လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) နှင့် ခလရ(၆၈)အား သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းအမှားလွှင့်ခဲ့သည့် MNDAA က လားရှိုးမြို့တွင် သတင်းအမှားဖြန့်သူများကို အရေးယူမည်ဟု ထုတ်ပြန်လာ

လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) နှင့် ခလရ(၆၈)အား သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းအမှားလွှင့်ခဲ့သည့် MNDAA က လားရှိုးမြို့တွင် သတင်းအမှားဖြန့်သူများကို အရေးယူမည်ဟု ထုတ်ပြန်လာ
Published 25 July 2024

■ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) နှင့် ခလရ(၆၈)အား သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းအမှားလွှင့်ခဲ့သည့် MNDAA က လားရှိုးမြို့တွင် သတင်းအမှားဖြန့်သူများကို အရေးယူမည်ဟု ထုတ်ပြန်လာ

■ လားရှိုးမြို့တွင် ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသည့် ကိုစိုင်းလားရှိုး စနှိုက်ပါဖြင့်ပစ်ခတ်ခံရပြီး ခြေထောက်ကျည်ထိမှန်ဒဏ်ရာရ

လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) နှင့် ခလရ(၆၈)အား သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းအမှားလွှင့်ခဲ့သည့် MNDAA က လားရှိုးမြို့တွင် သတင်းအမှားဖြန့်ချိသူများကို အရေးယူမည်ဟု ဇူလိုင် ၂၅ ရက်တွင် တရုတ်ဘာသာဖြင့် ထုတ်ပြန်လာသည်။  

MNDAA အဖွဲ့ကထုတ်ပြန်ရာတွင် လားရှိုးမြို့အုပ်ချုပ်ရေးကော်မရှင်ဖွဲ့စည်းပြီး လားရှိုးမြိုအား အထူးအုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ကာ နယ်မြေလုံခြုံရေးဆောင်ရွက်ဖြစ်ကြောင်းနှင့် သတင်းအမှားဖြန့်သူများကို အရေးယူမည်ဟု ဖော်ပြထားသည်။ 

ထို့ပြင် မြို့လုံခြုံရေးအား အထူးရဲများက ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များနှင့်အတူ နယ်မြေလုံခြုံရေးကို ခုခံကာကွယ်မည်ဖြစ်ကြောင်း၊ လားရှိုးတစ်ဝိုက်တွင် မဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲမဖြစ်ရန်နှင့် အတင်းအဓမ္မဖြင့် အများပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ပါက စစ်စည်းကမ်းဖြင့် အရေးယူမည်ဖြစ်ကြောင်း စသည်ဖြင့် MNDAA အဖွဲ့က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

လားရှိုးရှိ ခလရ(၆၈) အား MNDAA အဖွဲ့က ဇူလိုင် ၂၃ ရက်က သိမ်းပိုက်ရရှိခဲ့သည်ဟု MNDAA သတင်းအရင်းအမြစ်၏ ပြောကြားချက်ကိုကိုးကား၍ Exile Media များတွင် ဖော်ပြခဲ့သော်လည်း ယင်းသတင်းမှာ မှန်ကန်မှုမရှိဘဲ ခလရ(၆၈) မှာ ဇူလိုင် ၂၅ ရက်အထိ တိုက်ပွဲဖြစ်ပွားဆဲဖြစ်သည်။ 

ထို့ပြင် ဇူလိုင် ၂၅ ရက်တွင် ကိုးကန့် MNDAA အဖွဲ့က  အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းမှားထပ်မံထုတ်ပြန်ခဲ့သလို ၎င်းတို့၏ထုတ်ပြန်ချက်ကို ကိုးကား၍ Exlie မီဒီယာများတွင်လည်း သတင်းများဖော်ပြခဲ့သည်။ 

Eleven Media ၏ စုံစမ်းမှုအရ ရမခ စစ်တိုင်းဌာနချုပ်တွင် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လားရှိုးမြို့အနီးရှိ ၅၀၇ တပ်စခန်းကုန်းတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး MNDAA နှင့် တပ်မတော်ကြား ယင်းနေရာတွင် အပြန်အလှန် တိုက်ပွဲများ ပြင်းထန်သည်ဟု သိရသည်။ 

