ဗီဒီယိုဖိုင်အတွက် အန်ဇိုဖာနန်ဒက်ဇ် တောင်းပန်ခဲ့ပြီး မိမိသည် ခွဲခြားမှုများကို ဆန့်ကျင်သူဖြစ်ကြောင်း ရှင်းလင်း

ဗီဒီယိုဖိုင်အတွက် အန်ဇိုဖာနန်ဒက်ဇ် တောင်းပန်ခဲ့ပြီး မိမိသည် ခွဲခြားမှုများကို ဆန့်ကျင်သူဖြစ်ကြောင်း ရှင်းလင်း
Photo: Enzo Fernandez X
Photo: Enzo Fernandez X
Published 18 July 2024

ချယ်လ်ဆီးကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်က ပြင်သစ်ကစားသမားများကို လူမျိုးရေးခွဲခြားသော သီချင်းသီဆိုထားသည့် ဗီဒီယိုဖိုင်အတွက် ပြန်လည်တောင်းပန်ခဲ့ပြီး မိမိသည် ခွဲခြားမှုများအားလုံးကို ဆန့်ကျင်သူဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အန်ဇိုဖာနန်ဒက်ဇ်သည် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် အောင်ပွဲခံရာ ပြင်သစ်ကစားသမားများကို လူမျိုးရေးခွဲခြားသော သီချင်းကို လက်ရွေးစင်အသင်းဖော်များနှင့်အတူ သီဆိုခဲ့ပြီး ယင်းဗီဒီယိုကို ၎င်း၏ Instagram တွင် တင်ခဲ့ခြင်းဖြစ်သည်။

အန်ဇိုဖာနန်ဒက်ဇ်သည် ဝေဖန်မှုများခံရပြီးနောက် ၎င်း၏လုပ်ရပ်အတွက် တောင်းပန်ကြောင်း Instagram Story တွင် တင်ခဲ့ခြင်းဖြစ်သည်။

''နိုင်ငံအသင်းနဲ့အတူ အောင်ပွဲခံတဲ့ ဗီဒီယိုကို ကျွန်တော့်ရဲ့ Instagram Channel မှာ တင်ခဲ့ခြင်းအတွက် ကျွန်တော် ရိုးသားစွာ တောင်းပန်ပါတယ်။ (ကျွန်တော်တို့ သီဆိုခဲ့တဲ့) သီချင်းမှာ တစ်ဖက်သားကို ဒေါသထွက်စေတဲ့ ဘာသာစကားတွေ ပါဝင်ခဲ့ပါတယ်။ အဲဒီစကားလုံးတွေအတွက် ဆင်ခြေပေးစရာ မရှိပါဘူး။ ကျွန်တော်ဟာ ကွဲပြားခြားနားမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေအားလုံးကို ဆန့်ကျင်ခဲ့သူပါ။ ကိုပါအမေရိကအောင်ပွဲခံမှုမှာ အခုလိုဖြစ်ခဲ့တဲ့အတွက် ကျွန်တော် အနူးအညွှတ်တောင်းပန်ပါတယ်။ အဲဒီဗီယို၊ အဲဒီအခိုက်အတန့်၊ အဲဒီစကားလုံးတွေက ကျွန်တော့်ရဲ့ယုံကြည်မှုနဲ့ စရိုက်အမှန် မဟုတ်ပါဘူး။ ကျွန်တော် အမှန်တကယ်တောင်းပန်ပါတယ်''ဟု ၎င်း၏ Instagram Story တွင် ရေးသားခဲ့သည်။ 

Most Read

Most Recent