ပုဂ္ဂလိကဘဏ်များတွင် ငွေသားများ ပြန်လည်ထုတ်ယူနိုင်ပြီး ATM စက်များတွင်လည်း ငွေများ ထုတ်ယူနိုင်

ပုဂ္ဂလိကဘဏ်များတွင် ငွေသားများ ပြန်လည်ထုတ်ယူနိုင်ပြီး ATM စက်များတွင်လည်း ငွေများ ထုတ်ယူနိုင်
Published 15 July 2024

ပုဂ္ဂလိကဘဏ်များတွင် ငွေသားများ ပြန်လည်ထုတ်ယူနိုင်ပြီး ATM စက်များတွင်လည်း ငွေများ ထုတ်ယူနိုင်ကြောင်း သိရသည်။

ဇူလိုင် ၁၅ ရက်မှ စတင်ပြီး ပုဂ္ဂလိကဘဏ်များတွင် ငွေများ လိုအပ်သလောက်ထုတ်ယူနိုင်ပြီး ATM စက်များတွင်လည်း ငွေများထုတ်ယူနိုင်ပြီဖြစ်ကြောင်း ငွေသွားရောက်ထုတ်ယူခဲ့သူအချို့က ပြောကြားသည်။

“ကျောက်မြောင်းက ATM စက်မှာတော့ လူတန်းစီပြီး ထုတ်ရတယ်။ ရှိသလောက် ထုတ်လို့ရတယ်။ လာထုတ်တဲ့သူလည်း တော်တော်များတယ်” ဟု တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အနီးဆုံး ATM စက်များတွင် ၂၄ နာရီ ငွေသားထုတ်ယူနိုင်ကြောင်း၊ ဘဏ်ခွဲများ၊ လူစည်ကားရာနေရာများဖြစ်သည့် ဈေးဝယ်စင်တာများ၊ ဟိုတယ်များ၊ Payroll စက်ရုံများနှင့် ဆေးရုံများရှိ ATM (ငွေထုတ်စက်များ)၊ CRM (ငွေသွင်း/ငွေထုတ်စက်များ) တွင် ငွေဖြည့်တင်းထားရှိပေးထားကြောင်း ဧရာဝတီနှင့် စီဘီဘဏ်တို့က အသိပေးကြေညာထားသည်။

ယင်းအပြင် ရိုးမဘဏ်၊ KBZ၊ AYA အစရှိသည့် ဘဏ်များတွင်လည်း ငွေများ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

“သိန်းရာနဲ့ချီ ထုတ်တာတွေရော ၁၀ သိန်း၊ ၁၅ သိန်း ဆယ်ဂဏန်းလောက်ထုတ်တာရော ကြိုက်သလိုထုတ်လို့ရတယ်။ အခုတော့ လူတွေလည်း ထုတ်နေကြတာတွေ့တယ်။ သိပ်လည်း မစောင့်လိုက်ရဘူး။ ကျွန်တော်က ၁၀ သိန်းပဲထုတ်တာ။ ခဏပဲစောင့်လိုက်ရတယ်” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် တစ်ပတ်ခန့်က ဘဏ်များတွင် ငွေသားထုတ်ယူရာ၌ အကန့်အသတ်ဖြင့်သာ ထုတ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး အချို့သောဘဏ်အများစုတွင် ငွေလာရောက်အပ်နှံသူရှိမှသာ ငွေထုတ်ပေးခြင်းများကို ကြုံတွေ့ခဲ့ရသည်ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

“ပြီးခဲ့တဲ့ အပတ်ကတော့ ဘဏ်မှာ ငွေသွားထုတ်တာ တော်တော်လေးကို အဆင်မပြေခဲ့ဘူး။ လာအပ်တဲ့သူရှိမှ ငွေထုတ်ပေးတယ်။ အဲ့ဒီတုန်းက လူတစ်ယောက်အများဆုံးရတာ ၁၀ သိန်းပဲရှိတယ်။ တချို့ဘဏ်ခွဲတွေမှာဆိုရင် နှစ်သိန်း၊ ငါးသိန်းလောက်ပဲရတယ်” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

Most Read

Most Recent