လားရှိုး ရမခ တဝိုက်တွင်တိုက်ပွဲများ ပြင်းထန်နေ

လားရှိုး ရမခ တဝိုက်တွင်တိုက်ပွဲများ ပြင်းထန်နေ
Published 2 August 2024

■ လားရှိုး ရမခ တဝိုက်တွင်တိုက်ပွဲများ ပြင်းထန်နေ

■ တပ်မတော် ကုတင် ၁၀၀ ဆေးရုံ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဝင်ရောက် စီးနင်း တိုက်ခိုက် ခံရပြီး  ဆရာဝန် ၊ သူနာပြု၊ ဒဏ်ရာရနေသူ များ  နှင့် ဆေးကုသ နေသူများ သတ်ဖြတ်ခံရကြောင်း သိရ

လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အနီးရှိ  အမှတ် ၉ တပ်မတော် ကုတင် ၁၀၀ ဆေးရုံ အား လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဝင်ရောက် စီးနင်း တိုက်ခိုက် ခံရပြီး  ဆရာဝန် ၊ သူနာပြုနှင့် ဒဏ်ရာရနေသူ များ  ၊ ဆေးကုသ နေသူများ သတ်ဖြတ်ခံရကြောင်း  မြေပြင် အခြေအနေကို  လေ့လာသိရှိ သော သတင်းရင်းမြစ်များနှင့် ဒေသခံ အချို့၏ ပြောဆိုမှုများအရ သိရသည်။

အဆိုပါ လားရှိုးမြို့ရှိ အမှတ် ၉ တပ်မတော် ဆေးရုံ(ကုတင် ၁၀၀) အား ပြီးခဲ့သည့် နှစ်ရက်ခန့်မှစ၍ MNDAA နှင့် ပူးပေါင်းအဖွဲ့များက စတင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

 ယမန်နေ့ (သြဂုတ် ၁ ရက်) တွင် ဆေးရုံအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ပြီး  ယနေ့ (သြဂုတ် ၂ ရက်) နံနက်ပိုင်းတွင် သိရသော သတင်းများအရ ဆရာဝန် သူနာပြုနှင့်  ဒဏ်ရာရသူများကိုပါ ပစ်ခတ် သတ်ဖြတ်ခံရကြောင်း သိရသည်။ 

အဆိုပါ ဆေးရုံတွင် တပ်မတော်မှ ဒဏ်ရာ ရနေသူများ၊  လားရှိုးမြို့ တိုက်ပွဲ စတင်ချိန်တွင် လားရှိုးမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူရန် မရသဖြင့် တပ်မတော် ဆေးရုံသို့ ဆေးကုသရန် ရောက်ရှိနေသော ဒေသခံ အချို့လည်း ရှိနေကြောင်း သိရသည်။

အချို့သော ဒဏ်ရာရသူများ လူနာများကို MNDAA နှင့် ပူးပေါင်းအဖွဲ့များ တိုက်ခိုက်ချိန်တွင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ မှုများ ရှိနိုင်ဖွယ် ရှိကြောင်း သိရပြီး ယနေ့ နံနက်ပိုင်း ထွက်ပေါ်လာသော သတင်းများအရ MNDAA က ဆေးရုံဝန်းအတွင်း ဝင်ရောက် တိုက်ခိုက်မှုကြောင့် ဒါဇင်နှင့်ချီ ထိခိုက် သေဆုံး မှုများ ရှိနိုင်ကြောင်း  သိရသည်။ 

“တပ်ဆေးရုံကို ဝင်ရောက် စီးနင်းခံရတယ်။  MNDAA တွေက ဆေးရုံကို လက်နက်ကြီးတွေနဲ့ ပစ်တာ ဆက်တိုက် လုပ်တယ်။ အရင်ရက်တွေကတည်းက လက်နက်ကြီးတွေနဲ့ ပစ်လို့ ကိုယ်ဝန်ဆောင်သည်အချို့ ထိခိုက်သေဆုံးရတာတွေ ရှိတယ်လို့  ကြားသိရတယ်။ ဒီမနက် သိရတဲ့ အခြေအနေကတော့ အတော် ဆိုးပုံရတယ်။ ဝင်ရောက် သတ်ဖြတ်တာ ၊ အဲမှာရှိတဲ့ လူနာတွေရာ ၊ ဆရာဝန် သူနာပြုပါမကျန် အသတ်ခံရတယ်လို့ ကြားသိရတယ်။ စိတ်မကောင်းစရာတွေပါပဲ။ ဆေးရုံက ရမခ နဲ့ ဆက်စပ်ပြီး ရှိနေတယ်။ လုံခြုံရေးယူထားတဲ့ အဖွဲ့တွေလည်း ဆုတ်လိုက်ရတယ်ထင်တယ်။ တိုက်ပွဲတွေကတော့ ရမခ မှာ ပြင်းထန်နေပုံရတယ်”  ဟု လားရှိုး စစ်သတင်းအခြေအနေများကို စောင့်ကြည့် သိရှိနေသည့် ဒေသခံ တစ်ဦးက Eleven Media Group သို့ ယနေ့ နံနက်ပိုင်းတွင် ပြောကြားသည်။ 

တပ်မတော် ခုတင် ၁၀၀ ဆေးရုံမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) နှင့် ဆက်လျက် တည်ရှိနေပြီး  ရမခတစ်ဝိုက်တွင် တိုက်ပွဲများလည်း လက်ရှိအချိန်ထိ ပြင်းထန်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ရမခ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍လည်းကောင်း  ယင်းကဲ့သို့ တပ်ဆေးရုံ တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံး မှု အခြေအနေများနှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ အနေဖြင့်  လက်ရှိအချိန်ထိ  အတည်ပြု ထုတ်ပြန်လာခြင်း မရှိသေး သကဲ့သို့ သီးခြား အတည်ပြုချက် ရရှိရန် လုပ်ဆောင်နေပြီး နစက မှ ထုတ်ပြန်လာပါက အချိန်နှင့်တပြေးညီဖော်ပြပေးမည်ဖြစ်ပါသည်။ ယင်းသို့တပ်ဆေးရုံ တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်် ပတ်သက်၍ Eleven Media အနေဖြင့် အသေးစိတ် အတည်ပြုနိုင်ရန် မေးမြန်း စုံစမ်းလျက်ရှိပြီး ထပ်မံသိရှိရပါက ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါသည်။

Most Read

Most Recent