■ ပြိုင်ဘက်အသင်း၏ လေ့ကျင့်မှုကို ဒရုန်းဖြင့် ထောက်လှမ်းခဲ့သည့် ကနေဒါအမျိုးသမီးအသင်းအဖွဲ့ဝင်နှစ်ဦး အိမ်ပြန်ပို့ခံရ     

■ ပြိုင်ဘက်အသင်း၏ လေ့ကျင့်မှုကို ဒရုန်းဖြင့် ထောက်လှမ်းခဲ့သည့် ကနေဒါအမျိုးသမီးအသင်းအဖွဲ့ဝင်နှစ်ဦး အိမ်ပြန်ပို့ခံရ     
Published 26 July 2024

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် ကနေဒါ အမျိုးသမီးဘောလုံးအသင်းအဖွဲ့ဝင်နှစ်ဦးသည် ပြိုင်ဘက်အသင်း၏ လေ့ကျင့်မှုအစီအစဉ်ကို ဒရုန်းဖြင့် ထောက်လှမ်းရန် ကြိုးပမ်းသောကြောင့် အိမ်ပြန်ပို့ခံခဲ့ရကြောင်း သိရသည်။

    

ကနေဒါအသင်းသည် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိထားသည့် လက်ရှိချန်ပီယံအသင်းဖြစ်ပြီး ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇူလိုင် (၂၅) ရက်တွင် နယူးဇီလန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရသည်။ 

ယင်းပွဲမတိုင်မီ ဇူလိုင် (၂၂) ရက်က လေ့ကျင့်မှုပြုလုပ်စဉ် ဒရုန်းတစ်စင်း ပျံသန်းနေကြောင်း တွေ့ရှိသဖြင့် နယူးဇီလန်အသင်းက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။ 

ရဲတပ်ဖွဲ့အစီရင်ခံစာအရ အဆိုပါဒရုန်းမောင်းနှင်သူမှာ ကနေဒါအသင်းအားပေးသူ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရပြီး ၎င်းအား ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

ကနေဒါအိုလံပစ်ကော်မတီကလည်း ဂျိုးဆက်လွန်ဘာဒီဟု အမည်ရသည့် ဒရုန်းမောင်းနှင်သူနှင့် ကနေဒါအသင်းလက်ထောက်နည်းပြ ဂျက်စမင်မန်ဒါတို့ကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ထို့ပြင် ကနေဒါအသင်းနည်းပြ ဖြစ်သူ ဘယ်ဗာလေပရီးစ်မန်းက နယူးဇီလန်အသင်းနှင့် ယှဉ်ပြိုင်ကစားသည့် အဖွင့်ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။

    

ကနေဒါအမျိုးသမီးအသင်း၏ နည်းပြချုပ်ဖြစ်သူ ဘက်ဗ်ပရီးစ်မန်းက "ကျွန်တော်တို့အသင်းရဲ့ လုပ်ငန်းစဉ်တွေထဲမှာ အဲဒါတွေမပါဝင်ပါဘူး။ ကျွန်တော်တို့ ကိုယ့်အသင်းကိုပဲ ကိုယ်အာရုံစိုက်ထားပြီး ကျွန်တော်တို့အသင်းရဲ့ အရည်အသွေးအပေါ်မှာ ယုံကြည်မှုလည်း ရှိပါတယ်။ ဒါပေမဲ့ မှန်တာ မှားတာထက် ဒီအသင်းနဲ့ ပတ်သက်သမျှ ကျွန်တော့်မှာတော့ တာဝန်ရှိပါတယ်။ အခုဖြစ်ရပ်ကို ကျွန်တော် ဘာမှမသိပေမဲ့ အသေးစိတ်အချက်အလက်တွေ သိရဖို့အတွက် ကျွန်တော် လေ့လာနေပါတယ်"ဟု ပြောကြားခဲ့သည်။ 

အိုလံပစ်အမျိုးသမီးဘောလုံးအုပ်စု (A) တွင် အိမ်ရှင် ပြင်သစ်၊ ကိုလံဘီယာ၊ ချန်ပီယံ ကနေဒါ၊ နယူးဇီလန်၊ အုပ်စု (B) တွင် အမေရိကန်၊ ဇမ်ဘီယာ၊ ဂျာမနီ၊ သြစတြေးလျ၊ အုပ်စု (C) တွင် စပိန်၊ ဂျပန်၊ နိုင်ဂျီးရီးယား၊ ဘရာဇီးလ်အသင်းတို့ ပါဝင်နေသည်။

Most Read

Most Recent