ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ရွာအနီး ကမ်းရင်းတာ၌ ရေကျချိန်ကမ်းပြိုကမ်းစားနှုန်းများလာပြီး ရေကာတာမြေသား ပြိုကျ

ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ရွာအနီး ကမ်းရင်းတာ၌ ရေကျချိန်ကမ်းပြိုကမ်းစားနှုန်းများလာပြီး ရေကာတာမြေသား ပြိုကျ
Published 9 August 2024

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ရွာအနီးကမ်းရင်းတာ၌ ရေကျချိန်ကမ်းပြိုကမ်းစားနှုန်းများလားပြီး ရေကာတာမြေသားပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကမ်းပြိုကမ်းစားမှုဖြစ်စဉ်မှာ သြဂုတ် ၇ ရက်နှင့် သြဂုတ် ၈ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကမ်းပြိုကမ်းစားမှုက ဖောင်ဆိပ်ရွာအနီး ကမ်းရင်းတာမှာဖြစ်တာပါ။ တစ်နေ့ က အကျယ် ပေ ၈၀ ၊ အနံ ပေ ၅၀ သာသာလောက် ကမ်းပြိုမှုဖြစ်တယ်။ မနေ့ကထပ်ပြီး အဲဒီအပေါ်နားလေးမှာတင် အလျား ပေ ၂၀၀၊ အနံ ပေ ၈၀ သာသာလောက် ထပ်ပြိုကျသွားတယ်။ ရေကျချိန် ကမ်းပြိုတာပေါ့။ တစ်နေရာကတော့ တာလုံးမြေသားအားလုံးလောက်ထိပါသွားပြီး ပေါက်ခါနီးသဘောဖြစ်သွားတာပေါ့။ တာတမံထိခိုက်ခဲ့ရင် ရေဆောင့်မဝင်အောင် အရင်ကတည်းက ဖြတ်တာသစ်နဲ့ကြားထဲ တာဝိုင်းထဲကို ရေထည့်ထားပြီးသားပါ။ အိမ်တွေကိုလည်း ကြိုတင်ပြောင်းရွှေ့ခိုင်းထားပြီးသားပါ"ဟု ဆည်မြောင်းနှင့်နီးစပ်သူတစ်ဦးက ဖြေကြားသည်။

"ခုအခြေအနေကတော့ မြစ်ရေကလည်း စိုးရိမ်ရေမှတ်အောက် ၈ လက်မခွဲလောက်ကျနေပြီဆိုတော့ မြစ်ရေထက်တာဝိုင်းထဲသွင်းထားတဲ့ရေကမှ များနေပါသေးတယ်။ ဆည်မြောင်းနည်းပညာနဲ့ တာဝိုင်းထဲကရေတွေကို ပြန်ထုတ်နေချိန်လည်းဖြစ်ပါတယ်။  ပေါက်ခါနီးဖြစ်ခဲ့တဲ့နေရာကလည်း ခုဆို ရေထွက်နေပါပြီ။ အထဲကို ရေတွေဝင်တာမျိုးမဟုတ်ဘဲ တာဝိုင်းထဲကရေ မြစ်ထဲကို ပြန်ထွက်နေတဲ့သဘောပဲဖြစ်ပါတယ်။ ဒါ့ကြောင့်စိုးရိမ်စရာမရှိပါဘူး။ နောက်မှာလည်း ဖြတ်တာသစ်ကရှိပြီးသားပါ"ဟု ၎င်းက ဆက်လက်ဖြေကြားသည်။

အဆိုပါဒေသရှိ ဖောင်ဆိပ်၊ တာငုတ်၊ ငှက်ပျောတော၊ အုန်းတော၊ မကျီးတောကျေးရွာတို့မှ နေအိမ်များမှာ အစိုးရချထားပေးသည့်မြေနေရာ၌ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်းသိရသည်။

 

Most Read

Most Recent