■ အမေရိကန်လက်ရွေးစင်အသင်း၏ နည်းပြသစ်ဖြစ်လာရန် ပိုချက်တီနို ရေပန်းအစားဆုံးဖြစ်နေ     

■ အမေရိကန်လက်ရွေးစင်အသင်း၏ နည်းပြသစ်ဖြစ်လာရန် ပိုချက်တီနို ရေပန်းအစားဆုံးဖြစ်နေ     
Photo: Getty Images
Photo: Getty Images
Published 9 August 2024

ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် အာဂျင်တီးနားနည်းပြ ပိုချက်တီနိုသည် အမေရိကန်လက်ရွေးစင်အသင်း၏ နည်းပြသစ်ဖြစ်လာရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

    

ပိုချက်တီနို(၅၂ နှစ်)သည် PSG အသင်းကို ကိုင်တွယ်စဉ် ပြင်သစ်ပြည်တွင်းဖလားများ ရယူနိုင်ခဲ့သည်မှလွဲ၍ အက်စ်ပန်ညို၊ ဆောက်သမ်တန်၊ စပါးနှင့် ချယ်လ်ဆီးအသင်းများတွင် ဆုဖလားအောင်မြင်မှု ရယူနိုင်ခြင်းမရှိခဲ့သော်လည်း ထိပ်တန်းနည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ၎င်းကို ခေါ်ယူလိုသည့် အသင်းများစွာရှိနေသည်။ 

အမေရိကန်လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် ကိုပါအမေရိကပြိုင်ပွဲတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော်လည်း အုပ်စုအဆင့်မှ ထွက်ခဲ့ရသည့်အတွက် နည်းပြ ဘာဟော်လ်တာကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး လက်ရှိအချိန်၌ နည်းပြလက်မဲ့ဖြစ်နေသည်။ 

၎င်းတို့အနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကိုအသင်းတို့နှင့်အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သောကြောင့် ယင်းပြိုင်ပွဲ၌ သိက္ခာရှိရှိ ယှဉ်ပြိုင်နိုင်ရန် လိုလားနေသည်။ 

ထို့ကြောင့် လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်အပါအဝင် နာမည်ကျော်ထိပ်တန်းနည်းပြများကို ကမ်းလှမ်းခဲ့ပြီး ယခုအခါ ပိုချက်တီနိုအား ခန့်အပ်ရန် ဆွေးနွေးမှုမှာ ဖြစ်မြောက်ရန် အလားအလာကောင်းနေကြောင်း သိရသည်။ 

    

ပိုချက်တီနိုသည် အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်း ပြရာထူးအတွက်လည်း လျာထားစာရင်းတွင် ပါဝင်နေသူဖြစ်သည်။ 

သို့သော် အမေရိကန်ဘောလုံးအဖွဲ့ချုပ်က တရားဝင်ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ပြီး အားကစားဒါရိုက်တာ မတ်ခရော့ကာနှင့် ပြီးခဲ့သည့်ဇူလိုင်လအတွင်း တွေ့ဆုံခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ 

ဆက်လက်ဆွေးနွေးမှုများမှာလည်း တိုးတက်မှုရှိနေသည့်အတွက် ပိုချက်တီနိုအနေဖြင့် အမေရိကန်နည်းပြဖြစ်လာရန် ရေပန်းအစားဆုံးဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလခြေစမ်းပွဲများမတိုင်မီ ခန့်အပ်နိုင်ရန် လိုလားနေကြောင်းလည်း သိရသည်။

Most Read

Most Recent