ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို TNLA အဖွဲ့က သိမ်းယူပြီးနောက် နေအိမ်များချိပ်ပိတ်ရာ၌  ရှမ်းနှင့် ဗမာလူမျိုးအများစု၏ နေအိမ်များဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို TNLA အဖွဲ့က သိမ်းယူပြီးနောက် နေအိမ်များချိပ်ပိတ်ရာ၌  ရှမ်းနှင့် ဗမာလူမျိုးအများစု၏ နေအိမ်များဖြစ်
■ပုံစာ‐ နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်မြို့ အနောက်ပိုင်းတို့တွင်ရောက်ရှိနေသည့် TNLA တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ ချိပ်ပိတ်ထားသည့် နေရာအချို့ကိုတွေ့ရစဉ်(Photo. TNLA၊ CJ)  
■ပုံစာ‐ နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်မြို့ အနောက်ပိုင်းတို့တွင်ရောက်ရှိနေသည့် TNLA တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ ချိပ်ပိတ်ထားသည့် နေရာအချို့ကိုတွေ့ရစဉ်(Photo. TNLA၊ CJ)  
Published 10 July 2024

ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့တွင် TNLA အဖွဲ့က သိမ်းယူပြီးနောက် နေအိမ်များချိပ်ပိတ်ရာ၌  ရှမ်းနှင့် ဗမာလူမျိုး အများစု၏ နေအိမ်များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လတ်တလောတွင် တအာင်းတပ်မတော်(TNLA)က နောင်ချိုမြို့အား ဝင်ရောက်တိုက်ခိုက်ပြီးနောက် နောင်ချိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှိ ပါတီဝင်အင်အားစာရင်းကို TNLA အဖွဲ့က ယူဆောင်သွားပြီး စာရင်းပါသူများကို လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်းနှင့် စာရင်းပါ လူမရှိပါက ၎င်း၏မိသားစုရှိလျှင်  မိသားစုတစ်ဦးကို ဖမ်းဆီးသွားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထို့ပြင် နောင်ချိုမြို့တွင် တပ်မတော်ထောက်ခံသူများနှင့် ပြည်ခိုင်ဖြိုးပါတီဝင် အချို့၏နေအိမ်များကို ချိပ်ပိတ်မှု ထိန်းချုပ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သော်လည်း မည်သည့်ဘက်မျှ မပါဝင်ဘဲ  နောင်ချိုမြို့တွင် အေးချမ်းစွာနေထိုင်သူများလည်း ယခုကဲ့သို့ TNLA အဖွဲ့က ဖမ်းဆီးရန် ဆောင်ရွက်လာသဖြင့် တိမ်းရှောင်နေရကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။

 ယင်းအပြင် TNLA အဖွဲ့က မိုးကုတ်မြို့ အနောက်ပိုင်းကျပ်ပြင်ရှိ KBZ ဘဏ်ခွဲ အပါအဝင်လုပ်ငန်းအချို့ကို ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

 ထို့ပြင် အတည်မပြုနိုင်သေးသည့် သတင်းများအရ ကျောက်မဲမြို့တွင်လည်း သေနတ်ပစ်ခတ်ခံရမှုကြောင့် သေဆုံးခြင်းမဟုတ်ဘဲ သတ်ဖြတ်ခံရသူများရှိပြီး အလောင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

TNLA အဖွဲ့သည် နောင်ချို့မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် တပ်စခန်းအချို့ကို ဇွန်လကုန်ပိုင်းကတည်းက တိုက်ခိုက်သိမ်းယူခဲ့သော်လည်း နောင်ချိုရှိ အဓိက တပ်စခန်းဖြစ်သည့် အမှတ်(၆၀၆) ဒုံးတပ်ရင်းအား ရရှိခြင်းမရှိသဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် အဆိုပါတပ်ရင်းမှ တပ်မတော်စစ်ကြောင်းက ဆုတ်ခွာသွားသဖြင့် ယင်းတပ်ရင်းနေရာအား TNLA အဖွဲ့က ထိန်းချုပ်ရရှိခဲ့ကြောင်း သိရသည်။

အမှတ်(၆၀၆) တပ်ရင်းအား ရရှိခဲ့ဖြင့် နောင်ချိုမြို့အား TNLA အဖွဲ့က အပြီးသိမ်းပိုက်ရရှိပြီဖြစ်ကြောင်း exile media များဖော်ပြမှုနှင့် ၎င်းအဖွဲ့၏ ထုတ်ပြန်မှုသိရသည်။

 ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် တွင် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ် သည့်TNLA၊ MNDAA၊ AA တို့က ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး မြို့များကို သိမ်းယူ ထိန်းချုပ်ခဲ့သည်။

 ယင်းသို့ ရှမ်းမြောက်ဒေသတွင် မြို့များကို သိမ်းယူပြီးနောက် TNLA၊ MNDAA အဖွဲ့က အဆိုပါမြို့များရှိ ဗမာလူမျိုးများကို မောင်းထုတ်မှုများရှိသည်။

 မန်တုံမြို့ မြို့မရပ်ကွက်တွင် နှစ်ပေါင်း ၃၀ ကျော်ကြာနေထိုင်ခဲ့ပြီး ကုန်မာဆိုင် ဖွင့်လှစ်ရောင်းချနေသည့် ဗမာလူမြိုးမိသားစုတစ်စုအား တပ်မတော်နှင့်ဆက်စပ်မှုရှိသည်ဟုဆိုကာ TNLA က မြို့မှ ထွက်ခွာသွားခိုင်း သဖြင့် ၂၀၂၄ ခုနွစ် ဇွန် ၂၂  ရက်တွင် ၎င်းမိသားစုသည် မန်တုံမြို့တွင် ပိုင်ဆိုင်သည့် နေအိမ်များကို ထားရှိကာ ထွက်ခွာခဲ့ရကြောင်း သိရသည်။

 အလားတူ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ခမ်းမြို့ရှိ အာဇာနည် ကျောက်တိုင်အား TNLA အဖွဲ့က ဖြိုချက်ဖျက်ဆီးခဲ့သည်။

 ထို့အတူ MNDAA အဖွဲ့အနေဖြင့် လောက်ကိုင်မြို့ကို သိမ်းယူပြီးနောက် လောက်ကိုင် ပွိုင့် ၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်းကုန်း)ပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ စေတီတစ်ဆူအား MNDAA  အဖွဲ့ဝင်တစ်ဦးက တူဖြင့် ထုရိုက်ဖြိုဖျက်နေမှုပြုလုပ်ကာ ထိုသို့ပြုလုပ်နေပုံကိုလည်း အများမြင်စေရန် လူမှုကွန်ရက်တွင် ဖြန့်ချိခဲ့သည်။

 ထို့ပြင် လောက်ကိုင်မြို့တွင် မြန်မာနိုင်ငံဒေသအသီးသီးမှ လာရောက်လုပ်ကိုင် သူများနေထိုင်သည့် ဗမာတန်းအလယ်လမ်းရှိ အဆောက်အအုံများကို မြို့စည်ပင်သာယာရေးအကြောင်းပြချက်ဖြင့်MNDAA အဖွဲ့က ၂၀၂၄ ခုနှစ် မတ်လအတွင်းက ဖြိုဖျက်ခဲ့သည်

အဆိုပါဗမာတန်းဟုခေါသည့် ပေါင်ဖုန်းလမ်းရှိ နေအိမ်ဆိုင်ခန်းများမှာ ဗမာလူမျိုးပိုင် နေအိမ်ဆိုင်ခန်း အနည်းငယ်သာပါဝင်သော်လည်း   ဗမာပစ္စည်းများကို အဓိက ရောင်းချခြင်းသည့် နေရာလည်းဖြစ်သည်။

MNDAA  အဖွဲ့အနေဖြင့် လောက်ကိုင်မြို့သို့ ဗမာလူမျိုးများဝင်ရောက်မှုကို တင်းကျပ်ထားသည့်အပြင် ချင်းရွှေဟော်၊ သိန္ဒီ၊ ကွတ်ခိုင်၊ ကွမ်းလုံဒေသများတွင်လည်း ဗမာလူမျိုးကားဆရာများကို သွားလာမှုကိုတင်း  ကျပ်ထားသည်။

 “အခုလားရှိုး လေဆိပ်မပိတ်ခင်က ရန်ကုန်လာဖို့ လားရှိုးလေယာဉ်စီးဖို့ ကွမ်းလုံကနေ လားရှိုးကိုလာတာ လှမ်းမှာ ကိုးကန့်အဖွဲ့က စစ်တယ်။ ရှမ်းလိုပြောတော့ ဘာမှမမေးတော့ဘူး။ သွားခွင့်ပေးတယ်။ ရှမ်းစကား၊ တရုတ်စကားတက်ရင် သူတို့ကသိပ်မမေးဘူး။ ဗမာစကားပြောတာနဲ့ကို မရတော့ဘူး။ ကားပေါ်ဆင်းခိုင်းပြီး မေးမြန်းတာတွေ လုပ်တော့တာပဲ”ဟု ရန်ကုန်မြို့ကို ရောက်ရှိနေသည့် ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောကြား သည်။

TNLA၊ MNDAA  အဖွဲ့အနေဖြင့် ရှမ်းမြောက်ဒေသတွင် မြို့များကိုသိမ်းယူပြီးနောက် လူမျိုးရေး အာဃာတ များကို အခြေခံဆောင်ရွက်နေကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေသဖြင့် လက်ရှိ လားရှိုးမြို့မှ စစ်ရှောင်လာသူများသည်လည်း မြို့ တွင်းသို့ ရှော့တိုက်ဒုံးများကျရောက်လာမှုကို ကြိုတင်တိုက်ပွဲရှောင်ခြင်း ထက် TNLA၊ MNDAA အဖွဲ့များ လားရှိုးမြို့တွင်းဝင်ရောက်လာပြီး လူမျိုးရေးဖြင့် တုံ့ပြန်လာမှုကို ကြောက်လန့်သဖြင့် တိမ်းရှောင်နေကြခြင်းဖြစ်သည်ဟုလည်း သိရသည်။

 

Most Read

Most Recent