သထုံမြို့နယ် ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားငယ်တစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီး ယာယီမြေဖို့ပြုပြင်ကာ မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြု

သထုံမြို့နယ် ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားငယ်တစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီး ယာယီမြေဖို့ပြုပြင်ကာ မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြု
Published 2 August 2024

ဩဂုတ် ၂ ရက် နံနက်အစောပိုင်းက မိုင်းခွဲဖျက်ဆီးခံထားရသည့် သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကွက်သစ်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားငယ်တစ်စင်းအား ယာယီမြေဖို့ပြုပြင်ကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

လတ်တလောတယ် တံတားတစ်ခြမ်းအားယာယီမြေဖို့ပြုပြင်ပြီးနောက် မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာနေကြပြီးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “နှစ်ဖက် မော်တော်ယာဉ်တွေကို တစ်လှည့်စီ ပေးဖြတ်နေတယ်။ ကျန်တဲ့ပျက်ဆီး‌နေတံတားတစ်ခြမ်းကိုလည် အမြန်ဆုံးပြုပြင်သွားမယ်လို့ လမ်းတာဝန်ရှိသူတွေက ပြောကြပါတယ်” ဟု ပြောကြားသည်။

သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကွက်သစ်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းမပေါ်ရှိ တံတားငယ်တစ်စင်းမှာ ဩဂုတ် ၂ ရက် နံနက်အစောပိုင်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီး ဆက်သွယ်‌ရေး ပြတ်တောက်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန် - မော်လမြိုင် ကားလမ်းမ မိုင်တိုင်အမှတ် (၁၃၃/၆) နှင့် (၁၃၃/၇) ကြားရှိ အဆိုပါတံတားငယ်မှာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် အကျယ် ၁၀ ပေခန့် အရှည်ပေ ၅၀ ခန့်ရှိ တံတားတစ်စင်းလုံး ပြိုကျပျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “သန်းခေါင်ကျော်အချိန်မှာ ပေါက်ကွဲသံကြားရတာပါ။ မနက်မှ ကမာစိုင်ကွက်သစ်အနီးက တံတားငယ်တစ်စင်း မိုင်းခွဲဖျက်ဆီးခံရတာလို့ သိရပါတယ်။ တံတားက အရင်တစ်ခါဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ တံတားအရွယ်အစားလောက်ဘဲ ရှိပါတယ်” ဟု ပြောကြားသည်။

လက်ရှိ ရန်ကုန် - မော်လမြိုင်ကားလမ်း ဆက်သွယ်ရေးပြတ်တောက်နေပြီး နှစ်ဖက်ယာဉ်အစီးရေရာနှင့်ချီပြီး ပိတ်ဆို့နေကြောင်း ၎င်းဒေသခံက ဆိုသည်။

အဆိုပါမိုင်းပါက်ကွဲမှုကြောင့် တံတားငယ်တစ်စင်းအပြင် ယင်းတံတားငယ်အနီးရှိ လျှပ်စစ်မီးတိုင်တချို့ပါ ထိခိုက်ပျက်ဆီးခဲ့သည့်တွက် ဒုံဝန်းကျေးရွာအုပ်စုနှင့် ဘီးလင်းမြို့နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်သွားကြောင်း သိရသည်။

“ဒုံဝန်းရွာဘက်သွယ်တန်းထားတဲ့ 11 KV လိုင်းနဲ့ ဘီးလင်းဘက်ကိုသွယ်တန်းထားတဲ့ 33 KV လိုင်းတွေပျက်ကုန်တယ်” ဟု ဒုံဝန်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

“လောလောဆယ်ရွာလမ်းတွေထဲက သွားလို့အဆင်မပြေလောက်ဘူး။ လမ်းတွေက ရေကျော်နေကြတဲ့အပြင် မြေသားလမ်းတွေဆိုတော့ ဗွက်တွေနစ်နိုင်တယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့ ညပိုင်းကလည်း သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု၊ ကရင်လေးဆိပ်ကျေးရွာအနီး ဗိုလ်ခမ်းကွင်းအရှေ့ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ ဒေသအခေါ် ကရင်လေလေးဆိပ်တံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

Most Read

Most Recent