M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ

M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ
Published 29 July 2016
ဝေယံအောင်

ကိုလိုနီခေတ် မြန်မာပန်းချီလောကတွင်  M.T.Hla ဟုဆိုလျှင် မြန်မာများသာမက အနောက်တိုင်းသား ပန်းချီမြတ်နိုးသူများကလည်း  ကောင်းစွာ သိရှိကြသည်။ ၁၉ ရာစု နှောင်းပိုင်းခေတ် ဗြိတိသျှပန်းချီကျော်များ ဖြစ်သော ဂျေအမ်ဒဗလျူဟားနား ၊ သောမတ်စ်ဂါတင် ၊  ကော့မင်တို့သည် ဦးထွန်းလှ နှင့် ခေတ်ပြိုင်ပန်းချီဆရာများ ဖြစ်ကြသည်။ ထိုဆရာများ၏ လက်မှတ်ကို သဘောကျသဖြင့် အင်္ဂလိပ်အက္ခရာဖြင့်  M.T.Hla ဖြစ်လာခဲ့သည်။ ပန်းချီဆရာကြီး ဦးဘအုံးကဲ့သို့ပင် အနောက်တိုင်း ပန်းချီနည်းစနစ်ဖြင့် ဆီဆေး၊ ရေးဆေးတို့ကို ရေးဆွဲခဲ့သူ ဖြစ်သည်။ ပန်းချီဆရာကြီး ဦးထွန်းလှကို တွံတေးမြို့အပိုင် ဂျောင်ဝိုင်းကြီးကျေးရွာတွင် ၁၈၇၄ ခုနှစ်ခန့်က မွေးဖွားခဲ့သည် ။ မိဘများမှာ ဦးဘိုးဖေ နှင့် ဒေါ်မိတို့ ဖြစ်သည်။ ဦးထွန်းလှသည် ငယ်စဉ်က မငေးအလယ်ရွာ ဆရာတော် ဦးသုန္ဒရထံတွင် ပရိယတ္တိစာပေများနှင့် ပန်းချီပညာကိုပါ သင်ယူခဲ့သည်။ ဘုန်းကြီးကျောင်းရှိ ကနုတ်ပန်းရုပ်တုများ၊ ဘာသာရေးရုပ်လုံး ရုပ်ကြွများကို လေ့လာကူးဆွဲခဲ့သည် ။ စာပေဘက်တွင် ဉာဏ်ထက်မြက်ခဲ့ပြီး “အစားကိုသံတိုင်၊ အထိုင်ကိုသာထွန်း၊ အလွမ်းကိုရွှေကိုး၊ အပိုးမောင်အုန်းပွင့်” စသည်ဖြင့် စာချိုးခဲ့သည် ။ အခြားစာချိုးများစွာလည်း ရှိခဲ့သည်။ ဦးထွန်းလှကို ဆရာတော်က “တစ်ထွာပြလျှင် တစ်လံမြင်၊ ဉာဏ်စဉ်ထက်မြက်၊ ထွန်းလှစက်”ဟု ချီးကျူးခဲ့သည်။ သို့သော် ဦးထွန်းလှသည် ပန်းချီပညာဘက်ကို ပိုမို စိတ်ဝင်စားခဲ့လေသည်။ 
 
