ကမ်းပြိုဘေးနှင့်ရေဘေးကြောင့် ကျေးရွာအချို့မှပြောင်းရွှေ့လာသူများနေထိုင်သည့် ဟင်္သာတမြို့နယ်ရှိ ကွက်သစ်နေရာ၌ မိုးများမှုကြောင့် ရေကြီးမှုဘေး ထပ်မံကြုံတွေ့နေ

ကမ်းပြိုဘေးနှင့်ရေဘေးကြောင့် ကျေးရွာအချို့မှပြောင်းရွှေ့လာသူများနေထိုင်သည့် ဟင်္သာတမြို့နယ်ရှိ ကွက်သစ်နေရာ၌ မိုးများမှုကြောင့် ရေကြီးမှုဘေး ထပ်မံကြုံတွေ့နေ
Published 26 July 2024

ကမ်းပြိုဘေးနှင့်ရေဘေးကြောင့် ကျေးရွာအချို့မှပြောင်းရွှေ့လာသူများနေထိုင်သည့်  ဟင်္သာတမြို့နယ်ရှိ ကွက်သစ်နေရာ၌ မိုးများမှုကြောင့် ရေကြီးမှုဘေးထပ်မံကြုံတွေ့နေရကြောင်း သိရသည်။

ကိုင်းချောင်းအုပ်စုရှိ မကျီးတောရွာနှင့် အိပ်ပျက်အုပ်စုရှိ ဖောင်ဆိပ်၊ တာငုတ်၊ ငှက်ပျောတော၊ အုန်းတော ကျေးရွာတို့မှာ သဘာဝဘေးကြောင့် ရွှေ့ပြောင်းထားရခြင်းဖြစ်ကြောင်း သိရသည်။

"သဘာဝဘေးကြောင့် ရွှေ့ပြောင်းရသူတွေအဆင်ပြေအောင် အစိုးရက မြေနေရာစီစဉ်ပေးတယ်။ ဖောင်ဆိပ်ရွာကပြောင်းကြရတဲ့သူတွေအတွက် ပျဉ်းမချောင်းဘက်မှာ (၄)ဧက စီစဉ်ပေးတယ်။ တာငုတ်၊ အုန်းတော၊ ငှက်ပျောတော၊ မကျီးတောရွာတွေက ပြောင်းကြရသူတွေအတွက် ကိုင်းချောင်းအုပ်စုထဲမှာ (၁၉)ဧကစီစဉ်ပေးတယ်။ မြေနေရာပြောင်းစရာလေးရှိလာတော့ အဆင်ပြေတာပေါ့။ ဒါပေမယ့် အထိုင်မကျသေးဘူး။ အိမ်တွေကို တတ်နိုင်သလိုလေးပဲ ဆောက်နိုင်ကြတာပေါ့။ မိုးထဲလေထဲဆိုတော့ အခက်အခဲတွေရှိကြတာပေါ့"ဟု ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

"ကျွန်တော်တို့က ကိုင်းချောင်းဘက်က (၁၉)ဧကဘက်မှာနေရာရပါတယ်။ မိုးက ဒီရက်ထဲ တောက်လျှောက်ရွာနေတော့အတော်အခက်အခဲရှိတယ်။ ကုန်းမြင့်တဲ့ဘက်မှာလည်း ဗွက်တွေထတယ်။ ရေတွေလည်းရှိတာပေါ့။ မြေနိမ့်တဲ့နေရာတွေမှာကတော့ ခုဆိုရေက ခါးလောက်၊ ပေါင်လယ်လောက်ထိရောက်လာတယ်။ အဲလို ရေဝပ်တာများတဲ့နေရာတွေမှာ အိမ်ခြေ(၆၀)ဝန်းကျင်လောက်ရှိမယ်။ မိုးကြောင့် ဒုက္ခပေါ် ဒုက္ခဆင့်ကြရတာပေါ့။ မလုံခြုံတဲ့အိမ်တွေအတွက် ပိုဆိုးတော့တာပေါ့"ဟု ဒေသခံရွာသားတစ်ဦးက ဖြေကြားသည်။

အိပ်ပျက်အုပ်စုရှိ ဖောင်ဆိပ်၊ တာငုတ်၊ အုန်းတော၊ ငှက်ပျောတောကျေးရွာများမှာ ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းထားရခြင်းဖြစ် ပြီး ကိုင်းချောင်းအုပ်စုမှ မကြီးတောကျေးရွာမှာ တာဝိုင်းအတွင်း ရေသွင်းရသည့်အခြေအနေကြောင့် ရွှေ့ပြောင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။