ပွဲကြည့်စင်ပေါ်တက်ပြီး ကိုလံဘီယာပရိသတ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ကာလရှည်ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရှိနေ

ပွဲကြည့်စင်ပေါ်တက်ပြီး ကိုလံဘီယာပရိသတ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ကာလရှည်ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရှိနေ
Photo: Getty Images
Photo: Getty Images
Published 13 July 2024

 

ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်သည် ကိုလံဘီယာအသင်းအား ရှုံးနိမ့်သည့် ၂၀၂၄ ကိုပါအမေရိကဆီမီးဖိုင်နယ်ပွဲအပြီးတွင် ပွဲကြည့်စင်ပေါ်တက်ပြီး ကိုလံဘီယာပရိသတ်များနှင့် ဖြစ်ပွားခဲ့သောရန်ပွဲတွင် ပါဝင်ခဲ့သည့်အတွက် ကာလရှည်ပွဲပယ် ပြစ်ဒဏ် ကျခံရဖွယ်ရှိနေကြောင်း မီဒီယာများက ဖော်ပြနေကြသည်။ 

    

ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက ကစားခဲ့သည့် ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲ ဥရုဂွေး (၀-၁) ကိုလံဘီယာ ပွဲအပြီးတွင် နှစ်ဖက်အသင်းကစားသမားများ နှင့် နည်းပြအဖွဲ့ဝင်များအကြား အချင်းများခဲ့သလို ဒါဝင်နူးနက်ဇ်အပါအဝင် ဥရုဂွေး ကစားသမားများမှာ ပွဲကြည့်စင်ပေါ်တက်ပြီး ကိုလံဘီယာပရိသတ်များနှင့် ရန်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်များနှင့် ဓာတ်ပုံများတွင် နာမည်ကျော်များဖြစ်သည့် ဒါဝင်နူးနက်ဇ်၊ အာရူဟိုတို့အပါအဝင် ဥရုဂွေးကစားသမားများသည် ပွဲကြည့်စင်ပေါ်တွင် ကိုလံဘီယာ ဂျာစီကို ဝတ်ဆင်ထားသည့် ပရိသတ်များနှင့် အပြန်အလှန်ထိုးကြိတ်ခဲ့သည်ကို မြင်တွေ့ရသည်။ 

ဥရုဂွေး-ကိုလံဘီယာပွဲအပြီးတွင် အဆိုပါဖြစ်ရပ်ပေါ်ပေါက်လာပြီးနောက် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ၎င်းတို့အနေဖြင့် ဘောလုံးလောကကို ထိခိုက်စေသည့် အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံကြောင်း၊ ၎င်းတို့အနေဖြင့် ဘောလုံးဖြင့် ညီ ညွှတ်ကြရန်၊ ကောင်းကျိုးများ ဖြစ်ပေါ်လာရန်သာ အလုပ်လုပ်လေ့ရှိကြောင်း၊ ကွင်းတွင်းကွင်းပြင် အကြမ်းဖက်တိုက်ခိုက်မှုများကို လုံးဝသည်းမခံကြောင်းနှင့် ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဥရုဂွေးအသင်းခေါင်းဆောင် ဟီမင်နက်ဇ်ကမူ ယခုဖြစ်ရပ်မှာ အရက်အလွန်အကျွံသောက်ထားသည့် ကိုလံဘီယာ ပရိသတ်အချို့၏အမှားကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပွဲကြည့်စင်ပေါ်တွင် မွေးကင်းစကလေးငယ်များအပါအဝင် ၎င်းတို့မိသားစုများ ရှိနေကြောင်း၊ ထိုနေရာတွင် ရဲနှင့် ကွင်းလုံခြုံရေး များ မရှိသည့်အတွက် ၎င်းင်းတို့မိသားစုများကို ကာကွယ်ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။ 

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်သည် ဥရုဂွေး-ကိုလံဘီယာပွဲမှ ဖြစ်စဉ်အတွက် နှစ်သင်းစလုံးကို စွဲချက်တင်ထားသလို ယင်းဖြစ်ရပ်တွင် ပါဝင်ခဲ့သည့် ဥရုဂွေးကစားသမားများကိုလည်း စွဲချက်တင်ကာ ၎င်းတို့၏လုပ်ရပ်များကို စုံစမ်းစစ်ဆေးမှုများ စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။ ပြစ်မှုထင်ရှားပါက ကိုလံဘီယာပရိသတ်များနှင့် ရန်ပွဲတွင် ပါဝင်ပတ်သက်ခဲ့သည့် ဒါဝင်နူးနက်ဇ်၊ အာရူဟိုနှင့် ဥရုဂွေးကစားသမားအချို့မှာ ကာလရှည်ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ် ရှိနေကြောင်း သိရှိရသည်။ တောင်အမေရိ ကဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဒါဝင်နူးနက်ဇ် အပါအဝင် ဥရုဂွေးကစားသမားအချို့ကို နိုင်ငံအသင်းအတွက် ကာလရှည်ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖွယ်ရှိနေပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကသာ ယင်းပြစ်ဒဏ်ကို ကမ္ဘာ့အနှံ့ကျခံရန် သတ်မှတ်ခဲ့မည်ဆိုပါက ဒါဝင်နူးနက်ဇ်အနေ ဖြင့် ပွဲပယ်ပြစ်ဒဏ်ကျခံနေရသည့်ကာလအတွင်း ကလပ်အသင်းဖြစ်သည့် လီဗာပူးလ်အသင်းအတွက်ပါ ကစားခွင့်ရမည်မဟုတ်ပေ။ 

ထို့ကြောင့် လီဗာပူးလ်အသင်းသည် ဥရုဂွေး-ကိုလံဘီယာပွဲမှ ဖြစ်ရပ်အတွက် အသင်းတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေသလို ဥရုဂွေးဘောလုံးအဖွဲ့ချုပ်နှင့်လည်း ဆွေးနွေးသွားရန် စီစဉ်နေကြောင်း ESPN သတင်းဌာနက ဖော် ပြခဲ့သည်။ လီဗာပူးလ်အသင်းအနေဖြင့် ဒါဝင်နူးနက်ဇ်အတွက် ဆုံးဖြတ်ချက်ချရန် ကစားသမား၊ ဥရုဂွေးဘောလုံးအဖွဲ့ချုပ်တို့ နှင့် အရင်ဆုံးတွေ့ဆုံဆွေးနွေးရန် စီစဉ်နေခြင်း လည်းဖြစ်သည်။ ဒါဝင်နူးနက်ဇ်အနေဖြင့် ကာလရှည်ပွဲပယ်ပြစ်ဒဏ်ကျခံရပြီး ယင်းပြစ် ဒဏ်မှာ ကမ္ဘာ့အနှံ့အကျုံးဝင်မည်ဆိုပါက ၎င်းသည် လီဗာပူးလ်အသင်း၏၂၀၂၄-၂၅ ရာသီပွဲစဉ်များကို လွဲချော်မည်ဖြစ်သည်။ 

 

Most Read

Most Recent