မြောက်ကိုရီးယား၏ ဒရုန်းများကိုတန်ပြန်ရန် လေဆာလက်နက်များ ဖြန့်ကြက်မည်ဟု တောင်ကိုရီးယား ပြောကြား

မြောက်ကိုရီးယား၏ ဒရုန်းများကိုတန်ပြန်ရန် လေဆာလက်နက်များ ဖြန့်ကြက်မည်ဟု တောင်ကိုရီးယား ပြောကြား
ကိုရီးယားနှစ်နိုင်ငံကို  ပိုင်းခြားထားသည့် နယ်စပ်စစ်မဲ့ဇုန်အနီးရှိ ကင်းစခန်းတစ်ခုကို ၂၀၂၀ ခုနှစ် ဇွန်လက တွေ့ရစဉ်(Photo: Reuters)
ကိုရီးယားနှစ်နိုင်ငံကို  ပိုင်းခြားထားသည့် နယ်စပ်စစ်မဲ့ဇုန်အနီးရှိ ကင်းစခန်းတစ်ခုကို ၂၀၂၀ ခုနှစ် ဇွန်လက တွေ့ရစဉ်(Photo: Reuters)
Published 11 July 2024

မြောက်ကိုရီးယား၏ ဒရုုန်းများကိုပစ်ချရန် တောင်ကိုရီးယားက ယခုနှစ်ထဲတွင် လေဆာလက်နက်များ ဖြန့်ကြက်မည်ဟု တောင်ကိုရီးယား၏ စစ်လက်နက်ပစ္စည်း ဝယ်ယူရေးဌာနက ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

သို့ဖြစ်ရာ တောင်ကိုရီးယားသည် ယင်းလက်နက်များကို စစ်တပ်အတွက် ဖြန့်ကြက်အသုံးပြုသည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာမည်ဖြစ်သည်။ တောင်ကိုရီးယားက ယင်းအစီအစဉ်ကို Star War စီမံချက်ဟု အမည်ပေးထားသည်။

ဒရုန်းများကို ဖျက်ဆီးနိုင်သည့် ယင်းလေဆာလက်နက်စနစ်ကို တောင်ကိုရီးယားစစ်တပ်နှင့် ဟန်ဟွာ လေကြောင်းနှင့်အာကာသကုမ္ပဏီတို့ ပူးတွဲတီထွင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလက်နက်စနစ်သည် ထိရောက်မှုရှိပြီး ကုန်ကျစရိတ်သက်သာကာ တစ်ကြိမ်ပစ်လွှတ်ရာတွင် ဝမ် ၂,၀၀၀ (၁ ဒသမ ၄ ဒေါ်လာ)သာ ကုန်ကျမည်ဖြစ်ကြောင်း တောင်ကိုရီးယား စစ်လက်နက်ပစ္စည်းဝယ်ယူရေး စီမံချက်များဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန(DAPA)က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“တောင်ကိုရီးယား လေဆာလက်နက်တွေကို ဖြန့်ကြက်အသုံးပြုတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာတော့မှာပါ။ မြောက်ကိုရီးယားရဲ့ ဒရုန်းတွေနဲ့ရန်စမှုအပေါ် မိမိတို့စစ်တပ်ရဲ့ တုံ့ပြန်နိုင်စွမ်းကလည်း ပိုမိုအားကောင်း လာမှာဖြစ်တယ်”ဟု (DAPA) က ပြောကြားခဲ့ပြီး ယင်းလက်နက်သည် အနာဂတ်စစ်ပွဲများ၏ ရလဒ်ကို အကြီးအကျယ်ပြောင်းလဲပေးနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းဌာနက ဆိုသည်။

ပျံသန်းလာသော ဒရုန်းများ၏ အင်ဂျင်များ သို့မဟုတ်အီလက်ထရွန်နစ် ကိရိယာများကို ၁၀ စက္ကန့်မှ စက္ကန့် ၂၀ အထိ  လေဆာအလင်းတန်းဖြင့်ထိုးကာ ဒရုန်းများကို ပစ်ချနိုင်စွမ်းရှိကြောင်း (DAPA) ပြောခွင့်ရက ဆိုသည်။

ယမန်နှစ် ဒီဇင်ဘာလက မြောက်ကိုရီးယား၏ ဒရုန်းငါးစင်းသည် တောင်ကိုရီးယားပိုင်နက်ထဲသို့ ဖြတ်ကျော်လာသည့်အတွက် တောင်ကိုရီးယားကဂျက်တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ အရေးပေါ်ဖြန့်ကြက်ကာ အဆိုပါဒရုန်းများကို ကြားဖြတ်ပစ်ချရန် လုပ်ဆောင်ခဲ့သည်။ ယင်းသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားဒရုန်းများ ပထမဆုံးအကြိမ် ကျူးကျော်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယားက အမှိုက်များထည့်ထားသော မိုးပျံပူဖောင်းများကို တောင်ကိုရီးယားဘက်သို့ အကြိမ်ကြိမ်လွှတ်တင်ခဲ့ပြီးနောက် တောင်ကိုရီးယားက ပြီးခဲ့သည့် ဇွန်လတွင် နှစ်နိုင်ငံ စစ်ရေးသဘောတူညီချက်ကို အပြည့်အဝရပ်ဆိုင်းခဲ့ပြီး နယ်စပ်ရှိ ကျွန်းများနှင့် ကိုရီးယားကျွန်းဆွယ်ကို ပိုင်းခြားထားသည့် စစ်မဲ့ဇုန်အနီးတွင် ကျည်အစစ်သုံးသည့် စစ်ရေးလေ့ကျင့်မှုများ ပြန်လည်လုပ်ဆောင် ခဲ့သည်။

နယ်စပ်၌ တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည့် ကယောင်ချောက်ချားလုပ်ရပ်ဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူက ရှုတ်ချခဲ့သည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့သည် ၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကို ငြိမ်းချမ်းရေးသဘောတူညီချက်ဖြင့်မဟုတ်ဘဲ စစ်ဆိုင်းစာချုပ်ဖြင့်သာ အဆုံးသတ်ခဲ့ပြီး နှစ်နိုင်ငံနယ်စပ်တွင် စစ်မဲ့ဇုန်ထားရှိခဲ့သည်။ ယင်းနှစ်နိုင်ငံစလုံးသည် တစ်ဖက်နှင့်တစ်ဖက်ဒရုန်းများစေလွှတ်ပျံသန်း၍ စစ် ဆိုင်းစာချုပ်ကို ချိုးဖောက်ခဲ့သည်ဟု အမေရိကန်က ပြောကြားထားသည်။

Ref: Reuters

         

         

         

         

Most Read

Most Recent