ဦးထွန်းလှသည် စဝ်ပန်းချီပညာကို တတ်မြောက်ခဲ့ပြီး ဘုန်းကြီးပျံများတွင် လောင်တိုက်တလား ပြာသာဒ်များကို ရောင်စုံခြယ်၍ အဆန်းတကြယ် ပြုလုပ်ခဲ့သည်။  ထို့နောက် မငေးရွာမှ မစိန်နှင့် အိမ်ထောင်ကျခဲ့သည်။  မစိန်၏ မောင်ဝမ်းကွဲတော်စပ်သူ နောင် ပန်းချီကျော်တစ်ဦး ဖြစ်လာမည့် မောင်ဘလုံကိုလည်း တပည့်အဖြစ် လက်ခံခဲ့သည်။ ဦးထွန်းလှသည် စာပေဝါသနာလည်းရှိသူ ဖြစ်သဖြင့် ကွက်စိပ်ဟောခြင်း၊ အလှူမင်္ဂလာ ဘိသိက်သွန်းခြင်း စသော အတတ်ပညာများကိုလည်း ဆည်းပူးခဲ့သည်။ လက်သမားအတတ်လည်း ကျွမ်းကျင်ခဲ့သည်။ ဘုန်းကြီးပျံများ မရှိချိန် အခက်အခဲများကြားမှ ပန်းချီပညာကို ပိုမိုလိုက်စားခဲ့သည်။ မှန်ပန်းချီကားများ ရေးဆွဲအသက်မွေးခဲ့သည်။ ရွှေတိဂုံဘုရား တောင်ဘက်စောင်းတန်းတွင် မှန်ကားပန်းချီဆိုင်ဖွင့်၍ စီးပွားရှာခဲ့သည်။ ရေးဆေး၊ ဆီဆေး၊ ရှုခင်း၊ လူပုံတူ အစုံရေးဆွဲခဲ့သည်။ ထိုစဉ်က ဘုရားကားများမှာ အရောင်းရ တွင်ကျယ်ခဲ့သည်။ “ရွှေတိဂုံဘုရားမှာ ကျားတက်တာ ငါးရက်ကြာ” ခေတ်စားနေချိန်တွင် ကျားတစ်ကောင် ဝပ်နေပုံ ထည့်ရေးရာများစွာ အရောင်းသွက်ခဲ့သည်။ မှန်ပန်းချီအဆင့်မှ အနောက်တိုင်းပန်းချီသို့ တက်လှမ်းနိုင်ခဲ့သည်။ ၁၉၁၁ ခုနှစ်ခန့်တွင် ဖခင်ရှိသည့် မော်လမြိုင်ဘက်သို့ သွားရောက်ကာ ပန်းချီလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ အဆင်မပြေသဖြင့် ကျောက်ပန်းပုထု၍ ရပ်တည်ခဲ့သည်ဟုလည်း အဆိုရှိသည်။
 
၁၉၀၁ ခုနှစ်ခန့်မှ စတင်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ လက်မှုအနုပညာပြပွဲပြိုင်ပွဲများကို နှစ်စဉ်ကျင်းပခဲ့ရာ အနုပညာရှင်များ လက်စွမ်းပြရန် အခွင့်သာခဲ့သည်။ ဦးထွန်းလှသည် ပန်းချီပြိုင်ပွဲတွင် ဝင်ပြိုင်ခဲ့ပြီး ပထမဆု ရရှိခဲ့သည်။ ထိုစဉ်က ပြိုင်ပွဲရှိသည်ဟု သတင်းကြားသဖြင့် ရန်ကုန်ဘက်သို့ ကူး၍ သွားပြိုင်ရာ ပြိုင်ပွဲပြီးခါနီးမှ ရောက်ရှိခဲ့သည်။ အစောင့်မျက်နှာဖြူက ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုခဲ့ရာ အချိန်နည်းလွန်းသဖြင့် စက္ကူတစ်ချပ်ပေါ်တွင် စက်ဝိုင်းကြီးတစ်ခုကို တစ်ချက်တည်း ဆွဲလိုက်ပြီး စက်ဝိုင်း၏ ဗဟိုတွင် အစက်တစ်ခုကို ချပေးခဲ့သည်။  မကြာမီ ပထမဆုရကြောင်း လှမ်း၍ အကြောင်းကြားခဲ့သည်ဆို၏။ ဦးထွန်းလှသည် အနောက်တိုင်းပန်းချီဆရာ တယ်လဗေါ့ကယ်လီ၏ နည်းကိုယူခဲ့ပြီး ဆက်လက်ကြိုးပမ်းရာ ၁၉၁၄ ခုနှစ်မတိုင်မီ ပြပွဲများတွင် ဆုနှစ်နှစ် ဆွတ်ခူးခဲ့သည်။  ဆရာဦးမင်းနိုင်၏ အဆိုအရ ၁၉၀၉ ခုနှစ်တွင် ဦးဘအုံးနှင့် အတူ ပထမဆုရရှိခဲ့သည်။ ဦးထွန်းလှသည်  ဒဂုန်မဂ္ဂဇင်းကြီးတွင်လည်း  မြန်မာဆန်ဆန် ခေါင်းစီးပန်းများ ၊ ဘောင်ပန်းများရေးဆွဲ၍ လက်စွမ်းပြခဲ့သည်။ တစ်နေ့တွင်  သတင်းစာထဲ ပါလာသည့် ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်၏ ဓာတ်ပုံကို ပုံတူကူးဆွဲကာ စော်ဘွားကြီးထံ ပို့ပေးခဲ့သည်။ စော်ဘွားကြီးလည်း သဘောကျသဖြင့် မိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ ရှမ်းပြည်သို့တက်၍ စော်ဘွားကြီးပုံတူ၊ ဟော်နန်းပုံများကို ရေးဆွဲခဲ့သည်။ 
 