ထို့ပြင် နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို MNDAA က ထိန်းချုပ်နိုင်ပြီဆိုသော သတင်းများသည် မှန်ကန်မှုမရှိဘဲ လားရှိုးမြို့ရှိ အချို့သောမြို့စွန်ရပ်ကွက်များသို့ သောင်းကျန်းသူများ စိမ့်ဝင်လာသည့်အတွက် လိုက်လံရှင်းလင်းနေကြောင်း မီဒီယာများကို ဖြေကြားထားသည်။ 

ထို့အပြင် လားရှိုးမြို့ တိုက်ပွဲများအတွင်း အရေးပါသည့် ၅၀၇ တပ်စခန်းကုန်းကို တပ်မတော်ကလည်း ထိန်းချုပ်နိုင်ရန် လေကြောင်းပစ်ကူများနှင့် အပြင်းအထန်ခုခံကာ ပြန်လည်ထိုးစစ်ဆင်မှုများ ရှိနေကြောင်း သိရသည်။

ဒေသခံတစ်ဦး၏ လူမှုကွန်ရက်တွင် ရေးသားထားချက်အရ လားရှိုးမြို့တွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြို့စွန်ရပ်ကွက်များသို MNDAA အဖွဲ့ကဝင်ရောက်ကာ ပစ်ခတ်မှုများပြုလုပ်ကြောင်း၊ ရပ်ကွက်(၃)နှင့် ရပ်ကွက်(၄)အစပ် မိုင်တဲရုံးတစ်ဝိုက်တွင်လည်း မီးလောင်မှုဖြစ်ပွားကြောင်း၊  ရက်ကွက်(၄)နှင့် ရပ်ကွက်(၅)ဘက်တွင် ဒေသခံအများစု တိမ်းရှောင်သွားကြောင်း၊ ရပ်ကွက် ၁၂ ဘက်တွင် တိုက်ပွဲဖြစ်ပွားကြောင်း၊ ရပ်ကွက်(၉)ဘက်တွင် လူသွားလာမှုရှိကြောင်းနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုရှိသော်လည်း တိုင်းစစ်ဌာနချုပ်တွင်း ပစ်ခတ်မှုဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။ 

MNDAA အဖွဲ့သည် ဇူလိုင် ၂၃ ရက်ကလည်း လားရှိုးတိုက်ပွဲအတွင်း တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီးငါးဦးတို့ဦးဆောင်၍ တပ်ဖွဲ့ဝင်စုစုပေါင်း ၃ဝဝ ခန့် လက်နက်ချအလင်းဝင်ခဲ့သည်ဟု တပ်မတော်မှတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များအား လက်နက်ချသည့်ပုံစံ သတင်းထုတ်လွှင့်ခဲ့သည်။  

လားရှိုးမြို့တဝိုက်တွင် တပ်စွဲထားသည့် တပ်များမှ ဒုတိယဗိုလ်မှူးကြီး တစ်ဦးအပါအဝင် တပ်သား စုစုပေါင်း ၃၁၇ ဦး ဇူလိုင် ၂၁ ရက်မှာ ၎င်းတို့ထံ လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း  MNDAA က ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဒုဗိုလ်မှူးကြီးက ဗိုလ်မှူး ၂ ဦးကိုခေါ်ဆောင်ကာ ဗိုလ်ကြီး ၅ ဦးအပါအဝင် တပ်သားစုစုပေါင်း ၃၁၇ ဦးနှင့်အတူ လက်နက်ချခဲ့သည်ဟု ဆိုထားသည်။

လက်ရှိလားရှိုးတိုက်ပွဲအတွင်း တပ်မတော်ဘက်မှ တိုက်ခိုက်ရေးတပ်သားအများအပြား MNDAA အဖွဲ့ထံ လက်နက်ချသည့်ဖြစ်စဉ်မျိုးမရှိသေးဘဲ ု MNDAA ကထုတ်ပြန်ခဲ့သည့် ၎င်းတို့ထံလက်နက်ချ အလင်းဝင်သည်ဆိုသည့် တပ်မတော်သားများသည် လားရှိုးနှင့် မိုင် ၂၀ ခန့်အကွာရှိ မန်ဆမ်၊ ကုန်းမြှောင်အကြားရှိ အမှတ်(၁၁) စစ်အခြေခံ လေ့ကျင့်ရေးတပ်(စခတ-၁၁)မှ သင်တန်းသားသစ်များနှင့် နည်းပြများဖြစ်နေသည်။

