တောင်တရုတ်ပင်လယ်တွင် တရုတ်လေတပ်၏လုပ်ဆောင်မှုများသည် တရားမဝင်ဘဲ ဆင်ခြင်မှုမရှိသည့် လုပ်ရပ်များဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ပြောကြား

တောင်တရုတ်ပင်လယ်တွင် တရုတ်လေတပ်၏လုပ်ဆောင်မှုများသည် တရားမဝင်ဘဲ ဆင်ခြင်မှုမရှိသည့် လုပ်ရပ်များဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ပြောကြား
ဇူလိုင် ၂၂ ရက်က နိုင်ငံတော်မိန့်ခွန်းပြောကြားနေသည့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ကို တွေ့ရစဉ်(Photo:AFP)
ဇူလိုင် ၂၂ ရက်က နိုင်ငံတော်မိန့်ခွန်းပြောကြားနေသည့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ကို တွေ့ရစဉ်(Photo:AFP)
Published 11 August 2024

တောင်တရုတ်ပင်လယ်တွင် တရုတ်လေတပ်၏ လုပ်ဆောင်မှုများသည် တရားမဝင်ဘဲ ဆင်ခြင်မှုမရှိသည့် လုပ်ရပ်များဖြစ်သည်ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်က သြဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်လေတပ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေ သည့် ကျောက်တန်းတစ်ခုပေါ်တွင် ကင်းလှည့်နေသည့် ဖိလစ်ပိုင် စစ်လေယာဉ်တစ်စင်းကို နှောင့်ယှက်ခဲ့ခြင်း ဖြစ်ကြောင်း မားကို့စ်က ဝေဖန်ရှုတ်ချခဲ့သည်။

သြဂုတ် ၁၅ ရက်က စကာဘိုရော့ချ် သောင်ခုံပေါ်တွင် တရုတ်လေတပ်မှ လေယာဉ်နှစ်စင်းသည် ဖိလစ်ပိုင်လေတပ် လေယာဉ်ပျံသန်းသည့် လမ်းကြောင်းတွင် မီးကျည်များ ကြဲချခဲ့ပြီး အန္တရာယ်များသည့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြောင်း ဖိလစ်ပိုင် စစ်တပ်က ပြောကြားခဲ့သည်။

တရုတ်၏ လုပ်ဆောင်ချက်များသည် ဖိလစ်ပိုင်လေတပ် အမှုထမ်းများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့သော်လည်း လေတပ်အမှုထမ်းများသည် စခန်းကို ဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်က ပြောကြားခဲ့သည်။

တရုတ်၏ လုပ်ဆောင်မှုများသည် တရားမဝင်ဘဲ အဆင်အခြင်မဲ့ကြောင်း အထူးသဖြင့် ဖိလစ်ပိုင်လေတပ် လေယာဉ်သည် ဖိလစ်ပိုင်၏ အချုပ်အခြာပိုင် လေပိုင်နက်အတွင်း ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် ပုံမှန်ပျံသန်း မောင်းနှင်နေချိန်တွင် ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မားကို့စ်က ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်ကို ပြင်းထန်စွာ  ရှုတ်ချကြောင်းနှင့် ထိုဖြစ်စဉ်သည် မိမိတို့ လေပိုင်နက်အတွင်း တည်ငြိမ်မှုကို ပျက်ယွင်းစေမည့် အရေးကို စိုးရိမ်ရကြောင်း မားကို့စ်က ပြောကြားခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တရုတ်ကမူ သြဂုတ် ၁၀ ရက်တွင် ၎င်း၏ လုပ်ဆောင်မှုကို ခုခံကာကွယ်ခဲ့ပြီး ဖိလစ်ပိုင် လေယာဉ်ကို ၎င်း၏ ရေတပ်နှင့် လေတပ်ဖွဲ့များက တရားဥပဒေနှင့်အညီ မောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ဖိလစ်ပိုင်ကို  ရန်လိုသည့်လုပ်ရပ်များ ချက်ချင်းရပ်တန့်ရန် သတိပေးလိုကြောင်းနှင့် တရုတ်သည် စကာဘို ရော့ချ်သောင်ခုံပေါ်တွင် အငြင်းပွားဖွယ်မရှိ နိုင်လောက်အောင် အချုပ်အခြာအာဏာပိုင် မှုရှိကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ တောင်ပိုင်းစစ်နယ်ဝန်းဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

စကာဘိုရော့ချ်သောင်ခုံသည် ဖိလစ်ပိုင်၏ အဓိကကျွန်းဖြစ်သည့် လူဇွန်ကျွန်းနှင့် ၂၄၀ ကီလိုမီတာ (မိုင် ၁၅၀) အကွာတွင်တည်ရှိကာ တရုတ်၏ အနီးဆုံးကုန်းမြေဖြစ်သည့် ဟိုင်နန်ပြည်နယ်နှင့် ကီလိုမီတာ ၉၀၀ အကွာ တွင်တည်ရှိသည်။

တရုတ်သည် ၂၀၁၂ ခုနှစ်တွင် ကမ်းခြေ စောင့်တပ်ဖွဲ့သင်္ဘောများကို အသုံးပြုပြီး ထိုသောင်ခုံကို ထိန်းချုပ်ခဲ့သည်။ စကာဘိုရော့ချ် သောင်ခုံသည် ငါးများ ပေါကြွယ်ဝသည့် နေရာဖြစ်ပြီး ဖိလစ်ပိုင်ငါးဖမ်း သမားများက ကာလကြာရှည် ငါးဖမ်းခဲ့သည့်နေရာဖြစ်သည်။

တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာ ပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွား လျက်ရှိသည်။ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာသုံးထရီလျံကျော်ရှိသည်။

Ref:AFP

Most Read

Most Recent