ဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှုများဖြစ်ပွားနေသည့် ဘင်္ဂလားဒေ့ရှ်တွင် စစ်တပ်က ကာဖျူးမိန့် ထုတ်ပြန်

ဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှုများဖြစ်ပွားနေသည့် ဘင်္ဂလားဒေ့ရှ်တွင် စစ်တပ်က ကာဖျူးမိန့် ထုတ်ပြန်
ဇူလိုင် ၁၈ ရက်က ဒါကာမြို့တော်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ခိုက်ရန်ဖြစ်ပွားနေစဉ်(Photo: AFP)
ဇူလိုင် ၁၈ ရက်က ဒါကာမြို့တော်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ခိုက်ရန်ဖြစ်ပွားနေစဉ်(Photo: AFP)
Published 20 July 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းတွင် အစိုးရ၏ အလုပ်အကိုင်ခွဲတမ်းချသည့်စနစ်ကို ဖျက်သိမ်းပေးရန် တောင်းဆိုဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှုများကို ရဲတပ်ဖွဲ့က နှိမ်နင်းနိုင်ခဲ့ခြင်းမရှိသဖြင့် စစ်တပ်က ဇူလိုင် ၁၉ ရက်တွင် ကာဖျူးမိန့်ထုတ်ပြန်ခဲပြီးနောက် စစ်သားများကို ဖြန့်ကြက်ချခဲ့သည်။

ယခုသီတင်းပတ်အတွင်း ဆန္ဒပြကျောင်း သားများနှင့် ရဲတပ်ဖွဲ့အကြား ခိုက်ရန်ဖြစ်ပွားမှုများကြောင့် လူ ၁၁၅ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဆေးရုံများ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။

ယခုဆန္ဒပြမှုဖြစ်စဉ်သည် ဝန်ကြီးချုပ် ရှိတ်ဟာစီနာအစိုးရအဖွဲ့၏ ၁၅ နှစ်သက်တမ်းတွင် ကြီးမားသည့် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့သည်။

“အစိုးရအဖွဲ့ဟာ ပြည်သူ့အာဏာပိုင်တွေကို ကူညီဖို့ ကာဖျူးမိန့်ထုတ်ပြန်ပြီး စစ်တပ်ကို ဖြန့်ကြက်ချထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဟာစီနာ၏ သတင်းပြန်ကြားရေးအတွင်းရေးမှူး နာယီမူလ် အစ္စလာမ်ခန်းက အေ အက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ယခုထုတ်ပြန်ထားသည့် ကာဖျူးမိန့်သည် ဇူလိုင် ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီအထိ အကျုံးဝင်သက်ရောက်မည်ဟု ၎င်းကဆိုသည်။

ဇူလိုင် ၂၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်၏မြို့များတွင် စစ်သားအင်အားအများအပြားကို ဖြန့်ကြက်ချထားခဲ့ပြီး ဝန်ကြီးချုပ် ဟာစီနာသည် ပြည်ပသံတမန်ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

ဒါကာမြို့တော်တွင် ဆူပူအုံကြွမှုများမဖြစ်စေရန် အားထုတ်ကြိုးပမ်းမှုအဖြစ် ရဲတပ်ဖွဲ့က လူစုလူဝေးများ ပြုလုပ်မှုအားလုံးကို တားမြစ်ပိတ်ပင်ခဲ့ပြီး ထိုတားမြစ်မှုသည် ဆန္ဒပြမှုများစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမ ဆုံးအကြိမ်တားမြစ်ပိတ်ပင်မှုဖြစ်ခဲ့သည်။

“ဒီနေ့ ဒါကာမြို့တော်မှာ လူစုလူဝေးပြုလုပ်မှုပုံစံအားလုံးကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်”ဟု ရဲတပ်ဖွဲ့အကြီးအကဲ ဟာဘီဘာရာမန်က ပြောကြားခဲ့ပြီး အများပြည်သူဘေးကင်းလုံခြုံရေးကို စိတ်ချသေချာစေရန်အ တွက်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ကာဖျူးမိန့်ကြေညာခဲ့သည့်တိုင် ဒါကာမြို့တော်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့မှုများကို ရပ်တန့်နိုင်ခဲ့ခြင်းမရှိ နေရာကွက်ကြား ခိုက်ရန်ဖြစ်ပွား မှုများရှိခဲ့သည်။

“ကျွန်တော်တို့ ဆက်ပြီးဆန္ဒပြသွားမှာပါ။ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ရာထူးကချက်ချင်း နုတ်ထွက်ပေးစေချင်ပါတယ်။ သေဆုံးမှုတွေအတွက် အစိုးရမှာ တာဝန်ရှိပါတယ်”ဟု ဆန္ဒပြမှုတွင် ပါဝင်သည့် ဆာဝါတူရှာက ပြောကြားခဲ့သည်။

ဆန္ဒပြကျောင်းသားများသည် ဘင်္ဂလားဒေ့ရှ် အလယ်ပိုင်းနာဆင်ဒီမြို့ရှိ အကျဉ်းထောင်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီး အကျဉ်းသားများကို လွှတ်ပေးခဲ့ကာ အကျဉ်းထောင်ကို မီးရှို့ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်တွင် အကျဉ်းသားရာချီလွတ် မြောက်သွားကြောင်းရဲတပ်ဖွဲ့က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရ၏ အလုပ်အကိုင်များ ခွဲတမ်းချသည့် စနစ်အရ လစာကောင်းသည့် အစိုးရဝန်ထမ်းနေရာစုစုပေါင်း၏ ထက်ဝက်ကျော်ဖြစ်သည့် သောင်းနှင့်ချီသည့် ဝန်ထမ်းနေရာများကို ၁၉၇၁ ခု နှစ်က ပါကစ္စတန်နှင့်ဖြစ်ပွားသည့် ဘင်္ဂလားဒေ့ရှ်လွတ်မြောက်ရေးစစ်ပွဲအတွင်းမှ စစ်မှုထမ်းဟောင်းများ၏ ကလေးများပါဝင်သည့် အထူးအုပ်စုအတွက်လျာထားခြင်းဖြစ်ကာ ထိုစနစ်ကို ဖျက်သိမ်းပေးရန် ကျောင်းသား များက တောင်းဆိုခဲ့သည်။         

Ref: AFP

Most Read

Most Recent