ရာသီကြိုခြေစမ်းပွဲတွင် မန်ယူအသင်းကို (၃-ဝ)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သော်လည်း အပြည့်အဝပျော်ရွှင်ကျေနပ်ခြင်းမရှိဟု အာနယ်ဆလော့ ပြောကြား

ရာသီကြိုခြေစမ်းပွဲတွင် မန်ယူအသင်းကို (၃-ဝ)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သော်လည်း အပြည့်အဝပျော်ရွှင်ကျေနပ်ခြင်းမရှိဟု အာနယ်ဆလော့ ပြောကြား
Photo : Getty Images
Photo : Getty Images
Published 5 August 2024

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ရာသီကြိုခြေစမ်းပွဲတွင် မန်ယူအသင်းကို (၃-ဝ)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သော်လည်း အပြည့်အဝပျော်ရွှင်ကျေနပ်ခြင်းမရှိဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် အမေရိကန်ခရီးစဉ်တွင် (၃)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရခဲ့ပြီး ဘက်တစ်ကို (၁-ဝ)ဂိုး၊ အာဆင်နယ်ကို (၂-၁)ဂိုး၊ မန်ယူကို (၃-ဝ)ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

သို့သော် အာနယ်ဆလော့က မန်ယူနှင့်ပွဲတွင် အသင်း၏စွမ်းဆောင်ရည်မှာ လိုအပ်ချက်ရှိခဲ့သဖြင့် အပြည့်အဝပျော်ရွှင်ကျေနပ်ခြင်းမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မန်ယူနှင့်ပွဲမှ စွမ်းဆောင်ရည်အား ကျေနပ်သလားဟု ပွဲအပြီးတွင် သတင်းသမားများက မေးမြန်းခဲ့ရာ အာနယ်ဆလော့က "ဟုတ်ကဲ့။ ကျေနပ်ပါတယ်။ ဒါပေမဲ့ အပြည့်အဝတော့ မဟုတ်ပါဘူး။ ရလဒ်အတွက် ကျွန်တော်တို့ အရမ်းပျော်ရွှင်ပါတယ်။ တကယ်လှပတဲ့ ဂိုးတွေလည်းသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပွဲကို လုံလောက်အောင် ထိန်းချုပ်နိုင်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မန်ယူအသင်းကတောင် ကျွန်တော်တို့ထက် ခြိမ်းခြောက်မှုတွေ ပိုလုပ်နိုင်ခဲ့လို့ပါ။ ဒါပေမဲ့ သွင်းဂိုးတွေက ခြားနားမှုဖြစ်စေခဲ့ပါတယ်။ ကျွန်တော်ကတော့ အခွင့်အရေးအများအပြားကို ကျွန်တော်တို့ ဖြုန်းတီးခဲ့တယ်လို့ ထင်ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ (၃-ဝ)ဆိုတဲ့ရလဒ်ထက် ပိုပြီးရှုံးနိမ့်ဖို့ ထိုက်တန်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို ဂိုးသွင်းယူနိုင်ခဲ့တာကတော့ ကျွန်တော်တို့ရဲ့ အရည်အသွေးပါပဲ" ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် သြဂုတ်လ(၁၁)ရက်နေ့တွင် အန်ဖီးလ်ကွင်း၌ ဆီဗီလာအသင်းနှင့် နောက်ဆုံးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး သြဂုတ်(၁၇)တွင် အစ်ဝစ်ချ်အသင်းနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

လီဗာပူးလ်အသင်းအနေဖြင့် နွေရာသီတွင် ကစားသမားသစ် ခေါ်ယူအားဖြည့်နိုင်ခြင်းမရှိသေးသော်လည်း အမေရိကန်ခရီးစဉ်၌ ရလဒ်ကောင်းများရယူနိုင်ခဲ့ခြင်းအတွက် အာနယ်ဆလော့၏ ဦးဆောင်မှုအပေါ် ချီးကျူးမှုများ ရှိနေသော်လည်း ၎င်းကမူ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေစေရန် ပြင်းထန်စွာကြိုးစားပြင်ဆင်ရဦးမည်ဖြစ်ကြောင်းနှင့် လီဗာပူးလ်အသင်းအနေဖြင့် ယခုထက်တိုးတက်ရန် လိုအပ်နေသေးကြောင်း သုံးသပ်ခဲ့သည်။

"အမေရိကန်ခရီးစဉ်က အသင်းအတွက် အများကြီးအပေါင်းလက္ခဏာဆောင်ပါတယ်။ ကစားသမားတွေ ကြံ့ခိုင်မှုအပြည့်နဲ့ ရှိနေတာလည်း ကျေနပ်စရာပါပဲ။ ဒါပေမဲ့ အစ်ဝစ်ချ်နဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေဖို့ လာမယ့်ရက်သတ္တပတ်နှစ်ပတ်မှာ ပြင်းပြင်းထန်ထန် ကြိုးစားဖို့ လိုအပ်ပါတယ်"ဟု အာနယ်ဆလော့က ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် အမေရိကန်ခရီးစဉ်တွင် ကစားသမားအစုံအလင် ပါဝင်နိုင်ခြင်းမရှိခဲ့သော်လည်း ယူရို-၂၀၂၄ နှင့် ၂၀၂၄ ကိုပါအမေရိက ယှဉ်ပြိုင်ခဲ့သည့် ကစားသမားများမှာ အင်္ဂါနေ့(ယနေ့)တွင် အသင်းနှင့် ပြန်လည်ပူးပေါင်းတော့မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရာသီသစ်မစတင်မီ ဆီဗီလာအသင်းနှင့် ယှဉ်ပြိုင်မည့် နောက်ဆုံးခြေစမ်းပွဲ၌ လူအင်အားအပြည့်ဖြင့် ယှဉ်ပြိုင်ကစားဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာအချို့က သုံးသပ်ဖော်ပြခဲ့ကြသည်။

Most Read

Most Recent