လူသေဆုံးမှုများဖြစ်ခဲ့သည့် ဆူပူဆန္ဒပြမှုများအတွက် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဒါကာမြို့တွင် လူ ၅၀၀ ကျော်အား ဖမ်းဆီး

လူသေဆုံးမှုများဖြစ်ခဲ့သည့် ဆူပူဆန္ဒပြမှုများအတွက် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဒါကာမြို့တွင် လူ ၅၀၀ ကျော်အား ဖမ်းဆီး
ဇူလိုင် ၂၂ ရက်က ဒါကာမြို့တွင် လုံခြုံရေးစောင့်ကြပ်နေသည့် ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(Photo:AFP)
ဇူလိုင် ၂၂ ရက်က ဒါကာမြို့တွင် လုံခြုံရေးစောင့်ကြပ်နေသည့် ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(Photo:AFP)
Published 22 July 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကြီးအကျယ် ဂယက်ရိုက်ခဲ့ပြီး လူပေါင်း ၁၆၃ ဦး သေဆုံးခဲ့သည့် အဓိကရုဏ်း အခြေအနေများနှင့်ပတ်သက်၍ ဒါကာမြို့တွင် အတိုက်အခံခေါင်းဆောင်အချို့ အပါအဝင် လူ ၅၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၂၂ ရက် တွင် ပြောကြားခဲ့သည်။

လိုချင်သူများပြားသည့် အစိုးရအလုပ်အကိုင်နေရာများကို ခွဲတမ်းချရာတွင် နိုင်ငံရေးသဘောသက်ဝင်သည့် စနစ်အပေါ် ဆန့်ကျင်ဆန္ဒပြမှုများသည် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ ရာထူးသက်တမ်းအတွင်း အဆိုးရွားဆုံး ဆူပူအုံကြွမှု အခြေအနေတစ်ရပ်အဖြစ်သို့ တစ်မုဟုတ်ချင်း ရောက်ရှိသွားခဲ့သည်။

ဆန္ဒပြမှုများအတွင်း သေဆုံးခဲ့သည့် ကျောင်းသားများအတွက် တရားမျှတမှုရှိစေရန် ဆောင်ရွက်ပေးမည်ဟု ဝန်ကြီးချုပ်ဟာ ဆီနာက ကတိပြုထားသော်လည်း အစိုးရဝန်ထမ်းခေါ်ယူသည့် စည်းမျဉ်းများအပေါ် နိုင်ငံတစ်ဝန်း၌ ကန့်ကွက်ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်မည်ဟု ဘင်္ဂလားဒေ့ရှ် ကျောင်းသားများက ဇူလိုင် ၁၈ ရက်တွင် အခိုင်အမာပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်းရှိ မြို့များတွင် ကာဖျူးထုတ်ပြန်ထားပြီး စစ်သားများက ကင်းလှည့်လျက်ရှိကာ ဇူလိုင် ၁၈ ရက်မှစ၍ နိုင်ငံတစ်ဝန်း အင်တာနက်လိုင်းများ ဖြတ်တောက်ကာ နိုင်ငံပြင်ပသို့ သတင်းစီးဆင်းမှု များကို အကြီးအကျယ် ကန့်သတ်ထားသည်။

“ဆူပူအုံကြွမှုတွေ စတင်ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း အဓိကရုဏ်း အခြေအနေတွေနဲ့ပတ်သက်ပြီး လူ ၅၃၂ ဦးထက်မနည်းကို ဖမ်းဆီးထားတယ်”ဟု ဒါကာမြို့တော်ရဲတပ်ဖွဲ့၏ ပြောခွင့်ရ ဖာရွတ်ဟူစိန်က AFP သ တင်းဌာနသို့ ပြောကြားခဲ့သည်။

“ဖမ်းဆီးခံရသူတွေထဲမှာ BNP ခေါင်းဆောင်တချို့လည်း ပါဝင်တယ်”ဟု အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီကို ရည်ညွှန်းပြောဆိုခဲ့သည်။

ဇူလိုင် ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်၏ ထိပ်တန်းတရားရုံးက အစိုးရအလုပ်အကိုင်နေရာများကို အခွင့်ထူးခံ အုပ်စုများအတွက် ခွဲတမ်းချထားသည့် ပမာဏကို လျှော့ချပေးခဲ့သည်။

သို့သော် ယင်းဆုံးဖြတ်ချက်သည် တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်များကို နှစ်သိမ့်နိုင်ခဲ့ခြင်းမရှိပေ။

အစိုးရအလုပ်အကိုင် နေရာများအတွက် ခွဲတမ်းချထားသည့် ပမာဏကို ဆန့်ကျင်ဆန္ဒပြရာမှ နိုင်ငံတစ်ဝန်း အဓိကရုဏ်း အခြေအနေများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၁၆၃ ဦး သေဆုံးခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြသည်။

လက်ရှိခွဲတမ်းစနစ်အရ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းများ၏ သားသမီးများ အပါအဝင် အခွင့်ထူးခံအုပ်စုအတွက် လစာကောင်းသော အစိုးရရာထူးနေရာများ၏ ထက်ဝက်ကျော်ကို သီးသန့်ဖယ်ထားခြင်းဖြစ်သည်။

ယင်းစနစ်သည် ဝန်ကြီးချုပ်ဟာဆီနာကို ထောက်ခံသည့် အစိုးရလိုလားသော အုပ်စုများ၏ သားသမီးများကိုသာ အကျိုးရှိစေသည်ဟု ဝေဖန်သူများက ဆိုသည်။ ဟာဆီနာသည် အတိုက်အခံ မည်မည်ရရမရှိသော ဇန်နဝါရီလ ရွေးကောက်ပွဲတွင် သက်တမ်းလေးကြိမ်ဆက် အနိုင်ရခဲ့သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများ၏နောက်ကွယ်တွင် ရှိနေသော ဘင်္ဂလားဒေ့ရှ် ကျောင်းသားအဖွဲ့အစည်းတစ်ခုက ဆန္ဒပြမှုများကို ၄၈ နာရီကြာ ရပ်နားထားမည်ဟု ဇူလိုင် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

“လည်ပတ်လှုပ်ရှားမှုတွေကို ရပ်ဆိုင်းစေခဲ့တဲ့ ဆန္ဒပြမှုတွေကို ၄၈ နာရီကြာ ရပ်နားထားမှာပါ။ ကာဖျူးပြန် ရုပ်သိမ်းပေးဖို့နဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့လည်း တောင်းဆိုတယ်”ဟု ၎င်းအဖွဲ့က ဆိုသည်။

Ref:AFP

Most Read

Most Recent