လားရှိုးမြို့တွင်းကျန်ရှိနေသည့် မြို့ခံများ ဆက်လက်ထွက်ခွာလျက်ရှိပြီး တိုက်ပွဲဖြစ်ပွားသံများ ယခင်ရက်များထက် ငြိမ်သက်

လားရှိုးမြို့တွင်းကျန်ရှိနေသည့် မြို့ခံများ ဆက်လက်ထွက်ခွာလျက်ရှိပြီး တိုက်ပွဲဖြစ်ပွားသံများ ယခင်ရက်များထက် ငြိမ်သက်
Published 15 July 2024

လားရှိုးမြို့တွင်းကျန်ရှိနေသည့် မြို့ခံများ ဆက်လက်ထွက်ခွာလျက်ရှိပြီး တိုက်ပွဲဖြစ်ပွားသံများ ယခင်ရက်များထက် ငြိမ်သက်လျက်ရှိကြောင်း လားရှိုးမြို့ခံအချို့က ပြောကြားသည်။

လားရှိုးမြို့တွင် ကျန်ရှိနေသည့် မြို့ခံအချို့မှာ ဇူလိုင် ၁၅ ရက်တွင်လည်း ဆက်လက်ထွက်ခွာလျက်ရှိကြောင်း သိရပြီး လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများမှာ ယခင်ရက်များထက်လျော့နည်းသွားသည်ဟု သိရ သည်။

“အရင်ရက်တွေကလောက်တော့ အသံသိပ်မကြားရတော့ဘူး။ မနေ့(ဇူလိုင် ၁၄ ရက်)က ညပိုင်းအထိ တအုန်းအုန်းချနေတဲ့အသံတွေ ကြားရတယ်။ ဒီမနက်တော့ အသံတွေသိပ်မကြားရတော့ဘူး”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် လားရှိုးမြို့တွင်း ကျန်ရှိနေသူများ မှာလည်း ဆက်လက်ထွက်ခွာလျက်ရှိသည်ဟုသိရသည်။

“ကျန်တဲ့သူတွေကတော့ ထွက်နေတုန်းပဲ။ ကားခကလည်း စျေးတွေတက်ကုန်တယ်။ အဓိကဆီစျေးက တော်တော်ကြီးတယ်လေ”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။

လောက်ကိုင်တွင် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တရုတ်ကွန်မြူနစ်ပါတီအစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် စိုးရိမ်မှုအပေါ် လေးစားခြင်းအားဖြင့်ဟုဆိုကာ  MNDAA က လေးရက်တာ အပစ်ရပ်မည်ဖြစ်ကြောင်း ထုတ်ပြန် လာသည်ကို တွေ့ရသည်။

ဇူလိုင် ၁၄ ရက် နံနက် ၂ နာရီခန့်က လောက်ကိုင်တွင် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်ဘာသာဖြင့်ကြေညာသည့် ထုတ်ပြန်ချက်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီအစည်းအဝေးကျင်းပမည့် လေးရက်တာကာလတွင် အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် စိုးရိမ်မှုအပေါ် လေးစားခြင်းအားဖြင့် MNDAA ၏ ထိုးစစ်ကို ဇူလိုင် ၁၄ ရက် ည ၁၂ နာရီမှ ဇူလိုင် ၁၈ ရက် ည ၁၂ နာရီအထိ ယာယီရပ်နားကြောင်း ဖော်ပြထားသည်။

အဆိုပါ အပစ်ရပ်ကြောင်းကြေညာချက်တွင် မိမိဘက်မှ ထိုးစစ်ရပ်ရမည်ဖြစ်ပြီး လက်ရှိနေရာတွင် ခံစစ်ပြင်ရမည်ဖြစ်ကြောင်း၊ တိုက်ခိုက်ခံရပါက တန်ပြန်ခုခံတိုက်ခိုက်ခွင့်ရှိကြောင်းနှင့် ထိုးစစ်ရပ်နားရသည့်အကြောင်းရင်းမှာ အိမ်နီးချင်းတရုတ်နိုင်ငံတွင် တရုတ်ကွန်မြူနစ်ပါတီ(၂၀) ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပမည် ဖြစ်၍ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယခင်ရက်များက လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုများရှိခြင်းကြောင့် လူသေဆုံးမှုများလည်း ဖြစ်ပွားခဲ့သည်။

ငွေကြေးမတတ်နိုင်သဖြင့် လားရှိုးမြို့တွင်းမှ မထွက်ခွာနိုင်သူအချို့သည် လက်နက်ကြီးကျည် ကျရောက်သဖြင့် အသက်သေဆုံးရမှုများလည်း ရှိနေသည်ဟု လားရှိုးမြို့တွင်း ပရဟိတလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသူတစ် ဦးက ပြောကြားသည်။

“ကျွန်တော်တို့လည်း အရင်တုန်းက တိမ်းရှောင်ချင်တဲ့သူတွေကို ကူညီပေးရတယ်။ တချို့ကျတော့ မြို့ကမထွက်နိုင်လို့ လက်နက်ကြီးကျည်ကျပြီး သေဆုံးခဲ့တာတွေလည်းရှိတယ်။ အများကြီးပဲဗျာ”ဟု လားရှိုးဒေသခံတစ်ဦးက ပြောကြားသည်။

ဇွန်လဆန်းပိုင်းက ရှော့တိုက်ဒုံးများ လားရှိုးမြို့ပေါ်ရှိ နေရာအချို့သို့ကျရောက် ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟုမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

လားရှိုးမြို့အနီး တိုက်ပွဲများ ဖြစ်ပွားလာမှုကြောင့် ဒေသခံများမှာ လွန်ခဲ့သည့် သုံးရက်ခန့်ကမှစတင်ပြီး အခြားဒေသများသို့ ပြောင်းရွှေ့လျက်ရှိသည်။

ယင်းသို့ ပြောင်းရွှေ့ရာတွင် မော်တော်ယာဉ်များတွင် အလံဖြူထောင်က ပြောင်းရွှေ့နေရခြင်းဖြစ်သည်ဟု လားရှိုးဒေသခံများက ပြောကြားသည်။

လားရှိုးမြို့မှ ဒေသခံအများအပြား အခြားမြို့များသို့ ထွက်ခွာနေမှုကြောင့် လားရှိုး- မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ စဥ့်အင်ဖောင်ဆိပ်တွင် ဖောင်ဖြင့်ကမ်းကူးရန် စောင့်ဆိုင်းနေကြရသည့် ကားတန်းမှာ ယာဉ်စီးရေ ထောင်ချီအထိရှိနေသည်။

Most Read

Most Recent