■ ကိုပါအမေရိကဗိုလ်လုပွဲသို့ ကိုလံဘီယာတက်ရောက်ခွင့်ရခဲ့သည့်ပွဲတွင် ဥရုဂွေးကစားသမားများ ပွဲကြည့်စင်ပေါ်တက်၍ ကိုလံဘီယာပရိသတ်များနှင့် ရန်ပွဲဖြစ်ပွား     

■ ကိုပါအမေရိကဗိုလ်လုပွဲသို့ ကိုလံဘီယာတက်ရောက်ခွင့်ရခဲ့သည့်ပွဲတွင် ဥရုဂွေးကစားသမားများ ပွဲကြည့်စင်ပေါ်တက်၍ ကိုလံဘီယာပရိသတ်များနှင့် ရန်ပွဲဖြစ်ပွား     
Photo: AFP
Photo: AFP
Published 12 July 2024

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယနေ့တွင် ကိုလံဘီယာအသင်းက ဥရုဂွေးအသင်းကို အနိုင် ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး လက်ရှိ ချန်ပီယံ အာဂျင်တီးနားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

    

ဆီမီးဖိုင်နယ် ဒုတိယနေ့အဖြစ် ဇူလိုင် (၁၁) ရက် နံ နက်ပိုင်းတွင် ဥရုဂွေးနှင့် ကိုလံဘီယာအသင်းတို့ ယှဉ်ပြိုင်ကစားရာ ကိုလံဘီယာအသင်းက တစ်ယောက်လျော့ဖြင့် ကစားရသော်လည်း (၁-၀) ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။ 

ကိုလံဘီယာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်း (၃၉) မိနစ်တွင် အသင်းခေါင်းဆောင် ဟာမီးစ်ရိုဒရီဂွက်ဇ် ကန်တင်ပေးသည့် ထောင့်ကန်ဘောမှတစ်ဆင့် ကွင်းလယ်လူ လာမာက ခေါင်းတိုက်သွင်းယူခဲ့သည်။ 

ပထမပိုင်းမပြီးမီ (၄၅+၁) မိနစ်တွင် ကိုလံဘီယာနောက်ခံလူ မူနော့ဇ် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရသောကြောင့် တစ်ယောက်လျော့သွားသော်လည်း ဒုတိယပိုင်းတွင် အနိုင်ရလဒ်ကို ထိန်းကစားနိုင်ခဲ့သည်။

    

ပွဲအပြီးတွင် နှစ်ဖက်အသင်းကစားသမားများနှင့် ဝန်ထမ်းများ အချင်းများခဲ့သလို ဒါဝင်နူးနက်ဇ်အပါအဝင် ဥရုဂွေးကစားသမားများမှာ ပွဲကြည့်စင်ပေါ်တက်၍ ကိုလံဘီယာပရိသတ်များနှင့် ရန်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

လူမှုမီဒီယာများတွင် တွေ့မြင်ရသည့် ဗီဒီယိုမှတ်တမ်းများအရ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်၊ နောက်ခံလူ အာရူဟို အပါအဝင် ကစားသမားများသည် ပွဲကြည့်စင်ပေါ်တွင် ကိုလံဘီယာဂျာစီဝတ်ဆင်ထားသူများနှင့် အပြန်အလှန် ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။ 

    

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ဘောလုံးလောကကို ထိခိုက်စေသည့် မည်သည့်အကြမ်းဖက်မှုမဆို ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ဥရုဂွေးအသင်းခေါင်းဆောင် ဟီမင်နက်ဇ်ကမူ ယခုဖြစ်ရပ်မှာ အရက်အလွန်အကျွံသောက်ထားသူ နှစ်ဦး၊ သုံးဦး၏ အမှားကြောင့်ဖြစ်ပြီး ပွဲကြည့်စင်ပေါ်တွင် မွေးကင်းစအပါအဝင် မိမိတို့၏ မိသားစုဝင်များရှိနေကြောင်း၊ ထိုနေရာတွင် ရဲများမရှိသဖြင့် မိသားစုများကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

    

တတိယနေရာလုပွဲအဖြစ် မြန်မာစံတော်ချိန် ဇူလိုင် (၁၄) ရက် နံနက် ၆ နာရီခွဲတွင် ကနေဒါ-ဥရုဂွေး၊ ဗိုလ်လုပွဲအဖြစ် ဇူလိုင် (၁၅) ရက် နံနက် ၆ နာရီခွဲတွင် အာဂျင်တီးနား-ကိုလံဘီယာတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ကိုလံဘီယာအသင်းသည် ယခုပြိုင်ပွဲ၌ ၂၀၀၁ ခုနှစ်က တစ်ကြိမ်ဗိုလ်စွဲဖူးပြီး (၁၅) ကြိမ်ဗိုလ်စွဲထားသည့် အာဂျင်တီးနားအသင်းမှာမူ ဗိုလ်လုပွဲသို့ အကြိမ် (၃၀) မြောက် တက်ရောက်နိုင်ခြင်းဖြစ်ပြီး ချန်ပီယံဆုကာကွယ်နိုင်ပါက ပြိုင်ပွဲသမိုင်းတွင် အအောင်မြင်ဆုံး စံချိန်တင်မည်ဖြစ်သည်။

Most Read

Most Recent