မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော် ခွန်ခမာပြိုင်ပွဲတွင် လာအိုဖိုက်တာ ဆင်းရိုင်ကို ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရ

မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော် ခွန်ခမာပြိုင်ပွဲတွင် လာအိုဖိုက်တာ ဆင်းရိုင်ကို ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရ
Photo: Town Full
Photo: Town Full
Published 12 August 2024

မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော်သည် ပြီးခဲ့သည့် သြဂုတ် ၉ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲတွင် လာအိုဖိုက်တာ  ဆင်းရိုင်ကို ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

Boostrong Kun Khmer King of the Ring ဟု အမည်ပေးထားသည့် ခွန်ခမာပြိုင်ပွဲကို သြဂုတ် ၉ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြိုတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော်နှင့် လာအိုဖိုက်တာ  ဆင်းရိုင်သည်  (၆၃.၅) ကီလိုတန်းတွင် ခွန်ခမာစည်းမျဉ်းအတိုင်း(၃) မိနစ်၊ (၃) ချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

စိုးမိုးဇော်သည် ပထမအချီတွင် ဘယ်ညာတွဲလုံး၊ အောက်ခြေခတ်ချက်များကိုသာ အသုံးပြုခဲ့သည်။

ဖိုက်တာနှစ်ဦးစလုံးသည် ပထမအချီတွင် အကဲစမ်းသည့်အနေဖြင့် ထိန်းထိုးနေကြသောကြောင့် ကြိုးဝိုင်းဒိုင်က နှစ်ဦးစလုံးကို သတိပေးခဲ့ရသည်။

ကြိုးဝိုင်းဒိုင်၏ သတိပေးမှုအပြီးတွင် စိုးမိုးဇော်သည် ဖိဖိစီးစီးထိုးသတ်ခဲ့ပြီး အားပါသည့် ဘယ်ခြေအမြင့်ကန်ချက်များကို ခပ်စိပ်စိပ်အသုံးပြုခဲ့သည်။

ဒုတိယအချီတွင် ဖိုက်တာနှစ်ဦးစလုံးဖွင့်ထိုးလာသောကြောင့် ပွဲမှာမြိုင်ဆိုင်ပြီး ပရိသတ်အကြိုက် ပွဲကောင်းဖြစ်ခဲ့သည်။

ဖိုက်တာနှစ်ဦးစလုံး ဆိုင်ထိုးပြိုင်ထိုးခဲ့ရာတွင် စိုးမိုးဇော်၏ အားပါသည့် ညာဝိုက်လက်သီးကြောင့် လာအိုဖိုက်တာ ဆင်းရိုင် ဘယ်မျက်လုံးအောက် ကွဲသွားပြီး သွေးများစီးကျလာခဲ့သည်။

ထို့ နောက် နှစ်ဦးစလုံး ထပ်မံဆိုင်ထိုးပြိုင်ထိုးကြရာ စိုးမိုးဇော်၏ ဘယ်ညာတွဲလုံးများက လာအိုဖိုက်တာ ဆင်းရိုင်ကို အချက်ပေါင်းများစွာ အထိနာစေခဲ့ပြီး ကြိုးဝိုင်းဒိုင်က ဝင်တားယူခဲ့ကာ စိုးမိုးဇော်ကို အလဲထိုးဖြင့် အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

စိုးမိုးဇော်နှင့် ထိုးသတ်ခဲ့သည့် လာအိုဖိုက်တာ ဆင်းရိုင်သည် အသက် (၁၇) နှစ်သာရှိသေးပြီး (၇၀) ပွဲထိုးသတ်ထားရာ (၅၇) ပွဲနိုင်၊ (၁၃) ပွဲ ရှုံးနိမ့်ထားသည်။

စိုးမိုးဇော်သည် ယခုနောက်ပိုင်းတွင်  ခွန်ခမာပြိုင်ပွဲများကိုသာ အခြေစိုက်ထိုးသတ်နေသူဖြစ်ပြီး အောင်မြင်မှုများရရှိနေသူဖြစ်သည်။

စိုးမိုးဇော်သည် ယခုပွဲမတိုင်မီ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့့်် ဇူလိုင်၂၁ ရက်က ခွန်ခမာပြိုင်ပွဲအဖြစ်(၆၃.၅) ကီလိုတန်းတွင်  လာအိုဖိုက်တာ လန်ချန်းနှင့် ဒုခေါင်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့်အနိုင်ရရှိခဲ့သည်။

စိုးမိုးဇော်သည် ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲ(၆၃.၅)ကီလိုတန်း ချန်ပီယံခါးပတ်လုပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့ပြီး တတိယနေရာလုပွဲတွင် ဒဏ်ရာဟောင်းကို ပြန်လည်ထိခိုက်မိသောကြောင့် အရှုံးပေးခဲ့ပြီး အဆင့်(၄) နေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

စိုးမိုးဇော်သည် ယင်းချန်ပီယံခါးပတ်လုပွဲတွင် ကွာတားဖိုင်နယ်အဆင့်၌ (၃) ပွဲထိုးသတ်ခဲ့ရပြီး(၂) ပွဲနိုင်၊ (၁) ပွဲရှုံးဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကာ ဆီမီးဖိုင်နယ်နှင့် တတိယလုပွဲတွင် အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာများကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

စိုးမိုးဇော်သည် (၂၀) ပွဲ ထိုးသတ်ထားရာ (၁၂) ပွဲနိုင်၊ (၈) ပွဲ ရှုံးနိမ့်ထားသည်။ 

 

Most Read

Most Recent