စပိန်အသင်းသည် ပြင်သစ်အသင်းထက် အစစအရာရာကောင်းမွန်ခဲ့ကြောင်း ဂရီးဇ်မန်း ဝန်ခံ

စပိန်အသင်းသည် ပြင်သစ်အသင်းထက် အစစအရာရာကောင်းမွန်ခဲ့ကြောင်း ဂရီးဇ်မန်း ဝန်ခံ
Photo: X
Photo: X
Published 11 July 2024

ပြင်သစ်ဝါရင့်တိုက်စစ်ကစားသမား ဂရီးဇ်မန်းက ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပြိုင်ဘက် စပိန်အသင်းသည် ၎င်းတို့အသင်းထက် အစစအရာရာ သာလွန်ကောင်းမွန်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ပြင်သစ်အသင်းသည် ဇူလိုင် (၉) ရက်က ကစားခဲ့သည့် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် စပိန်အသင်းကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်ပေးခဲ့ရကာ ပွဲအပြီးတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်ဝါရင့်တိုက်စစ်ကစားသမား ဂရီးဇ်မန်း(၃၃ နှစ်)သည် အဆိုပါပွဲတွင် ပွဲထွက်ကစားခွင့်မရခဲ့ဘဲ ပွဲချိန် (၆၂) မိနစ်တွင်မှ ကွန်တေအစား လူစားဝင်ကစားခွင့်ရရှိခဲ့သည်။

သို့သော် ဂရီးဇ်မန်းသည် ပြင်သစ်အသင်း ချေပဂိုးရအောင် ကူညီနိုင်ခဲ့ခြင်း မရှိပေ။

ပွဲအပြီးတွင် ဂရီးဇ်မန်းက ၎င်းတို့အသင်းသည် စပိန်အသင်းကို မည်သည့်အပိုင်းတွင်မှ ယှဉ်နိုင်ခြင်း မရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂရီးဇ်မန်းက ''သူတို့(စပိန်)ဟာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ သူတို့အနေနဲ့ အဝေးကနေ ဂိုးတွေသွင်းယူနိုင်တယ်ဆိုတာကို ကျွန်တော်တို့သိပြီး  သူတို့ကို အဲဒီလိုလုပ်ခွင့်ပေးခဲ့ပါတယ်။ ယမားလ်ရဲ့ ဘယ်ခြေအစွမ်းကို သိပေမဲ့ ကျွန်တော်တို့ ခွင့်ပြုခဲ့ရပါတယ်။ ချေပဂိုးက ကျွန်တော်တို့အသင်းကို နာကျင်စေခဲ့ပြီး နောက် (၄) မိနစ်အကြာမှာ ခွင့်ပြုခဲ့ရတဲ့ ဒုတိယဂိုးကတော့ ကျွန်တော့်တို့ကို သတ်လိုက်ပါတယ်။ ဒါက ဘောလုံးပါပဲ။ ကျွန်တော်တို့အနေနဲ့ ဆင်ခြေပေးစရာ မရှိပါဘူး။ စပိန်အသင်းဟာ ကျွန်တော်တို့ထက် အရာအားလုံးမှာ ပိုကောင်းခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent