■ လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ပြီးနောက် အထူးဒေသ (၁) အတွင်း ထည့်သွင်းသတ်မှတ်ပြီး အုပ်ချုပ်ရေး လုပ်ငန်းများ လည်ပတ်နေ

■ လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ပြီးနောက် အထူးဒေသ (၁) အတွင်း ထည့်သွင်းသတ်မှတ်ပြီး အုပ်ချုပ်ရေး လုပ်ငန်းများ လည်ပတ်နေ
Published 20 August 2024

လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းပိုက်ပြီးနောက် အထူးဒေသ (၁) အတွင်း ထည့်သွင်းသတ်မှတ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ စတင်လည်ပတ်နေကြောင်း ၎င်းတို့အဖွဲ့၏ ထုတ်ပြန်ပြောဆိုမှုများအရ သိရသည်။ 

 လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အား သြဂုတ် ၃ ရက်တွင် MNDAA အဖွဲ့က  သိမ်းပိုက်ရ ရှိကြောင်း ၎င်းတို့အဖွဲ့ကကြေညာပြီး သည့်နောက် လားရှိုး မြို့အတွင်းတွင် အုပ်ချုပ် ရေးလုပ်ငန်းများ လည်ပတ်ရန် လုပ်ဆောင် လာသည်ကို တွေ့ရသည်။

မြောက်ပိုင်းသုံးဖွဲ့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်၍ ၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးထားသည့် စစ်ဆင် ရေးကိုပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ကြီးငယ်များဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံက ရှမ်းမြောက်တိုက်ပွဲများအား နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် အမြန် ဆုံးအပစ်အခတ်ရပ်စဲပြီး နှစ်ဖက်တွေ့ဆုံဆွေး နွေးရန် တိုက်တွန်းခဲ့ပြီးနောက် ၎င်းတို့၏ကြားဝင်ဆောင်ရွက်မှုဖြင့် နစက၏ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့သည် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက် ၂၀၂၄ ဇန်နဝါရီလအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကာ ၎င်းတို့သိမ်းပိုက်ခဲ့သည့် မြို့များကိုလည်း ထိန်းချုပ်ခဲ့သည်။ 

ထို့နောက် ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြန်စသည်ဟု ဆိုကာ TNLA အဖွဲ့က မိုး ကုတ်၊ နောင်ချို၊ သီပေါတစ်ဝိုက်တွင်လည်း ကောင်း၊ TNLA နှင့်ပူးပေါင်းထားသည့် MDY PDF က မတ္တရာ-စဉ့်ကူးတွင်လည်းကောင်း လုံခြုံရေးစခန်းများတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ဇူလိုင် ၃ ရက်တွင် MNDAA အဖွဲ့နှင့် ပူးပေါင်းအဖွဲ့က အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ) တည်ရှိရာ လားရှိုးမြို့အနီးတစ်ဝိုက်ရှိ တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့သည်။

ထို့နောက် MNDAA အဖွဲ့သည်  ဇူလိုင် ၂၅ ရက်တွင် အရှေ့မြောင်တိုင်းစစ်ဌာချုပ်(ရမခ)ကို သိမ်းပိုက်ရရှိခြင်းမရှိသေးသော်လည်း သိမ်းပိုက်ရရှိသည်ဟုဆိုကာသတင်းထုတ်လွှင့်ခဲ့ပြီး ယင်းနောက် ရမခအား ဆက်လက်တိုက်ခိုက်ရာ သြဂုတ် ၃ ရက်တွင် ရမခအား သိမ်းပိုက်ရရှိကြောင်း ဓာတ်ပုံများဖြင့် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် လားရှိုးဒေသခံအများစုမှာ နေရပ်ပြန်နေထိုင်နိုင်ခြင်းမရှိသေးသော်လည်း ယခုအခါ လားရှိုးတွင် အုပ်ချုပ်ရေးလုပ်ငန်းများ စတင်နေပြီး လားရှိုးဆေးရုံကြီးတွင် လူမျိုးဘာသာ မရွေး ဆေးကုသပေးနေသည်ဟုဆိုကာ ထုတ်ပြန်မှုများ ပြုလုပ်လာသည်။

