သူလျှိုစွပ်စွဲချက်များနှင့်ပတ်သက်၍ ရုရှား၏ ဝေဖန်မှုကို သြစတြေးလျဝန်ကြီးချုပ် ပယ်ချ

သူလျှိုစွပ်စွဲချက်များနှင့်ပတ်သက်၍ ရုရှား၏ ဝေဖန်မှုကို သြစတြေးလျဝန်ကြီးချုပ် ပယ်ချ
ဇွန် ၂၇ ရက်က သြစတြေးလျနိုင်ငံ ကန်ဘာရာမြို့တော်ရှိ အောက်လွှတ်တော်တွင်  သြစတြေးလျဝန်ကြီးချုပ်(လယ်)ကို တွေ့ရစဉ်(Photo: AFP)
ဇွန် ၂၇ ရက်က သြစတြေးလျနိုင်ငံ ကန်ဘာရာမြို့တော်ရှိ အောက်လွှတ်တော်တွင်  သြစတြေးလျဝန်ကြီးချုပ်(လယ်)ကို တွေ့ရစဉ်(Photo: AFP)
Published 13 July 2024

ရုရှားအစိုးရအတွက် သူလျှိုလုပ်ပေးနေသည်ဟု စွပ်စွဲကာ ဘရစ်ဘိန်းအခြေစိုက်စုံတွဲတစ်တွဲ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ရုရှား၏ဝေဖန်မှုကို သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်ဘန်နိ့စ်က ဇူလိုင် ၁၃ ရက်တွင် ပယ်ချခဲ့ပြီး ရုရှားအစိုးရအား ထောက်လှမ်းနေမှုများကို ရပ်တန့်ရန်ပြောကြားခဲ့သည်။

အယ်ဘန်နိ့စ်က ရုရှားသည် ယုံကြည်စိတ်ချနိုင်ဖွယ်မရှိဘဲ ရုရှားအစိုးရသည် ၎င်းတို့နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းလုံးတွင် ထောက်လှမ်းမှုများကို လုပ်ဆောင်လျက်ရှိသည်ဟု စွပ်စွဲပြောကြားခဲ့သည်။

“ရုရှားကို ပေးချင်တဲ့သတင်းစကားကတော့ ထောက်လှမ်းနေတာတွေ ရပ်တန့်လိုက်ဖို့ ဖြစ်ပါတယ်”ဟု၎င်းက ဘရစ်ဘိန်းမြို့တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။ အယ်ဘန်နိ့စ်က ယူကရိန်းတွင် လက်ရှိဖြစ်ပွားနေသည့်ပဋိပက္ခနှင့် ပတ်သက်၍လည်း ရုရှားကို ဝေဖန်ပြောကြားခဲ့သည်။

သြစတြေးလျရဲတပ်ဖွဲ့က ရုရှားနိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားကြသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနှင့်၎င်း၏ ခင်ပွန်းဖြစ်သူ အသက် ၆၂ နှစ်အရွယ်အမျိုးသားတို့ကို ဖမ်းဆီးခဲ့ကာ သူလျှိုလုပ်မှုစွဲချက်များဖြင့် တရားစွဲဆိုထားသည်ဟု ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့ပြီးနောက် ရုရှားသံရုံးက ထုတ်ပြန်သည့် ဝေဖန်မှုကို အယ်ဘန်နိ့စ်က တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

ကန်ဘာရာမြို့တော်ရှိ ရုရှားသံရုံးကလူ မှုမီဒီယာ X တွင် ထုတ်ပြန်သော ပို့စ်တစ်ခု၌ ဖမ်းဆီးမှုများနှင့် မီဒီယာတွင် သတင်းဖော်ပြမှုများသည် သြစတြေးလျတွင် ရုရှားဆန့်ကျင်သည့် ယုံမှားသံသယလွန်ကဲမှုနောက်ထပ် လှိုင်းတစ်ရပ်ကို စတင်ရန်ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

၎င်းတို့အနေဖြင့် ယင်းအခြေအနေနှင့် ပတ်သက်၍ သြစတြေးလျအာဏာပိုင်များထံမှ တရားဝင်လက်ရေးဖြင့် ရေးသားထားသော သတင်းအချက်အလက်ကို တောင်းခံထားကြောင်း သံရုံးက ပြောကြားခဲ့သည်။

ဇူလိုင် ၁၁ ရက်က ဘရစ်ဘိန်းရှိ၎င်းတို့ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရသောထိုစုံတွဲသည် သြစတြေးလျစစ်တပ်ထံမှ အမျိုးသားလုံခြုံရေးနှင့် ဆက်နွှယ်သော ပစ္စည်းများကိုရယူအသုံးပြုသည်ဟု စွပ်စွဲခံထားရသည်။၎င်းတို့သည် ပြစ်မှုထင်ရှားစီရင်ခံရမည်ဆိုလျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ခြေရှိသည်။

စွပ်စွဲခံထားရသော အမျိုးသမီးသည်သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့တွင် တပ်သားတစ်ဦးဖြစ်ခဲ့ကာ သတင်းအချက်အလက်စနစ်နည်းပညာရှင်တစ်ဦးအဖြစ် ကာကွယ်ရေးတပ်ဖွဲ့အတွင်း နှစ်ပေါင်းများစွာကြာအလုပ် လုပ်ကိုင်ခဲ့သည်ဟု သြစတြေးလျရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သူသည် စစ်တပ်မှ ကာလကြာရှည်ခွင့် ရက်ယူထားချိန်တွင်ရုရှားသို့ ကြေညာထားခြင်းမရှိဘဲ ခရီးသွားရောက်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ရုရှားနိုင်ငံတွင် ရှိနေချိန်၌ သူသည်ခင်ပွန်းဖြစ်သူ(ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ)အား သြစတြေးလျရှိနေအိမ်တွင်၎င်း ၏တရားဝင်အကောင့်အတွင်းသို့ မည်ကဲ့သို့ ဝင်ရောက်ရမည်နည်းဟု မေးမြန်းခဲ့သည်။

ရဲတပ်ဖွဲ့က ၎င်း၏ခင်ပွန်းအားတောင်းခံထားသော ပစ္စည်းများကို ရယူကာ ရုရှားနိုင်ငံရှိ ၎င်း၏ဇနီးထံသို့ ပေးပို့ခဲ့သည်ဟုစွပ်စွဲခဲ့သည်။

စွပ်စွဲခံထားရသည့် အမျိုးသမီးနှင့်၎င်း၏ ခင်ပွန်းဖြစ်သူတို့သည် ၂၀၁၆ ခုနှစ်နှင့်၂၀၂၀ ပြည့်နှစ်တို့တွင် သြစတြေးလျနိုင်ငံသားအဖြစ် အသီးသီးရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

Ref: AFP

Most Read

Most Recent