သီလဝါတွင် စက်သုံးဆီ ထုတ်ယူနိုင်ရန် ညအိပ် စောင့်ဆိုင်း နေရပြီး ရန်ကုန် ၊ မန္တလေး နှင့် နယ်မြို့ အချို့ရှိ စက်သုံးဆီဆိုင် အချို့၌ စက်သုံးဆီ ဝယ်ယူနိုင်ရန် အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းနေရ

သီလဝါတွင် စက်သုံးဆီ ထုတ်ယူနိုင်ရန် ညအိပ် စောင့်ဆိုင်း နေရပြီး ရန်ကုန် ၊ မန္တလေး နှင့် နယ်မြို့ အချို့ရှိ စက်သုံးဆီဆိုင် အချို့၌ စက်သုံးဆီ ဝယ်ယူနိုင်ရန် အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းနေရ
Published 6 December 2023

ဒီဇင်ဘာ ၆ ရက်က စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသည့် မော်တော်ယာဉ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)

 

သီလဝါတွင် စက်သုံးဆီ ထုတ်ယူနိုင်ရန် ညအိပ် စောင့်ဆိုင်းနေရပြီး ရန်ကုန်မြို့၌ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီဝယ်ယူနိုင်ရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရကြောင်း ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ပိုင်ရှင် အချို့က ပြောကြားသည်။

မြန်မာတနိုင်ငံလုံးရှိ စက်သုံးဆီများကို သီလဝါဆိပ်ကမ်းမှတစ်ဆင့် ဖြန့်ဖြူးပေးနေ ခြင်းဖြစ်ပြီး ယင်းဆိပ်ကမ်းတွင် စက်သုံးဆီ ထုတ်ယူနိုင်ရန် ဆီဘောက်ဆာယာဉ်မောင်း နှင်သူများမှာ ညအိပ်စောင့်ဆိုင်းနေရသည့် ဓာတ်ပုံအချို့မှာ လူမှုကွန်ရက်စာမျက်နှာများ တွင် ထွက်ပေါ်လာသည်။

“ ဆီထုတ်နိုင်ဖို့ တန်းစီနေရတုန်းပဲ။ ည အိပ်စောင့်နေရတယ်။ စောင့်နေတာတော့ နှစ်ရက်ရှိပြီ” ဟု သီလဝါတွင် စက်သုံးဆီထုတ်ယူရန် တန်းစီစောင့်ဆိုင်းနေသည့် မော်တော် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာ ၅ ရက်နံနက်မှ စတင်ကာ ရန်ကုန်မြို့ ရှိစက်သုံးဆီ အရောင်းဆိုင်အချို့ တွင် ရောင်းချပေးနိုင်ခြင်းမရှိဘဲ ရောင်းချ လျက်ရှိသည့် ဆီဆိုင်များတွင်လည်း သတ်မှတ် ပမာဏဖြင့်သာ ဝယ်ယူရနေသည်ဟု မော် တော်ယာဉ်ပိုင်ရှင်အချို့က ‌ပြောကြားသည်။

“အခု ဆီဆိုင်တွေမှာက အကုန်လုံးတန်း စီစောင့်ရတယ်။ အဲ့ဒါတောင် လိုချင်သလိုဝယ် လို့မရဘူး  ” ဟု သာကေတမြို့နယ်ရှိ စက်သုံးဆီဆိုင် တစ်ဆိုင်တွင် စက်သုံးဆီဝယ်ယူခဲ့သူ တစ်ဦးက ‌ပြောကြားသည်။

စက်သုံးဆီဆိုင်များတွင် မော်တော်ယာဉ်များမှာ အနည်းဆုံး တစ်နာရီခန့်ကြာ တန်းစီ နေရခြင်းဖြစ်ပြီး အချို့ဆီဆိုင်များတွင် တန်းစီနေစဉ် ဆီကုန်သွားသဖြင့် ထပ်မံစောင့်ဆိုင်းရ ခြင်းများလည်းရှိသည်ဟု မော်တော်ယာဉ်ပိုင် ရှင်အချို့က ပြောကြားသည်။

စက်သုံးဆီဝယ်ယူရရှိသည့် ဆီဆိုင်များ တွင်လည်း ဆီဝယ်ယူရန် တန်းစီနေသည့် မော် တော်ယာဉ်တန်းများကိုလည်း တွေ့ရှိရသည်။

သီလဝါတွင် စက်သုံးဆီ သွားရောက် ထုတ်ယူနေပြီး ဆိုင်သို့ မရောက်မီတွင် ဓာတ် ဆီအမျိုးအစားများကို အရောင်းခေတ္တပိတ်ထားမည်ဖြစ်‌ကြောင်း စက်သုံးဆီဆိုင်အချို့က ‌ကြေညာထားသည်ကိုလည်း တွေ့ရသည်။

