အရှေ့အလယ်ပိုင်းဒေသတွင် အီရန်က တိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်သည့် အခြေအနေအတွက် အမေရိကန်က အသင့်ပြင်ဆင်ထားသည်ဟု အိမ်ဖြူတော် ပြောကြား

အရှေ့အလယ်ပိုင်းဒေသတွင် အီရန်က တိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်သည့် အခြေအနေအတွက် အမေရိကန်က အသင့်ပြင်ဆင်ထားသည်ဟု အိမ်ဖြူတော် ပြောကြား
ဇူလိုင် ၂၅ ရက်က အိမ်ဖြူတော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ကာဘီကို တွေ့ရစဉ်(Photo: Reuters)
ဇူလိုင် ၂၅ ရက်က အိမ်ဖြူတော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ကာဘီကို တွေ့ရစဉ်(Photo: Reuters)
Published 13 August 2024

အစောဆုံးအနေဖြင့် ယခုသီတင်းပတ်ထဲတွင် အီရန် သို့မဟုတ် ၎င်း၏မဟာမိတ်လက်နက်ကိုင်အဖွဲ့များက ကြီးကြီးမားမားတိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်သည့် အခြေအနေအတွက် အမေရိကန်ကအသင့် ပြင်ဆင်ထားကြောင်း အိမ်ဖြူတော်၏အမျိုးသားလုံခြုံရေးဆိုင်ရာ ပြောခွင့်ရ ဂျွန်ကာဘီက သြဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။  

အမေရိကန်က အရှေ့အလယ်ပိုင်းဒေသတွင် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်မှုကို တိုးမြှင့်ထားကြောင်းနှင့် ပြီးခဲ့သည့်လက တီဟီရန်တွင် ဟားမာ့စ်အဖွဲ့၏ ခေါင်းဆောင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုကို အစ္စရေးက လုပ် ဆောင်ခဲ့သည်ဟု အီရန်နှင့် ဟားမာ့စ်အဖွဲ့က စွပ်စွဲထားသည့်အတွက် အီရန်က ကျော ထောက်နောက်ခံပေးထားသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာမည်ကို အစ္စရေးနည်းတူ စိုးရိမ်လျက်ရှိကြောင်း ကာဘီက ဆိုသည်။

“ဖြစ်ပွားနိုင်တဲ့ အချိန်ကာလနဲ့ပတ်သက်ပြီး အစ္စရေးတာဝန်ရှိသူတွေနည်းတူ မိမိတို့အနေနဲ့လည်း စိုးရိမ်နေပြီး သူတို့မျှော်လင့်သလိုပဲ မျှော်လင့်ထားပါတယ်။ အခုသီတင်းပတ်ထဲမှာ ဖြစ်လာနိုင်တယ်” ဟု ၎င်းက သတင်း ထောက်များကို ပြောကြားခဲ့သည်။

“မိမိတို့အနေနဲ့ တိုက်ခိုက်မှုကြီးကြီးမားမား ဖြစ်လာနိုင်တဲ့ အခြေအနေအတွက် အ သင့်ပြင်ဆင်ထားရမှာဖြစ်တယ်” ဟု ကာဘီက ပြောကြားသည်။

ပြီးခဲ့သည့်လတွင် အစ္စရေးသိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့်ဒေသ၌ ဖြစ်ပွားခဲ့သော ဒုံးကျည်တိုက်ခိုက်မှုကြောင့် လူငယ် ၁၂ ဦးသေဆုံးမှုအပေါ် အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း ဘေရွတ်မြို့ရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ အကြီးတန်းတပ်မှူးတစ်ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း တိုက်ခိုက်မှုကြီး ဖြစ်လာနိုင်သည့် အခြေအနေအတွက် အစ္စရေးက ပြင်ဆင်မှုများ လုပ်ဆောင်ထားသည်။

ထိုစစ်ဆင်ရေးလုပ်ဆောင်ပြီး တစ်ရက်အကြာတွင် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမာ့စ်၏ နိုင်ငံရေးခေါင်းဆောင် ဟာနီယက်လုပ်ကြံသတ်ဖြတ်ခံရသည့်အတွက် အစ္စရေးကို လက်တုံ့ပြန်မည်ဟု အီရန်က အခိုင်အမာ ပြောဆိုထားသည်။

“ဧပြီလတုန်းကလိုမျိုး အစ္စရေးက နောက်ထပ်ပြင်းထန်တဲ့ တိုက်ခိက်မှုတစ်ခုကို သူတို့ဘာသာ ကာကွယ်နေရတာမျိုးကို ကျွန်တော်တို့ မဖြစ်စေချင်ပါဘူး။ ဒါပေမဲ့သူတို့ကို တိုက်ခိုက်လာရင်တော့ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဖို့ ကျွန်တော်တို့တွေ ဆက်လက်ကူညီသွားမှာဖြစ်တယ်” ဟုကာဘီက ဆိုသည်။

အရှေ့အလယ်ပိုင်းဒေသ၌ တပ်ဖြန့်မှုများကို အရှိန်မြှင့်လုပ်ဆောင်သည့်အနေဖြင့် ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘောတစ်စင်းနှင့် လေယာဉ်တင်သင်္ဘောကြီး အေဘရာဟမ်လင်ကွန်း ဦးဆောင်သော တိုက်ခိုက်ရေးစစ်ရေယာဉ်စုအား ၎င်းဒေသသို့ စေလွှတ်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော် စတင်ကညွှန်ကြားထားသည်ဟု ပင်တဂွန်က သြဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ဂါဇာဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ရေးအတွက် သဘောတူညီမှုတစ်ရပ်ရယူရန်နှင့် အီရန်နှင့် ၎င်း၏လက်ဝေခံ လက်နက်ကိုင်အဖွဲ့များနှင့် အစ္စရေးအကြား ပိုမိုကျယ်ပြန့်သော ဒေသတွင်းစစ်ပွဲတစ်ခုအဖြစ် ရောက်ရှိလာမအောင်တားဆီးရန် နိုင်ငံတကာက တွန်းအားပေးနေသည့်ကြားတွင် အစ္စရေး စစ်တပ်က ဂါဇာတောင်ပိုင်းရှိခန်းယူနစ် မြို့အနီး၌ စစ်ဆင်ရေးလုပ်ဆောင်မှုများကို အရှိန်မြှင့်ခဲ့သည်။           

Ref: Reuters

Most Read

Most Recent