လားရှိုးဆေးရုံကြီးအား အထူးဒေသ(၁) အမှတ်(၁) ဆေးရုံ အမည်ဖြင့် သြဂုတ် ၁၁ ရက်မှစတင်ကာ လည်ပတ်နေကြောင်းနှင့် အထူးဒေသ(၁)အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို CDM ကျန်းမာရေးဝန်ထမ်းအများစုဖြင့် လည်ပတ်နေကြောင့် အထူးဒေသ(၁) ကျန်းမာရေးဌာနတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ရုပ်သံဖိုင် MNDAA ထုတ်ပြန်ထားမှုအရ သိရသည်။

ထို့ပြင် လားရှိုးမြို့အပါအဝင် အထူးဒေသ ၁ တစ်ခုလုံးတွင် ကျန်းမာရေးဝန်ထမ်း ၅၀၀ ခန့်ဖြင့် လည်ပတ်နေသည်ဟု MNDAA အဖွဲ့က ထုတ်ပြန်သည်။

တရုတ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်  နေ ပြည်တော်သို့ သြဂုတ် ၁၄ ရက်က ရောက်ရှိခဲ့သည့် ခရီးစဉ်တွင် နစကဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် တရုတ်နိုင်ငံအ နေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အ ချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို အခိုင် အမာထောက်ခံပြီး ရှမ်းပြည်နယ်မြောက်ပိုင်း တွင် EAO အဖွဲ့များ၏ တိုက်ခိုက်မှု ဖြစ်စဉ် များကို ဆန့်ကျင်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိက ထည့်သွင်းပြောကြားခဲ့ သည်။ ထို့ပြင် ဩဂုတ် ၁၆ ရက်က ချင်းမိုင်၌ ပြုလုပ်ခဲ့သည့် ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပွဲ အပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင်လည်း မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံက လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ်မှုနှင့် နယ်မြေတည်တံ့မှုအား ကာကွယ်ထိန်းသိမ်းမှုကို မိမိတို့ထောက်ခံအားပေးပါကြောင်း၊ မြန်မာနိုင်ငံက ပြည်တွင်းတည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများလူနေမှုဘဝ တိုးတက်ကောင်းမွန်လာမှုအား ဖော်ဆောင်ရန်ကြိုးပမ်းမှုကို ထောက်ခံအားပေးပါကြောင်း၊ မြန်မာနိုင်ငံက “ရှေ့လုပ်ငန်းစဉ်ငါးရပ်” အသစ်အတိုင်း မြန်မာနိုင်ငံ အခြေခံဥပဒေမူဘောင်အတွင်း၌ ပြည်တွင်းနိုင်ငံရေးပြန်လည်သင့်မြတ်မှုကိုဖော်ဆောင်၍ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်ရန် ထောက်ခံအားပေးပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံပြည်တွင်း၌ ပြည်တွင်းမတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ပွဲဖြစ်ပွားမှုအား လှုံ့ဆော်သည့်အပြုအမူကို ဆန့်ကျင်ပါကြောင်း၊ ဒေသပြင်ပအင်အားစုက မြန်မာနိုင်ငံ ပြည်တွင်းရေးတွင် တမင်ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း တို့ကိုထည့်သွင်းပြောကြားခဲ့သည်။

လားရှိုးမြို့တွင် MNDAA အဖွဲ့က ဝင်ရောက် တိုက်ခိုက်သည့် ကာလအတွင်း "ဝ'' အဖွဲ့သည် လားရှိုးမြို့အတွင်း ရောက်ရှိလာပြီး အဆိုပါ တိုက်ပွဲများအတွင်း ''ဝ''အဖွဲ့ပါဝင်ခြင်းရှိ မရှိ မသိရသော်လည်း လက်ရှိအချိန်အထိ ''ဝ''အဖွဲ့အ နေဖြင့် လားရှိုးမြို့တွင် ဝင်ရောက်နေရာယူ ထားသည့် အခြေအနေဖြစ်ကာ တစ်ဖက်တွင်လည်း MNDAA အဖွဲ့က လားရှိုးမြို့ အား အထူး ဒေသ (၁) အတွင်း ထည့်သွင်းကြောင်း ကြေညာထားသည်။