ဒီဇင်ဘာ ၆ ရက်တွင် ရောင်းချလျက်ရှိ သည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီ တာလျှင် ကျပ် ၂၅၁၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၆၄၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၁၀၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၃၀၅ ဖြစ်‌ကြောင်း သိရသည်။

စက်သုံးဆီစျေးနှုန်းများမှာ ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ မြင့်တက်လာခြင်းဖြစ်ပြီး ယင်းစျေးနှုန်းများမှာ ကျဆင်းလာခြင်းမရှိသေး ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်တွင် ရောင်းချခဲ့သည့် စျေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၅၁၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၆၄၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၃၀၅၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၁၀ ကျပ် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၃၀ ရက်က ရောင်းချခဲ့သည့် စက်သုံးဆီစျေးနှုန်းများအရ ၉၂ တစ်လီတာ လျှင် ကျပ် ၂၁၇၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၃၀၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၉၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ နှင့် ၉၅ တစ်လီတာလျှင် ကျပ် ၃၄၀ စီ၊ ပရီ မီယံဒီဇယ်တစ်လီတာလျှင် ၁၅ ကျပ်၊ ရိုးရိုးဒီ ဇယ်တစ်လီတာလျှင် ၁၀ ကျပ်စီ မြင့်တက်ခဲ့ ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့ တွင် စက်သုံးဆီရောင်းချနိုင်ခြင်းမရှိခဲ့ဘဲ ပိတ် သိမ်းထားခြင်းများရှိခဲ့သည်။

နိုဝင်ဘာ ၁၁ ရက် စက်သုံးဆီစျေးနှုန်း များမှာ ၉၂ တစ်လီတာ ကျပ် ၂၀၆၀၊ ၉၅ တစ် လီတာ ကျပ် ၁၆၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၁၅ ကျပ်ဖြစ်‌ကြောင်း စက်သုံးဆီအရောင်းဆိုင် များ၏ စျေးနှုန်းများအရ သိရသည်။

ယင်းကာလအတွင်း စက်သုံးဆီစျေးနှုန်း များအရ ၉၂ တစ်လီတာလျှင် ကျပ် ၂၁၀၀ အောက်တွင်သာရှိခဲ့သော်လည်း စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီရောင်းချနိုင် ခြင်းမရှိခဲ့ပေ။

ယင်းကာလက ရန်ကုန်မြို့တွင် မော် တော်ယာဉ်အချို့အား ဆီရှိလျက်ဖြင့် ရောင်းချ ပေးခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင် သုံးဆိုင်အား အရေးယူခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

မန္တလေးနှင့် တောင်ငူမြို့တွင် စက်သုံးဆီဆိုင်အချို့ အရောင်းပိတ်ထားပြီး ဝယ်ယူရရှိသည့် ဆိုင်များတွင်လည်း အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရကြောင်းအဆိုပါမြို့ခံများထံမှ သိရသည်။

နိုဝင်ဘာ ၅ ရက် နံနက်မှစတင်ကာ မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ရောင်းချပေးနိုင်ခြင်း မရှိကြောင်းနှင့် ရောင်းချလျက်ရှိသည့် စက်သုံးဆီဆိုင်များတွင်လည်း အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရကြောင်း သိရှိရသည်။

"တချို့ စက်သုံးဆီဆိုင်တွေဆို ဆီကို ပြတ်နေတာ။ အရောင်းကို ပိတ်ထားတာ။ တချို့ဆီဆိုင်တွေကတော့ လိုသလောက် ဝယ်လို့ရတယ်။ အချိန်တော့ တော်တော်ပေးရတယ်။ နံနက် ၅ နာရီ ထလာတာကို ကားတွေက တန်းစီနေကြပြီ"ဟု မန္တလေးမြို့ခံ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင်လည်း စက်သုံးဆီပန့်အရောင်းဆိုင်အများစု ဆီအရောင်း ရပ်နားထားပြီး ရောင်းချပေးသော ဆိုင်အနည်းငယ်တွင် စောင့်ဆိုင်းဝယ်ယူနေကြရကြောင်း မြို့ခံများထံမှ သိရသည်။

တောင်ငူမြို့၌ ဒီဇင်ဘာ ၄ ရက်မှ စတင်၍ စက်သုံးဆီအရောင်းဆိုင်အချို့မှာ စက်သုံးဆီပြတ်လတ်သည်ဟုဆိုကာ  အရောင်းပိတ်ထားပြီး၊ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းအထိ

တောင်ငူမြို့တွင်းနှင့် အနီးပတ်ဝန်းကျင်တို့တွင် ရောင်းချပေးသော ဆီဆိုင် ၂ ဆိုင် ၃ ဆိုင်ခန့်သာရှိသဖြင့် အဆိုပါဆီဆိုင်တို့တွင်သာ ဝယ်ယူနေကြရခြင်း ဖြစ်ကြောင်းသိရသည်။

