တောင်တွင်းကြီးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ရပ်/ကျေးစာရေးမတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

တောင်တွင်းကြီးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ရပ်/ကျေးစာရေးမတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
Published 29 June 2024

တောင်တွင်းကြီးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ရပ်/ကျေးစာရေးမတစ်ဦး သေနတ်ဖြင့်ပစ် သတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ ခုနှစ် ဇွန် ၂၄ ရက် နံနက် ၁၁ နာရီ ၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဖျောက်ဆိပ်ကုန်းကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးညွန့်ဝင်း(၅၄ နှစ်)သည် တစ်ရွာတည်းနေ ရပ်ကွက်/ကျေးရွာစာရေးဖြစ်သူ ဒေါ်ဌေးဌေးမြင့်(၅၆ နှစ်)၏နေအိမ်၌ ရှိနေစဉ် PDF နှစ်ဦးရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်၍ ဒေါ်ဌေးဌေးမြင့် ဝတ်ဆင်ထားသည့် ရွှေလက်ကောက်ရှစ်ကွင်း၊ ရွှေလက်စွပ်နှစ်ကွင်း၊ ဆွဲသီးပါ ရွှေဆွဲကြိုးတစ်ကုံးတို့အား လုယက်ယူဆောင် ထွက်ပြေးသွားကြောင်း၊ ဦးညွန့်ဝင်းနှင့် ဒေါ်ဌေးဌေးမြင့်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ကုန်သည်ရပ်ကွက်ရှိ ‘ဦးလေးကြီး’ ကွမ်းယာဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်နိုင်(၅၄ နှစ်)သည် ၎င်း၏နေအိမ်မှ ကွမ်းယာဝယ်ရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ‘ဦးလေးကြီး’ကွမ်းယာ ဆိုင်ရှေ့အရောက် PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်နိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကွမ်းယာဆိုင်အနီး ရောက်ရှိနေသည့် ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့နေ ဦးနေဇင်လတ် (၄၃ နှစ်) တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဒဏ်ရာရရှိသူအား ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

Most Read

Most Recent