■ ဒေါ်နယ်ထရန့် မဲဆွယ်ပွဲတွင် ပစ်ခတ်ခံရ 

■ ဒေါ်နယ်ထရန့် မဲဆွယ်ပွဲတွင် ပစ်ခတ်ခံရ 
Published 14 July 2024

■ ဒေါ်နယ်ထရန့် မဲဆွယ်ပွဲတွင် ပစ်ခတ်ခံရ 

■ မဲဆွယ်ပွဲ တက်ရောက်သူတစ်ဦးနှင့် သေနတ်သမား သေဆုံး  

အမေရိကန်သမ္မတဟောင်း၊ ရီပတ်ဘလီကန်ပါတီ သမ္မတကိုယ်စားလှယ်လောင်းဒေါ်နယ်ထရန့်သည် ဇူလိုင် ၁၃ ရက်က ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာမြို့တွင် မဲဆွယ်စည်းရုံးရေးပြုလုပ်နေစဉ် ပစ်ခတ်ခံရပြီး ယင်းဖြစ်စဉ်ကို လုပ်ကြံရန်ကြိုးပမ်းမှုအဖြစ် ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း အာဏာပိုင်များကပြောသည်။

ဖြစ်စဉ်အတွင်းပစ်ခတ်သူ သေနတ်သမားနှင့် မဲဆွယ်ပွဲတက်ရောက်လာသူတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ကာ ထရန့်မဲဆွယ်ရေးအဖွဲ့က ထရန့်ဘေးကင်းလုံခြုံသည်ဟု ထုတ်ပြန်ခဲ့သည်။ ထရန့် သည် မဲဆွယ်ဟောပြောနေစဉ် သေနတ်သံများထွက်ပေါ်လာပြီးနောက် ထရန့်က ၎င်း၏ညာဖက်နားရွက်ကို လက်ဖြင့်အုပ်ထားခဲ့သည်။ သေနတ်သမားကိုမူ secret service လုံခြုံရေးတာဝန်ရှိသူများက ပစ်ခတ်ရှင်းလင်းလိုက်နိုင်ခဲ့သည်။ Secret service အဆိုအရ သေနတ်သမားသည် မဲဆွယ်ပွဲအပြင်ဘက် အမြင့်တစ်နေရာမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ မျက်နှာတစ်ခြမ်းတွင် သွေးစများပေကျံလျက် ခေါ်ထုတ်ခံသွားရသည့်ထရန့်က လက်သီးလက်မောင်းတန်းနေပုံများလည်း မြင်တွေ့ရသည်။

ထရန့်က ၎င်း၏ဆိုရှယ်မီဒီယာပို့စ်တွင် secret service ၏ မြန်ဆန်သည့်တုံ့ပြန်မှုအတွက် ကျေးဇူးတင်ကြောင်းပြောကြားထားပြီး သေဆုံးသူနှင့် ဒဏ်ရာရခဲ့သူများအတွက် စိတ်မကောင်းဖြစ်ရသည်ဟု ဆိုထားသည်။ မဲဆွယ်ပွဲတွင် နားရွက်ကိုပစ်ခတ်ခံရကြောင်း ၊ ဝီခနဲအသံကြားလိုက်ရပြီး ကျည်ဆန်က အရေပြားကိုဖောက်သွားသည့်ပုံ ခံစားလိုက်ရကြောင်းလည်း ထရန့်ကပြောသည်။

ယခုပစ်ခတ်မှုကိုအိုဘားမား အပါအဝင် အမေရိကန်သမ္မတဟောင်းများက ရှုတ်ချခဲ့ကြပြီး ထရန့်ဘေးကင်းသည့်အတွက် ဝမ်းသာစကားများဆိုခဲ့ကြသည်။အလားတူ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား ၊ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး ၊ ဩစတြေးလျဝန်ကြီးချုပ် အန်သနီ အယ်လ်ဘာနိစ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များကလည်း ရှုတ်ချထားကြသည်။

ဂျိုးဘိုင်ဒင်ကမူ ထရန့်ဘေးကင်းသွားသည့်အတွက် စိတ်အေးရကြောင်းနှင့် ယခုဖြစ်ရပ်ကို အားလုံးကရှုတ်ချရမည်၊ ယခုကဲ့သို့အကြမ်းဖက်ခြင်းမျိုး အမေရိကန်ပြည်ထောင်စုတွင်လက်မခံကြောင်း သတင်းစာရှင်းလင်းပွဲ၌ မှတ်ချက်ပေးခဲ့သည်။

၁၉၈၁ ခုနှစ်တွင် ရော်နယ်ရေဂန်ပစ်ခတ်ခံရပြီးနောက်ပိုင်း ယခုဖြစ်ရပ်သည် သမ္မတ သို့မဟုတ် သမ္မတကိုယ်စားလှယ်လောင်းတစ်ဦးကိုလုပ်ကြံရန် ပထမဆုံးကြံစည်ကြိုးပမ်းမှုဖြစ်သည်။

■ Ref: AP 

Most Read

Most Recent