တောင်ငူမြို့တွင် စက်သုံးဆီများ ဝယ်မရသည့်အခြေအနေနှင့်ပတ်သက်ပြီး" တောင်ငူမှာ တစ်မြို့လုံးက ဆီဆိုင်ကြီးတွေ အကုန် ပတ်ဝယ်တာ ဆီမရတော့ဘူးပဲပြောကြတယ်၊ တစ်ချို့ကလည်း ဆိုင်ကယ်ဆီပြတ်တဲ့လူတွေအတွက်ပဲဆိုပြီး နည်းနည်းစီမျှရောင်းပေးတယ်၊ တစ်ချို့ဆီဆိုင်တွေကတော့ နောက်နေ့တွေပြန်ချိန်းတယ် အချိန်ပိုင်းနဲ့ပဲရောင်းပေးနေတဲ့သဘောပဲ၊ တောင်ငူမြို့ထဲမှာတော့ရွှေဝါဆီပန့် တစ်ဆိုင်ပဲ ရောင်းပေးနေတာတွေ့ရတယ်၊ အဲ့မှာလည်း လူတွေအရမ်းများနေတော့ တန်းစီပြီးစောင့်ပြီးမှ ဝယ်လို့ရတာပါ၊ ဘာပဲပြောပြော အခုလိုပြည်သူတွေ ကြပ်တည်းခက်ခဲနေတဲ့အချိန်မှာ လိုအပ်နေတဲ့ ဓါတ်ဆီကို ဖြစ်အောင်ရောင်းပေးတဲ့ ဆီဆိုင်တွေကိုလည်း ကျေးဇူးတင်ရပါတယ်" ဟု တောင်ငူမြို့ခံတစ်ဦးက ပြောကြားသည်။

" မြို့ထဲမှာ ရောင်းပေးတဲ့ဆိုင်က တစ်ဆိုင်ထဲဆိုတော့ ဆိုင်ကယ်သမားတွေ အကုန်လုံးက အဲ့မှာပဲစုပြုံတိုးနေကြရတာ၊ မစောင့်ရဘူးဆို နာရီဝက်ကနေတစ်နာရီလောက်စောင့်ပြီးမှရတာပါ၊ ဒီနေ့ဆိုရင် မနက် ၅ နာရီလောက်ကတည်းက ဆီဆိုင်မှာ အလုအယက်တိုးနေကြတာတွေ့တယ်၊ ရောင်းပေးနေတဲ့ဆိုင်တွေကတော့ ပေါက်ဈေးအတိုင်းပဲ ရောင်းပေးနေကြတာပါ၊ အပြင်ပေါက်ဈေးကတော့ ရေသန့်ဘူးနဲ့ တစ်လီတာကို ကျပ် ၄၀၀၀ အထိ ရှိနေပြီကြားတယ်" ဟု မြို့ခံတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့ရှိ စက်သုံးဆီပန့်အရောင်းဆိုင်ကြီး အများစုမှာ ဒီဇင်ဘာ ၆ ရက်အထိ ရောင်းချပေးနိုင်ခြင်းမရှိသေးပဲ ဆီပန့်အရောင်းဆိုင်များတွင် ဝယ်ယူမရသဖြင့် လမ်းဘေး လက်လီအရောင်းဆိုင်များတွင် ဝယ်ယူရခြင်းများလည်းရှိနေပြီး ပြင်ပဈေးကွက်၌

ရေသန့်ဘူးနှင့်ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၅၀၀ နှင့် ကျပ် ၄၀၀၀ အထိပေးဝယ်နေကြရကြောင်း တောင်ငူမြို့ခံများထံမှသိရသည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး တောင်ငူမြို့ခံတစ်ဦးက" ကိုယ်နဲ့အနီးစပ်ဆုံးရှိတဲ့ ဆီပန့်တွေလိုက်ဝယ်တာ ပိတ်ထားကြလို့ ဘယ်မှာမှ ဝယ်မရဘူး၊ ဆိုင်ကယ်ထပ်မောင်းပြီး ပတ်ရှာနေရင်လည်းရှိတဲ့ဆီလေးကုန်ပြီး ဝယ်မရတော့မှာလည်းစိုးတာနဲ့ တွေ့တဲ့ လမ်းဘေးဆိုင်ကဝယ်တာ ရေသန့်ဘူးနဲ့တစ်ဘူးကို ၃၅၀၀ ကျပ်ပေးပြီးဝယ်ခဲ့ရတယ် ဆီပန့်တွေက ရောင်းဈေးထက် ကျပ် ၁၀၀၀ လောက် ပိုပေးပြီး ဝယ်ခဲ့ရတာပေါ့" ဟု ဆိုသည်။

တောင်ငူမြို့တွင် ပြီးခဲ့သော ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း၌လည်းစက်သုံးဆီဈေးမြင့်တက်၍ ဈေးနှုန်းမငြိမ်မသက်ဖြစ်သည်ဟုဆိုကာစက်သုံးဆီအရောင်းဆိုင်များ အရောင်းရပ်နားထားခြင်းများ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent