မြန်မာ ယူ-၁၆ အသင်းကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး နည်းပြချုပ် မီတ နေရာတွင် အစားထိုးခန့်အပ်မည်

မြန်မာ ယူ-၁၆ အသင်းကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး နည်းပြချုပ် မီတ နေရာတွင် အစားထိုးခန့်အပ်မည်
Photo : MFF
Photo : MFF
Published 18 July 2024

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)သည် မြန်မာ ယူ-၁၆ အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ပြီး လက်ရှိနည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား မီတနေရာတွင် နည်းပြတစ်ဦးဖြင့် အစားထိုးခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၆ အသင်းသည် ပြီးခဲ့သည့်ဇွန်လအတွင်းက ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဘရူနိုင်းအသင်းကိုသာ အနိုင်ရခဲ့ပြီး ကမ္ဘောဒီးယားနှင့် ဗီယက်နမ်အသင်းတို့ကို ရှုံးနိမ့်ကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

ထို့ကြောင့် MFFသည် မြန်မာ ယူ-၁၆ အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်ဆုံးဖြတ်ခဲ့ပြီး ဂျပန်နိုင်ငံသား မီတအား နည်းပြချုပ်ရာထူးမှ အနားပေးကာ MFF နည်းစနစ်ဒါရိုက်တာ တာဝန်ကိုသာ ထမ်းဆောင်စေမည်ဖြစ်ကြောင်း သိရသည်။

MFF သည် မြန်မာ ယူ-၁၆ အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် လက်ရှိတွင် မြန်မာ ယူ-၁၆ MFFအသင်းကို ကစားသမား (၃၁) ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးမင်းသူက တာဝန်ယူကိုင်တွယ်လျက်ရှိကြောင်း သိရသည်။

မြန်မာ ယူ-၁၆(B) အသင်းကို အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)တို့မှ ခြေစွမ်းကောင်းမွန်သည့် ကစားသမားများနှင့် FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲမှ ခြေစွမ်းကောင်းမွန်သည့် ကစားသမားများတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။

၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲဝင်ခဲ့သည့် မြန်မာ ယူ-၁၆ အသင်းကို အသင်း (A) အဖြစ် သတ်မှတ်ကာ နည်းပြချုပ်အဖြစ် ဦးအောင် ဇော်မျိုးက တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်သည်။

MFF သည် မြန်မာ ယူ-၁၆ အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် (A၊ B) အသင်းနှစ်သင်းကို ဇူလိုင် (၂၃၊ ၂၄၊ ၂၅) ရက်တွင် သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၁)၌ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent