့ပြီး လက်ရှိကလပ် ဘာစီလိုနာအသင်းမှလည်း ထွက်ခွာခွင့် တောင်းထားကြောင်း သိရသည်။

ယူရို-၂၀၂၄ပြိုင်ပွဲ အိမ်ရှင်ဖြစ်ခဲ့သည့် ဂျာမနီအသင်းခေါင်းဆောင်ဖြစ်သူ ဂွန်ဒိုဂန် သည်၂၀၁၁ ခုနှစ်တွင် လက်ရွေးစင်အသင်း နှင့် ပွဲဦးထွက်ခဲ့ပြီး နိုင်ငံတကာပွဲ ၈၂ ပွဲ ကစားကာ ၁၉ ဂိုး သွင်းပေးခဲ့သည်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သူ ဂွန်ဒိုဂန်သည် ၂၀၁၁ အောက်တိုဘာလက ဘယ်လ်ဂျီယံနှင့်ပွဲတွင် လက်ရွေးစင်ကစားသမားဘဝ ပွဲဦးထွက်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့သည့် ၂၀၁၄ ကမ္ဘာ့ ဖလားပြိုင်ပွဲကို ကျောဒဏ်ရာကြောင့် လွဲချော်ခဲ့ရကြောင်း သိရသည်။ 

"ရက်သတ္တပတ် အနည်းငယ် သုံးသပ်ပြီးနောက်မှာ ကျွန်တော့် လက်ရွေးစင်ကစားသမားဘဝ အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်ချမှတ်မယ့်အချိန် ရောက်လာခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ မိခင်နိုင်ငံအတွက် ၈၂ ပွဲ ကစားခွင့်ရခဲ့တာဟာ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီကိန်းဂဏန်းဟာ ၂၀၁၁ ခုနှစ်မှာ စီနီယာလက်ရွေးစင်အသင်းမှာ ပွဲဦးထွက်ခဲ့ချိန်က အိပ်မက်တောင် မမက်ခဲ့ပါဘူး။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ယူရိုပြိုင်ပွဲမှာ နိုင်ငံအတွက် ဂုဏ်ယူစရာနောက်ထပ်ဖြစ်ဖို့ စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီအသင်းရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ကစားခွင့်ရခဲ့လို့ ကျွန်တော် အရမ်းပျော်ပါတယ်"ဟု ဂွန်ဒိုဂန်က သူ၏လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။ 

ဂျာမန်ဘောလုံးအဖွဲ့ချုပ် (DFB) ကလည်း ဂွန်ဒိုဂန် လက်ရွေးစင်သမားဘဝမှ အနားယူသွားမှုအတွက် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အရာရာတိုင်းအတွက် ကျေးဇူးတင်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။ ဂွန်ဒိုဂန်သည် လက်ရှိကလပ် ဘာစီလိုနာအသင်းတွင် တစ်ရာသီသာ ကစားထားရသော် လည်း အသင်းမှ ထွက်ခွာခွင့် တောင်းခံထားကြောင်း သိရသည်။ 

၎င်းအနေဖြင့် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်း နှစ်နှစ် ကျန်နေသေးသော်လည်း သင့်တော်သည့် ကမ်းလှမ်းမှုရှိလာခဲ့လျှင် အသင်းမှ ထွက်ခွာခွင့်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် နွေရာသီက ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဘာစီလိုနာအသင်းသို့ ရောက်ရှိလာခဲ့သူ  ဂွန်ဒိုဂန်သည် လက်ရှိတွင် အသင်းဟောင်း မန်စီးတီးအသင်းအပါအဝင် အင်္ဂလန်၊ စပိန်၊ တူရကီ၊ ဆော်ဒီအာရေဗျစသည့်နိုင်ငံများမှ ကလပ်များစွာနှင့်  သတင်းထွက်နေကြောင်း သိရသည်။

Most Read

Most Recent