ရေဘေးအန္တရာယ်ကာကွယ်နိုင်ရန် ဟင်္သာတမြို့နယ် အိပ်ပျက်ဒေသ၌ တာဝိုင်းအတွင်း ရေသွင်းခြင်းနှင့် ရေဝင်နေရာများရှိ လူနေအိမ် ၁ဝဝကျော် စတင်ရွှေ့ပြောင်းနေပြီး မြစ်ရေအခြေအနေကို စောင့်ကြည့်လျက်ရှိ

ရေဘေးအန္တရာယ်ကာကွယ်နိုင်ရန် ဟင်္သာတမြို့နယ် အိပ်ပျက်ဒေသ၌ တာဝိုင်းအတွင်း ရေသွင်းခြင်းနှင့် ရေဝင်နေရာများရှိ လူနေအိမ် ၁ဝဝကျော် စတင်ရွှေ့ပြောင်းနေပြီး မြစ်ရေအခြေအနေကို စောင့်ကြည့်လျက်ရှိ
Published 15 July 2024

ရေဘေးအန္တရာယ်ကာကွယ်နိုင်ရန် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ဒေသ၌ တာဝိုင်းအတွင်း ရေသွင်းခြင်းနှင့် ရေဝင်နေရာများရှိ လူနေအိမ်(၁၀၀)ကျော် ရွှေ့ပြောင်းခြင်းများစတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းစဉ်များအား သက်ဆိုင်ရာဌာနများက ဒေသခံများအားကြိုတင်အသိပေးခဲ့ပြီးနောက် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မနေ့ညကစပြီး Syphon နည်းပညာနဲ့ ရေသွင်းနေပါပြီ။ ယာယီရေသွင်းအဆောက်အအုံနဲ့လည်း ရေသွင်းရဦးမှာဖြစ်ပါတယ်။ ဖြတ်တာသစ်နဲ့ ကမ်းရင်းတာကြားက တာဝိုင်းထဲကို ရေသွင်းနေခြင်းဖြစ်ပါတယ်။ ရေသွင်းထားပြီး တာဝိုင်းထဲမှာ ရေခံရှိထားခြင်းအားဖြင့် မြစ်ရေတိုက်ရိုက်ထိတွေ့နေတဲ့ကမ်းရင်းတာ ကမ်းပြိုပြီးပါသွားခဲ့ရင်တောင် တာဝိုင်းထဲကို  ရေအလုံးအရင်းနဲ့ ဝင်မဆောင့်နိုင်အောင် ကာကွယ်နိုင်မှာပါ။ ရေခံရှိထားခြင်းအားဖြင့် ရေအလုံးအရင်းမဝင်နိုင်အောင် ထိန်းနိုင်မှာဖြစ်ပြီး တာဝိုင်းထဲကအိမ်တွေ ထိခိုက်မျောပါတာမျိုး၊ နောက်က ထပ်မံကာကွယ်ထားတဲ့ ဖြတ်တာသစ်ကို ထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်နိုင်မှာပါ"ဟု ဒေသမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

ယင်းဒေသ၌ကူညီများဆောင်ရွက်နေသည့် ဟင်္သာတခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ  "ရေသွင်းနေတဲ့ တာဝိုင်းထဲမှာ အိမ်ခြေ (၁၄၀)ကျော်ရှိပါတယ်။ အဲဒီ့နေအိမ်တွေကို ရေလွတ်ရာဆီ ရွှေ့ပြောင်းနိုင်ဖို့အတွက် ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ပူးပေါင်း​ပြီး ကျွန်တော်တို့မီးသတ်စီးဌာနအနေနဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်။ အစိုးရကစီစဉ်ပေးထားတဲ့ ဘေးလွတ်ရာသတ်မှတ်မြေနေရာဆီ အိမ်ထောင်စုတွေကို ပြောင်းရွှေ့ပေးနေတာဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းကစပြီးပြောင်းရွှေ့ပေးနေပါပြီ။ တာတမံကြံ့ခိုင်ရေး၊ တာတမံကာကွယ်ရေး ကိစ္စတွေမှာလည်း ဆည်မြောင်းဦးစီးဌာနကို ကျွန်တော်တို့အင်အားပံ့ပိုးပေးပြီး ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်"ဟု  ဖြေကြားသည်။

မြန်မာနိုင်ငံအထက်ပိုင်းမှရေများဆင်းလာချိန် လက်ရှိအခြေအနေ၌ ဧရာဝတီမြစ်ရေသည် ဟင်္သာတ၌ စိုးရိမ်ရေမှတ် (၄၄ ပေ) အထက် ၁ ပေခွဲခန့်ကျော်လွန်ရောက်ရှိနေကြောင်း ဇူလိုင်လ ၁၅ ရက်နေ့တိုင်းထွာချက်အရသိရသည်။

ယင်းမြစ်ရေသည် ဟင်္သာတ၌ နောက်တစ်ရက်အတွင်း တစ်ပေခန့်ဆက်လက်မြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်းလည်း မိုးဇလက ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းထုတ်ပြန်ချက်၌ ခန့်မှန်းထားသည်။

 

Most Read

Most Recent