ရှမ်းပြည်နယ် အထူးဒေသ(၁)သည် ယခင် တပ်မတော် အစိုးရလက်ထက်က ကိုးကန့်ဒေသကို သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါသတ်မှတ်ချက်တွင် လားရှိုးမြို့ ပါဝင် ခြင်းမရှိပေ။ 

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ကိုးကန့်ဒေသများဖြစ်သည့် ရှမ်းပြည် နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့ နယ်တို့ကို စုစည်း၍ ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားသည်။

ယင်းအပြင်း ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံအရ ဖြစ်ပေါ် လာသည့် လွှတ်တော်များတွင်လည်း ကိုး ကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှနေ၍ မဲ ဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စား လှယ်များလည်း ထွက်ပေါ်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီး.သို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်လိုပါက လုပ်ဆောင်ရမည့် ပြဌာန်းချက်များကို ပုဒ်မ ၅၃ တွင် ထည့်သွင်းပြဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃  တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကို ပြင်ဆင် သတ်မှတ်ရန် အကြောင်းပေါ်ပေါက်လာပါက ယင်းနယ်နိမိတ်နှင့် အကျုံးဝင် သည့် မြို့နယ်အတွင်း နေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒသဘောထားကို ဦးစွာပထမရယူရမည်၊  ယင်းသို့ရယူသည့်အခါ ယင်းမြို့နယ်အတွင်း နေထိုင်ကြသည့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲမရလျှင် ယင်းနယ်နိမိတ် ပြင်ဆင်သတ်မှတ်ခြင်းကို ဆောင်ရွက်ခြင်း လုံးဝမပြုရ၊ ယင်းမြို့နယ်အတွင်း နေထိုင်ကြသောဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော်က နယ်နိမိတ်ပြင်ဆင်သင့်ကြောင်း ထောက်ခံဆန္ဒမဲပေးလျှင် ယင်းနယ်နိမိတ်နှင့် အကျုံးဝင်သည့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒရယူရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အတူ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံသုံးပုံနှင့်အထက် ထောက်ခံဆန္ဒမဲရရှိလျှင် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ကိုရယူပြီး နိုင်ငံတော်သမ္မတက တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ပေးရမည်၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်က နယ်နိမိတ်ပြင်ဆင်ရန် သဘောမတူကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရမည်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ လေးပုံသုံးပုံနှင့် အထက်က နယ်နိမိတ်ပြင်ဆင်သင့်ကြောင်း ထောက်ခံဆန္ဒမဲပေးလျှင် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရမည်ဟု ပုဒ်မ ၅၃ တွင်ဖော်ပြထားသည်။

ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ တွင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေး ရမည်ဟု ပြဌာန်းထားသည်။

သို့ဖြစ်ရာ လက်နက်ကိုင် အဖွဲ့များအနေဖြင့် မြို့များတိုက်ခိုက်သိမ်းပို၍ နယ်‌မြေသတ်မှတ်ရေး ကိုယါပိုင် အုပ်ချုပ်ရေး ဆောင်ရွက်နေခြက်းများမှာ ဥပဒေအရ ကိုက်ညီမှုမရှိကြောင်း သုံးသပ်မှု များလည်းရှိနေသည်။

 MNDAA အဖွဲ့အနေဖြင့် လားရှိုးမြို့ကို အထူးဒေသ(၁)အတွင်း ထည့်သွင်း ၍ အုပ်ချုပ်မှု ပုံစံထုတ်ပြန် ဆောင်ရွက်နေကြောင်း သတင်းပျံ့နှံ့နေမှုများနှင့်ပတ်သက်၍ နစက အနေဖြင့် မည်သို့သဘောထားမှတ်ချက်ပေး လိုကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ သို့ Eleven Media Group အနေဖြင့် သြဂုတ် ၁၉ ရက် ညပိုင်းတွင် မေးခွန်းမေးမြန်းထားပြီး လက်ရှိအချိန်ထိ ဖြေကြားထားခြင်း မရှိသေးပေ။

 

Most Read

Most Recent