MNDAA အဖွဲ့က ဇူလိုင် ၁၂ ရက်တွင် အဆိုပါသင်တန်းကျောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကျောင်းမှ သင်တန်းသားသစ်များနှင့် နည်းပြများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ၎င်းတို့အား ယခုအခါ တိုက်ခိုက်ရေးတပ်သားများ အလင်းဝင်ရောက်သည့်သဘော သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ လားရှိုးတိုက်ပွဲများနှင့်ပတ်သက်၍ MNDAA ဘက်မှ ထိုကဲသို့ သတင်းမှားများထုတ်ပြန်ပြောဆိုမှု နှစ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ယနေ့တွင် လားရှိုးနှင့်ပတ်သက်၍ သတင်းတု သတင်းမှားများ ဖြန့်လျင် အရေးယူမည်ဟုထုတ်ပြန်လာခြင်းက မေးခွန်းထုတ် ဝေဖန်စရာဖြစ်စေခဲ့သည်။ 

ဇူလိုင် ၂၅ ရက်တွင် လားရှိုးမြို့၌ တိုက်ပွဲများပြင်းထန်ခဲ့ပြီး လားရှိုးမြို့တွင် ပရဟိတလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် လူသိများသော ကိုစိုင်းလားရှိုး စနှိုက်ပါဖြင့်ပစ်ခတ်ခံရပြီး ခြေထောက်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကာ ၎င်းကိုမည်သည့် အဖွဲ့က ပစ်ခတ်ခဲ့သည်ကိုလည်း ကွဲကွဲပြားပြားမသိရပေ။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ကိုစိုင်း လားရှိုးက "ကျွန်တော်အဆင်ပြေပါတယ်၊ ခြေထောက်ပါပဲ မန်တလေး ပြန်ကုမယ်၊ စိတ်ဓာတ်မကျပါဘူး၊ စိတ်ကတော့မာမာပဲ၊ အားလုံး မိဘပြည်သူများ နေကောင်းကျန်းမာကြပါစေ အနရာယ်ကင်းပါစေ ကျွန်တော့အတွက် စိတ်မပူပါနဲ့ က်ိုယ့်ကိုယ်ပဲဂရုစိုက်ကြပါ"ဟု ပြောကြားသည်။

ကိုစိုင်းလားရှိုးသည် ရွှေသံလွင်နာရေးကူညီမှုအသင်းတွင် ဦးဆောင်နေသူတစ်ဦးဖြစ်ကာ လားရှိုးမြို့တိုက်ပွဲများဖြစ်ပွားချိန်တွင် ပရဟိတလုပ်ငန်းများကို ဆက်လက်လုပ်ငန်းလျက်ရှိပြီး လားရှိုးမြို့နှင့်ပတ်သက်သည့် သတင်းများကိုလည်း နေ့စဉ် ၎င်း၏လူမှုကွန်ရက်တွင် ဝေမျှနေသူဖြစ်သည်။ ၎င်းအနေဖြင့် သူ့အားမည်သူက မည်သည့်ဘက်မှ ပစ်ခတ်ခဲ့သည်ကို ပြောဆိုခြင်းမရှိသော်လည်းတပ်မတော်နှင့်နီးစက်သည့် တယ်လီဂရမ်ချန်နယ်များတွင် ထိုဖြစ်စဉ်မှာ မြို့ထဲသို့စိမ့်ဝင်လာသော MNDAA အဖွဲ့ဘက်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားပြောဆိုနေမှုများလည်းရှိနေသည်။ 

ထို့အတူ လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီမှုဆောင်ရွက်ပေးနေသူများအနက် Freedom Youth Volunteers-FYV အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် ဇူလိုင် ၂၃ ရက်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် ၎င်းတို့၏မော်တော်ယာဉ် ပစ်ခတ်ခံရသဖြင့် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

 

Most Read

Most Recent