အသက် ၂၈ နှစ်အရွယ်ရှိ ရုရှားအလှဖန်တီးရှင် မော်ဒယ်တစ်ဦးနှင့် ဂျွန်နီဒပ်တို့ တွဲနေ

အသက် ၂၈ နှစ်အရွယ်ရှိ ရုရှားအလှဖန်တီးရှင် မော်ဒယ်တစ်ဦးနှင့် ဂျွန်နီဒပ်တို့ တွဲနေ
Photo: The Blast
Photo: The Blast
Published 17 July 2024

အမေရိကန်သရုပ်ဆောင်ဂျွန်နီဒပ် လတ်တလောတွင် ရုရှားမော်ဒယ် ၊အလှဖန်တီးရှင်တစ်ဦးနှင့် တွဲနေသည်ဟု သတင်းများ ထွက်လာသည်။

အသက် ၆၁ နှစ်ရှိပြီဖြစ်သည့် ဒပ်သည်  ဇနီးဟောင်း ရုပ်ရှင်မင်းသမီးအမ်ဘာဟတ်နှင့် ဟိုးလေးတကျော်အမှုတွင် အနိုင်ရပြီးနောက်၊ လန်ဒန်တွင်နေထိုင်လျက်ရှိကာ ၎င်းဝါသနာပါသည့် ပန်းချီအလုပ်ကို လုပ်ကိုင်နေသည်။လန်ဒန်တွင်ဒပ်နှင့် တွဲသွားတွဲလာလုပ်နေသည့်အမျိုးသမီးက  ၎င်းနှင့်အသက် ထက်ဝက်ကျော်ငယ်သည့် ယူလီယာဗလာ ဆိုဗာ ဆိုသူဖြစ်သည်။

 လက်ရှိအသက် ၂၈ နှစ်အရွယ်ရှိ ဗလာဆိုဗာနှင့် ဂျွန်နီဒပ်တို့ ၂၀၂၁ ခုနှစ်က စသိခဲ့ကြပြီး  နောက်ပိုင်းနှစ်များတွင် ၎င်းတို့နှစ်ဦး  သွားသွားလာလာရှိလာကြသည်။ဒပ်နှင့်နီးစပ်သူများကိုယ်တိုင်က ပြီးခဲ့သည့် နှစ်နှစ်အတွင်း ၎င်းတို့နှစ်ဦးတွေ့ဖြစ်သည်ဟု Mail Online ကို အတည်ပြုပြောထားသည်။

ဒပ်နှင့်ဗလာဆိုဗာတို့ ပြီးခဲ့သည့်သီတင်းပတ်က  London Heliport ရဟတ်ယာဉ်ကွင်းမှ အတူထွက်လာပုံများ အွန်လိုင်းတွင်တက်လာသေးသည်။ ဗလာဆိုဗာသည်  ချက်နိုင်ငံ၊ ပရာ့ဂ်မြို့တွင်အခြေစိုက်နေထိုင်ပြီး မိတ်ကပ် နှင့်ဆံပင် အလှပြင်စတူဒီယိုတစ်ခု ကိုယ်ပိုင်ဖွင့်ထားသည်။

သတင်းပေးများအဆိုအရ ဗလာဆိုဗာသည် ၂၀၂၁ ခုနှစ်၊ သြဂုတ်တွင်ကျင်းပသည့် ၅၅ ကြိမ်မြောက် Karlovy Yary ရုပ်ရှင်ပွဲတော်တွင် ဂျွန်နီဒပ်နှင့်စဆုံခဲ့သည်။ထို့နောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်တွင်  ပရာ့ဂ်မြို့၌ကျင်းပသည့် ဒပ်၏မိတ်ဆွေ ဂျက်ဖ်ဘက်၏ရှိုးပွဲ၌ ဗလာဆိုဗာနှင့်ဒပ်တို့ အတူရှိနေခဲ့သည်။ ထိုအချိန်က အမ်ဘာဟတ်နှင့်အမှု နိုင်ပြီး လပိုင်း အကြာသာရှိသေးသည်။

ဗလာဆိုဗာက ဒပ်နှင့်၎င်း၏ဆက်ဆံရေး မည်သည့်အနေအထားဆိုသည်ကို ထုတ်မပြောသော်လည်း တစ်ဦးပေါင်ပေါ်တစ်ဦးလက်တင်ထားသည့် ဓာတ်ပုံကို အင်စတာဂရမ်တွင် တင်ခဲ့သည်။အင်စတာဂရမ်ပရိ သတ်က ၎င်းအကြိုက်ဆုံးမင်းသားကိုမေးသည့်အတွက် ဗလာဆိုဗာက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။“JDပေါ့ ” ဟုလည်း ဖြေခဲ့သည်။

အမ်ဘာဟတ်က စပိန်နိုင်ငံ ၊ မက်ဒရစ် မြို့သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိ ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်တွင် အီတလီ၊စစ္စလီကျွန်း၌ပြုလုပ်သည့် ထော်မီနာရုပ်ရှင်ပွဲတော်သို့  အမ်ဘာဟတ်တက်ရောက်လာမှုသည် ၎င်းကို လူမြင်ကွင်း၌ နောက်ဆုံးအကြိမ် ထင်ထင်ပေါ်ပေါ်မြင်ခဲ့ရမှုဖြစ်သည်။

Most Read

Most Recent