ဘာစီလိုနာအသင်းသည် လိုက်ပ်ဇစ်အသင်းမှ စပိန်တိုက်စစ်ကစားသမား အော်လ်မိုကို တတိယအကြိမ် ထပ်မံကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ယူရို -၂၀၂၄ ပြိုင်ပွဲ၌ ခြေစွမ်းပြခဲ့သည့် အော်လ်မိုကို ခေါ်ယူရန် ကြိုးပမ်းနေရာ ကစားသမားနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်သော်လည်း ကမ်းလှမ်းမှုနှစ်ကြိမ်ကို လိုက်ပ်ဇစ်အသင်းက ပယ်ချခဲ့သည်။
ဘာစီလိုနာအသင်းသည် အော်လ်မို(၂၆ နှစ်)ကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတွင် ယူရိုသန်း(၄၀)ဖြင့် ကမ်းလှမ်းခဲ့ပြီး ယခုရက်သတ္တပတ်အတွင်း၌ ယူရိုသန်း(၅၀)ဖြင့် ထပ်မံကမ်းလှမ်းခဲ့သည်။
ဒုတိယအကြိမ် ကမ်းလှမ်းမှုတွင် ယူရိုသန်း(၅၀) အပြင် Add-ons ကြေး ယူရို(၁၅)သန်းပေးမည်ဟု ပါရှိခဲ့သော်လည်း လိုက်ပ်ဇစ်အသင်းက လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရသည်။
လိုက်ပ်ဇစ်အသင်းက အော်လ်မိုအတွက် ပြောင်းရွှေ့ ကြေးကို အနည်းဆုံးယူရို(၅၅)သန်းရရှိရန် လိုလားနေသည့်အတွက် ငြင်းပယ်ခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းအနေဖြင့် တတိယအကြိမ် ထပ်မံကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် အော်လ်မိုနှင့်မူ (၆)နှစ်စာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိထားပြီဖြစ်သောကြောင့် လိုက်ပ်ဇစ်အသင်းနှင့် ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိရန်သာ လိုအပ်တော့ကြောင်းလည်း သိရသည်။