ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ဘားအံမြို့နယ်အတွင်း ယာယီရေဘေးရှောင်စခန်း ၂၀ ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ ၇၃၀၀ ကျော်ရှိနေ

ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ဘားအံမြို့နယ်အတွင်း ယာယီရေဘေးရှောင်စခန်း ၂၀ ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ ၇၃၀၀ ကျော်ရှိနေ
Published 29 July 2024

ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ယာယီရေဘေးရှောင်စခန်း ၂၀ ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ ၇၃၀၀ ကျော်ရှိနေကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

လတ်တလော ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ဘားအံမြို့ပေါ်တွင် ယာယီရေဘေးရှောင်စခန်း ၁၅ ခုဖွင့်လှစ်ထားကာ၊ အခြားဒေသများတွင် ရေဘေးရှောင်စခန်းငါးခု ဖွင့်လှစ်ထားသည်ဟု သိရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဘားအံမြို့ပေါ်မှာတော့ အ.ထ.က (၁)၊ ကြားတောရ၊ မိုးလုံလေလုံအားကစားရံဒစတဲ့ ရေဘေးရှောင်စခန်းတွေမှာ ရေဘေးသင့်ပြည်သူ ၇၃၀၀ ကျော် လာရောက်ခိုလှုံနေကြတယ်လို့ စာရင်းတွေအရ သိရပါတယ်။ လတ်တလောမှာ ရေဘေးသင့်ပြည်သူတွေအတွက် ရေသန့်နဲ့စားရေးသောက်ရေးကိစ္စတွေကို အလှူရှင်တွေနဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ အတူပူးပေါင်းပြီးတော့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေကြပါတယ်” ဟု ပြောကြားသည်။

ရေဘေးသင့်ပြည်သူများအနေဖြင့် ဇူလိုင် ၂၆ ရက်မှစတင်ကာ ယာယီရေဘေးရှောင်စခန်းများတွင် လာရောက်ခိုလှုံနေကြပြီး၊ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါကလည်း ရေသန့်၊ အစားအစာအပြင် ဆေးဝါးလိုအပ်ချက်များဖြစ်ပေါ်လာနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

အလားတူ သံလွင့်မြစ်အနောက်ဖက်ကမ်း မြိုင်ကလေးဒေသအတွင်းတွင်လည်း သံလွင်မြစ်ရေတိုးဝင်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး၊ ယာယီရေဘေးရှောင်စခန်း ခြောက်ခု ဖွင့်လှစ်ထားကာ ရေဘေးသင့်ပြည်သူ ၆၀၀ ကျော်မှာ လာရောက်ခိုလှုံနေကြရကြောင်းနှင့် ရေသန့်၊ အစားအစာနှင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

လက်ရှိ ဘားအံမြို့ ဆင်ဖြူတော်အဝိုင်းမှ ကမော့ကစင် စစ်ဆေးရေးဂိတ်၊ ကော့ကျိုက် - ကော့ပရံ - ဇာသပြင် (အဖြောင့်လမ်း)၊ ဘားအံ - လှိုင်းဘွဲ့လမ်းများတွင်လည်း ကားလမ်းပေါ်ရေကျော်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင် ၂၉ ရက် နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်များအရ သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် ၇၅၀ စင်တီမီတာအားကျော်လွန်ကာ ၉၄၃ စင်တီမီတာတွင် တည်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent