အမ်ဘာပေအနေဖြင့် PSG အသင်းထံမှ နှစ်လစာနှင့် အပိုဆုကြေး ယူရိုသန်း ၈၀ ရရန် ကျန်ရှိနေပြီး ပျက်ကွက်ပါက တရားစွဲဆိုရန် ပြင်ဆင်ထားကြောင်း မိခင်ဖြစ်သူ ပြောကြား

အမ်ဘာပေအနေဖြင့် PSG အသင်းထံမှ နှစ်လစာနှင့် အပိုဆုကြေး ယူရိုသန်း ၈၀ ရရန် ကျန်ရှိနေပြီး ပျက်ကွက်ပါက တရားစွဲဆိုရန် ပြင်ဆင်ထားကြောင်း မိခင်ဖြစ်သူ ပြောကြား
Photo: Reuters
Photo: Reuters
Published 20 July 2024

 

ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ သွားပြီဖြစ်သည့် ပြင်သစ်ကြယ်ပွင့်ကစားသမား ကီယန်အမ်ဘာပေအနေဖြင့် အသင်းဟောင်း PSG ထံမှ နှစ်လစာနှင့် အပိုဆုကြေး ယူရိုသန်း ၈၀ ရရန် ကျန်ရှိနေပြီး ပျက်ကွက်ပါက တရားစွဲဆိုရန် ပြင်ဆင်ထားကြောင်း မိခင်ဖြစ်သူ ဖေဇာလာမာရီက ပြောကြားခဲ့သည်။

အသက် ၂၅ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် အမ်ဘာပေသည် PSG အသင်းနှင့် စာချုပ်သက်တမ်းမတိုးဘဲ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ငါးနှစ် စာချုပ် ချုပ်ဆိုထားသည်။ အမ်ဘာပေအနေ ဖြင့် PSG အသင်းထံမှ ၂၀၂၄ ခုနှစ်အတွက် လစာနှစ်လစာနှင့် အပိုဆုကြေး ယူရိုသန်း ၈၀ ရရှိရန် ကျန်ရှိနေသေးကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားမှုကိုကိုးကား၍ ESPN သတင်းဌာနက ဖော်ပြခဲ့သည်။ Le Parisien သတင်းစာက PSG အသင်းအား တရားရုံး၌ ရင်ဆိုင်ရန် အသင့်ပြင်ထားပြီလားဟု မေးမြန်းမှုအပေါ် အမ်ဘာပေ၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် မိခင်ဖြစ်သူက ယခုလို ဖြေကြားခြင်းဖြစ်သည်။

"တကယ်လို့ ကျွန်မတို့မှာ ရွေးချယ်စရာ မရှိဘူးဆိုရင် အဲဒီလိုပဲ လုပ်ရမှာပါ။ အခု လောလောဆယ်တော့ လွန်ခဲ့တဲ့နှစ်နှစ်က ချုပ်ဆိုခဲ့တဲ့စာချုပ်ကို လေးစားမှုရှိဖို့ပဲ ကျွန်မ တကယ်မျှော်လင့်ပါတယ်။ ကီယန်က အဲဒီအကြောင်း ပြောသည်ဖြစ်စေ၊ မပြောသည် ဖြစ်စေ၊ အဲဒါကို သူလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အခုလိုပြောနေတာတွေကို ရပ်လိုက်ကြရအောင်။ တကယ်တော့ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်မရော PSG ဘက်က ကိုယ်စားလှယ်တွေပါ ဘယ်သူမှမပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ နှစ်နှစ်အတွင်းမှာ တစ်ကြိမ်ကလွဲပြီး ကီယန်နဲ့ ဥက္ကဋ္ဌ (နက်ဆာအယ်လ်ခီလိုင်ဖီ) တို့က တစ်ဦးချင်းပဲတွေ့ဆုံ ခဲ့တာကြောင့်ပါ။ ဖေဖော်ဝါရီမှာထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကြောင့် ကီယန်ကစားတာကို တားဆီးလို့မရခဲ့ပါဘူး" ဟု လာမာရီက ပြောကြားခဲ့သည်။

PSG အသင်းသည် အမ်ဘာပေထွက်ခွာသွားခြင်းကြောင့် ငွေကြေးဆုံးရှုံးမှုကာမိစေရန်အတွက် ၎င်းအား ပေးရန်ကျန်ရှိသည့်  ငွေကြေးကို ပေးချေတော့မည်မဟုတ်ဘဲ ယင်းအချက်ကို ပြီးခဲ့သည့်နှစ် သြဂုတ်တွင် ကစားသမားကိုယ်တိုင် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ESPN သတင်းဌာန သို့ ပြောကြားခဲ့သည်။ အမ်ဘာပေသည် PSG အသင်းတွင် ၂၀၁၇ မှ ၂၀၂၄ ခုနှစ်အထိ ခုနစ်ရာသီကြာ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၀၈ ပွဲကစား၊ ၂၅၆ ဂိုးသွင်းယူကာ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။

အမ်ဘာပေသည် ရီးယဲလ်အသင်းတွင် စီရော်နယ်လ်ဒိုနှင့် ဘန်ဇီမာဝတ်ဆင်ခဲ့သည့် နံပါတ် ၉ ဝတ်ဆင်ကစားမည်ဖြစ်ပြီး မိတ်ဆက်ပွဲအခမ်းအနားသို့ ပရိသတ် ၈၀၀၀၀ အထိ လာရောက်အားပေးခဲ့ကြသည်။

Most Read

Most Recent