ကယ်လီဖိုးနီးယားပြည်နယ်၏ အကြီးဆုံးတောမီး The Park Fire ကို ငြှိမ်းသတ်ရန် မီးသတ်သမား ၄၉၀၀ နီးပါးကို အသုံးပြု

ကယ်လီဖိုးနီးယားပြည်နယ်၏ အကြီးဆုံးတောမီး The Park Fire ကို ငြှိမ်းသတ်ရန် မီးသတ်သမား ၄၉၀၀ နီးပါးကို အသုံးပြု
ကယ်လီဖိုးနီးယားတောမီးကို လေယာဉ်အသုံးပြု  ငြှိမ်းသတ်နေပုံအား ဇူလိုင် ၂၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ကယ်လီဖိုးနီးယားတောမီးကို လေယာဉ်အသုံးပြု ငြှိမ်းသတ်နေပုံအား ဇူလိုင် ၂၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 30 July 2024

ကယ်လီဖိုးနီးယားပြည်နယ်၏ ယခုနှစ်အကြီးမားဆုံးတောမီးကို  ငြှိမ်းသတ်ရန် ဇူလိုင် ၂၉ ရက်တွင် မီးသတ်သမားအုပ်ကြီး ကယ်လီဖိုးနီးယားကိုရောက်နေသည်ဟု သိရသည်။

တောမီးသည် လော့အိန်းဂျလိစ်မြို့ထက်ပိုကြီးသော ဧရိယာကို လောင်ထားပြီးဖြစ်သည်။ ထို့အပြင် လူထောင်ပေါင်းများစွာသည် ချက်ချင်းနေရပ်စွန့်ခွာခဲ့ရသည်။

The Park Fire ဟု အမည်ပေးထား သောတောမီးသည် ဇူလိုင် ၂၅ ရက်ညနေပိုင်းတွင် စတင်လောင်ခဲ့ခြင်းဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်ကို သက်ရောက်ခဲ့သည့် အပူလှိုင်း နောက်ဆုံးကျသည့်နေ့တွင် ယင်းတောမီး လောင်ခဲ့ခြင်းဖြစ်သည်။ တောမီးလောင်နေသော ကျေးလက်ဒေသသည် ဆန်ဖရန်စစ္စကိုမြို့၏အရှေ့မြောက်ဘက် ကားဖြင့်သုံးနာရီကြာသွားရသော အကွာအဝေးတွင် တည်ရှိသည်။

တောမီးသည် ယခုအခါ ဧက ၃၇၀,၀၀၀(ဟက်တာ ၁၄၉,၇၀၀)ကျော်ကို လောင်ကျွမ်းထားပြီးဖြစ်သည်ဟု ကယ်လီဖိုးနီးယားသစ်တောနှင့်မီးကာကွယ်ရေးဌာန (Calfire) ၏ထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် The Park Fire တောမီးသည် ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းတွင် အကြီးဆုံးတောမီးဖြစ်လာခဲ့သည်။

လေတိုက်နှုန်း လျော့ကျသွားခဲ့ပြီး အေးသော မိုးလေဝသအခြေအနေတို့ကြောင့် ဇူလိုင် ၂၇ ရက်တွင် တိုးတက်မှုများရရှိခဲ့သည်ဟု သိရသည်။ ထို့ကြောင့် မီးသတ်သမားများသည် လောင်နေသော မီးများ၏ ၁၂ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်သည်ဟု ဆိုသည်။ လက်ရှိအချိန်ထိ ထိခိုက်သေဆုံးသူမရှိသေးဟု သိရသည်။

မီးသတ်သမား ၄,၉၀၀ နီးပါးကို အသုံးပြုထားသည့်အပြင် ရဟတ်ယာဉ် ၃၃ စီး၊ မီးသတ်ကား ၄၀၀၊ လေယာဉ်များကို အသုံးပြုလျက်ရှိသည်ဟု သိရသည်။

ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းတွင်နယ်ခံ ၂,၆၀၀ ကျော်ကို ရွှေ့ပြောင်းအမိန့် ထုတ်ပြန်ပေးထားသည်ဟု အာဏာပိုင်များက ပြောကြားထားသည်။ တောမီးများအရှိန်ပြင်းလာသည့်အနေအထားကြောင့် ဒေသခံများ အထူးသတိပြုကြရန်လည်း တာဝန်ရှိသူများက သတိပေးထားသည်။

“မီးဟာ တော်တော်လေးမတည်မငြိမ်ဖြစ်နေပြီး ခန့်မှန်းရခက်ခဲလွန်းနေပါတယ်” ဟု တီဟာမာကောင်တီ ငြိမ်ဝပ်ပိပြားရေးအရာရှိ ဒေ့ဗ်ကိန်းက ဇူလိုင် ၂၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ဘေးကင်းတယ်လို့ ယူဆထားတဲ့ နေရာအတော်များများဟာမီး ပြန်လောင်တာတွေဖြစ်နေတာ မြင်ရပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မီးသည် ပထမဆုံး ၄၈ နာရီအတွင်းတွင် လူတစ်ဦးလမ်းလျှောက်သည့်နှုန်းအတိုင်း တိုးပွားလာကာ Fire tornadoes များဖြစ်လာခဲ့ပြီး မှိုပွင့်ပုံ မီးခိုးများကို ဖြစ်ပေါ်စေခဲ့သည်။

ဇွန်လ အစပိုင်းကတည်းက ကယ်လီဖိုးနီးယားပြည်နယ်နှင့် အမေရိကန်အနောက်ပိုင်းတို့ကို အပူလှိုင်း အမျိုးမျိုးကျရောက်ခဲ့ပြီးနောက် တောမီးသည် လျင်မြန်စွာကူးစက်လာခဲ့သည်။

“သဘာဝပေါက်ပင်တွေဟာ ခြောက်သွေ့လွန်းနေပါတယ်”ဟု ကယ်လီဖိုးနီးယား တက္ကသိုလ်ရှိပြင်းထန် မိုးလေဝသကျွမ်းကျင်ပညာရှင် ဒန်နီရယ်ဆွိမ်းက ပြောကြားခဲ့သည်။ ယင်းသို့ဖြစ်ရခြင်းမှာ စံချိန်ချိုးခဲ့သော တစ်လတာအပူဒဏ်နှင့် ကမ္ဘာ့မျက်နှာပြင်မှ ရေဓာတ်ဆုံးရှုံးမှုတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။

ဆီယာနီဗားဒါးတောင်၏တောင်ခြေသည် ပုံမှန်တောမီးလောင်နေကျဖြစ်သည်ဆိုသော်လည်း The Park Fire တောမီးလောင်ရာနေရာဖြစ်သော အထူးသဖြင့်ချောက်နက်ကြီးများတွင် တောမီးမလောင်သည်မှာ ဆယ်စုနှစ်ချီကြာပြီဖြစ်သည်။ ထို့ကြောင့် The Park Fire တောမီးသည် အကြောင်းအရင်းများစွာကြောင့် လောင်သည့် သဘောဖြစ်သည်ဟု ဆိုသည်။

မီးသတ်ရာတွင် ကျွမ်းကျင်သော ကယ်လီဖိုးနီးယားသည် အရင်းအမြစ်များစွာအသုံးပြုနေသော်လည်း ယခုမီးကို ကိုင်တွယ်ရန်နည်းပညာမရှိဟုဆိုသည်။          

Ref: AFP

Most Read

Most Recent