အင်္ဂလန်နည်းပြရာထူးအတွက် ဂွါဒီယိုလာကို စောင့်ဆိုင်းရန်ထက် လီဗာပူးလ်နည်းပြဟောင်း ကလော့ပ်အား ခန့်အပ်ရန် လိုင်နီကာ တိုက်တွန်း

အင်္ဂလန်နည်းပြရာထူးအတွက် ဂွါဒီယိုလာကို စောင့်ဆိုင်းရန်ထက် လီဗာပူးလ်နည်းပြဟောင်း ကလော့ပ်အား ခန့်အပ်ရန် လိုင်နီကာ တိုက်တွန်း
Photo: X
Photo: X
Published 18 July 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် အင်္ဂလန်ဂန္ထဝင်ကစားသမား ဂယ်ရီလိုင်နီကာက ဆောက်ဂိတ် ထွက်ခွာသွားခြင်းကြောင့် လစ်လပ်နေသည့် အင်္ဂလန်နည်းပြရာထူးအတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာကို စောင့်ဆိုင်းရန်ထက် လီဗာပူးလ်အသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် ယာဂန်ကလော့ပ်ကို အစားထိုးခန့်အပ်ရန် တိုက်တွန်းပြောကြားခဲ့သည်။

အသက် (၅၃) နှစ်အရွယ်ရှိ အင်္ဂလိပ်လူမျိုးနည်းပြ ဆောက်ဂိတ်သည် အင်္ဂလန်အသင်းကို ၂၀၁၆ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်နှင့် ယူရိုပြိုင်ပွဲတွင် (၂) ကြိမ်ဆက်တိုက် ဗိုလ်လုပွဲအထိ ပို့ ဆောင်ပေးနိုင်ခဲ့သည်။

ဆောက်ဂိတ်သည် အင်္ဂလန်အသင်းနှင့် ယခုနှစ်ကုန်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ပရိသတ်များ မျှော်လင့်သည့်အတိုင်း စွမ်းဆောင်နိုင်ခြင်းမရှိသဖြင့် ဇူလိုင် (၁၆) ရက်တွင် အသင်းနည်းပြရာထူးမှနုတ်ထွက်ခဲ့သည်။

လက်ရှိတွင် ဆောက်ဂိတ်၏ အင်္ဂလန်နည်းပြရာထူးကို ဆက်ခံရန်အတွက် နယူးကာဆယ်အသင်းမှ အင်္ဂလိပ်လူမျိုးနည်းပြ အက်ဒီဟောင်းက (၁၁း၄)လေးဖြင့် ထိပ်ဆုံးမှ ရေပန်းစားနေပြီး ၎င်းနောက်တွင် အသင်းလက်မဲ့ ဖြစ်နေသည့် ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာက (၃း၁)လေး၊ အင်္ဂလန်ယူ-၂၁ နည်းပြ ကာစလေက (ရး၂)လေး၊ ချယ်လ်ဆီးနည်းပြဟောင်း ပိုချက်တီနိုနှင့် လီဗာပူးလ်နည်းပြဟောင်း ကလော့ပ်တို့က (၁၂း၁)လေးစီဖြင့် အစဉ်လိုက်ရပ်တည်နေပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာမှာလည်း (၂၈း၁)လေးဖြင့် ရေပန်းစားသူများထဲတွင် ပါဝင်နေသည်။

Daily Mail ၏ဖော်ပြချက်အရ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) တာဝန်ရှိသူများသည် မန်စီးတီးအသင်းနှင့် ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် နာမည်ကျော်စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်ရန် အလိုရှိနေကြောင်း သိရှိရသည်။

သို့သော် ဂယ်ရီလိုင်နီကာက မသေချာသည့် ဂွါဒီယိုလာအား စောင့်ဆိုင်းခြင်းထက် လက်ရှိတွင် အသင်းလက်မဲ့ ဖြစ်နေသည့် လီဗာပူးလ်နည်းပြဟောင်း ကလော့ပ်ကို အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်ရန် အစွမ်းကုန်ကြိုးစားသင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂယ်ရီလိုင်နီကာက '' ဆောက်ဂိတ်နေရာမှာ အင်္ဂလိပ်နည်းပြတွေပဲ ခန့်မယ်ဆိုရင် အက်ဒီဟောင်းက အသင့်တော်ဆုံးပါ။ လမ်းပတ်လည်း မဆိုးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကလော့ပ်ကို နည်းပြအဖြစ် ခန့်ဖို့ကြိုးစားသင့်ပါတယ်။ သူက အလုပ်လည်း မရှိဘူး။ အနားလည်း နည်းနည်းယူပြီးပြီလေ။ FA က ကလပ်အသင်းတွေလောက် လစာပေးမယ် မထင်ဘူး။ ဂွါဒီယိုလာကို လူတိုင်းကြိုက်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်တဲ့ ကလော့ပ်ကိုပဲ ကြိုးစားသင့်ပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent