မူးယစ်ဆေးများသုံးစွဲမှုဖြင့် သရုပ်ဆောင် ယူအာအင်းအား ထောင်ဒဏ်လေးနှစ်ချမှတ်ရန် အစိုးရရှေ့နေများ တောင်းဆို

မူးယစ်ဆေးများသုံးစွဲမှုဖြင့် သရုပ်ဆောင် ယူအာအင်းအား ထောင်ဒဏ်လေးနှစ်ချမှတ်ရန် အစိုးရရှေ့နေများ တောင်းဆို
Photo: The Korea Times
Photo: The Korea Times
Published 25 July 2024

စိတ်ငြိမ်ဆေးနှင့် မူးယစ်ဆေးများသုံးစွဲမှုဖြင့် အမှုရင်ဆိုင်နေရသည့် နာမည်ကျော် တောင်ကိုရီးယားသရုပ်ဆောင် ယူအာအင်းအား ထောင်ဒဏ်လေးနှစ်ချမှတ်အပြစ်ပေးရန် အစိုးရရှေ့နေများက ဇူလိုင် ၂၄ ရက်ကြားနာမှုတွင် တောင်းဆိုလိုက်သည်။

ထို့ပြင်ဆိုးလ်ခရိုင်တရားရုံးတွင်ပြုလုပ်သည့် အဆိုပါကြားနာစစ်ဆေးမှု၌ အစိုးရရှေ့နေအဖွဲ့က  ယူအာအင်းအား ဒဏ်ငွေဝမ်နှစ်သန်းချမှတ်ရန်ပါ ရုံးတော်ကိုတောင်းဆိုခဲ့သည်။၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် အမေရိကန်မှ ကိုရီးယားသို့ပြန်ရောက်လာပြီးနောက် ယူအာအင်း၏ဆီးနှင့်ဆံပင်ကို မှုခင်းဆေးပညာအဖွဲ့က စစ်ဆေးခဲ့ရာ ဆီးအဖြေက ဆေးခြောက်သုံးထားကြောင်းပြခဲ့သည်။ထိုအချိန်မှစပြီး ၎င်းအား မူးယစ်ဆေး ထိန်းချုပ်ရေးဥပဒေချိုးဖောက်မှုဖြင့် စောင့်ကြည့်စစ်ဆေးလာခဲ့သည်။တရားစွဲခံရမှုတွင် သက်သေဖျောက်ဖျက်မှုလည်းပါသည်။

ယူအာအင်းသည် ပရိုပိုဖိုး ၊ဆေးခြောက်၊ ကိုကင်း၊ ကီတမင်း၊ ဇိုပီဒမ်အပါအဝင် မူးယစ်ဆေးခုနစ်မျိုးကျော် သုံးစွဲသူအဖြစ် သံသယရှိ ခံခဲ့ရသည်။

ကြားနာမှုတွင် အစိုးရရှေ့နေများက “ကိုရီးယားရဲ့နာမည်ကြီးအနုပညာရှင်ဖြစ်လျက်နဲ့ သူဟာ အောင်မြင်ကြွယ်ဝမှုကို အသုံးချပြီး ဆရာဝန်တွေကိုလိမ်တယ်။မူးယစ်ဆေးတွေကို တရားမဝင်နည်းနဲ့ရယူဖို့ ဝမ်သန်း ၅၀၀ အကုန်ကျခံခဲ့တယ်။သူ့ရဲ့အရှိန်အဝါနဲ့  အပြစ်တွေကိုဖုံးခဲ့တယ်”ဟု ထောက်ပြခဲ့ကြသည်။

ထို့ပြင် ယူအာအင်း၏ အသိအကျွမ်း အနုပညာရှင်တစ်ဦးကိုလည်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဥပဒေချိုးဖောက်မှု ၊ အပြစ်သားကို အားပေးကူညီမှုတို့ဖြင့် ထောင်ဒဏ်လေးနှစ်ချမှတ်ရန်  တောင်းဆိုထားသည်။

ယူအာအင်းကမူ မူးယစ်ဆေးသုံးစွဲမှုကို ဝန်ခံခဲ့သော်လည်း အခြားလူများအား အားပေးအားမြှောက်ပြုမှု ၊ သက်သေဖျောက်ဖျက်မှုတို့ကို ငြင်းဆိုခဲ့သည်။နောက်ဆုံးလျှောက်လဲချက်တွင် ၎င်းက ယခုဖြစ်ရပ်ကြောင့် တစ် ဘဝလုံးစာ စဉ်းစားဆင်ခြင်ချိန်ရခဲ့ကြောင်း၊  ရှေ့လျှောက်ပိုမိုရင့်ကျက်ပြီး ချင့်ချိန်တတ်သူ အဖြစ်နှင့် လူ့အဖွဲ့အစည်းကို များစွာအကျိုးပြု သွားမည်ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ယူအာအင်းသည် အလုပ်နှင့်ပတ်သက်လျှင် အသေးစိတ်ဂရုစိုက်တတ်သူအဖြစ် သရုပ်ဆောင်အချင်းချင်းသာမက ဒါရိုက်တာများကပါ ချီးကျူးလေးစားရသူဖြစ်သည်။ သည်းထိတ်ရင်ဖို Hellbound ဇာတ်လမ်းတွဲတွင် ၎င်းပါခဲ့သော်လည်း Season 2 တွင် ပါမလာတော့ပေ။

Most Read

Most Recent