ညောင်ရွှေစော်ဘွားကြီးပုံတူကို ရေးဆွဲပြီးနောက်ပိုင်း ဦးထွန်းလှ၏ ပန်းချီလုပ်ငန်းများမှာ တိုးတက်ဖွံ့ဖြိုး လာခဲ့သည်။ အဆက်အသွယ်လည်း ပိုမိုများပြားလာခဲ့ပြီး စီးပွားရေးလည်း ဖြောင့်ဖြူးလာခဲ့သည်။ ဦးထွန်းလှသည် ရန်ကုန်မြို့ အစောပိုင်းကာလက ဖွင့်လှစ်ခဲ့သည့် စမတ်အင်မူကာဒမ် စာအုပ်ဆိုင်တွင် ရေဆေးရှုခင်းကားများ ၊ တိုင်းရင်းသားလူမျိုးပုံများ၊ ခရစ်စမတ် နှစ်သစ်ကူးကတ်များ၊ မွေးနေ့လက်ဆောင်ကတ်များကို တင်သွင်းရောင်းချခဲ့သည်။ ယင်းစာအုပ်ဆိုင်တွင် မြန်မာပန်းချီဆရာများ၏ ပန်းချီကားများကို တင်ပြရောင်းချပြီး ဘုရင်ခံပင် လာရောက်လေ့ရှိသဖြင့် အထူးကုလားထိုင်ကို စီစဉ်ထားရသည်။ ဦးထွန်းလှ၏ မန္တလေးမြို့ကား ၊ ကန်တော်ကြီး ၊ ရွှေတိဂုံကား၊  စိန်ပန်းနှင့် အညာလှေကား ၊ အင်လေးရှုခင်းကား ၊ ပုဂံဗူးဘုရားကား ၊ အာနန္ဒာကားများကို  နိုင်ငံခြားသားများက အထူးနှစ်သက် အားပေးကြသဖြင့် လက်မလည်အောင် ရေးဆွဲ တင်သွင်းခဲ့ရသည်။ ထိုသို့ ပန်းချီကားများ ရေးဆွဲနိုင်ရန်လည်း  မြန်မာပြည်အနံှ့ကို ခရီးထွက်ခဲ့ရသည်။ ဦးထွန်းလှ၏ တပည့်ဖြစ်သူ ဦးဘလုံက “ဒီတုန်းက ဆရာကြီးဦးထွန်းလှကလည်း သားဦးမွေးစဆိုတော့ စာအုပ်ဆိုင် ( စမတ်အင်မူကာဒမ်) က စရန်ယူပြီး မြန်မာပြည်အထက်ပိုင်း ခရီးစတော့တာပဲ ။ ကျုပ်လည်း ဆင်ထားတာကြည့်ပါဦး ။ ဘန်ကောက်လုံချည်၊ မာစရိုက်ရှပ်၊ နက်ပြာရောင်ဆင် သက္ကလပ်။ ဆရာကြီးကိုလည်း ကြည့်ပါဦး။ တောင်ရှည်ပုဆိုး၊ သားမွှေးအင်္ကျီ။ ရင်ဘတ် မှာလည်း ရွှေကြိုးဒေါ်လာပြားနှင့် နာရီကြီးနှင့်ပေါ့။ ခရီးသွားရင်လည်း ရထားလုံးနှင့်။ လက်ကိုကြည့်ပါဦး။ ပတ္တမြားလက်စွပ်နှင့် စီးကရက်နှင့်။ ဆရာကြီးဟာ ခရီးသွားရင် ငွေဖလားစုံကွမ်းအစ်၊ နောက်ပြီးတစ်ယောက် ထိုင်ကောဇော၊ ကတ္တီပါမှီအုံးကလေး၊ ခြင်ယင်တို့ ခတ်ဖို့ မြင်းမြီး၊ ရေတံကောင်း၊ ရေသောက်ဖလား၊ ကျောက်ကာလေးဆင့် ယွန်းထမင်းချိုင့်။ စတိုင်ကတော့ ဖြောင့်လှပေါ့။ မီးရထားစီးတော့ ဒုတိယတန်း”ဟု ပန်းချီ ဂျီလှမောင်ကို ပြန်ပြောခဲ့သည်။
 
ဦးထွန်းလှ၏ ပန်းချီကားများကို နိုင်ငံခြားသားများက ပင်ရင်းစမတ်အင်မူကာဒမ် စာအုပ်ဆိုင်နှင့် ဆိုင်ခွဲဖွင့်ထားသော စထရင်းဟိုတယ်ဆိုင်များမှ ဝယ်ယူရုံသာမက  ဂျောင်ဝိုင်းကြီးနေအိမ်သို့လည်း ပဲ့ချိတ် မော်တော်ကလေးများဖြင့် လာရောက်ဝယ်ယူကြသည်။ ဆရာကြီး ဦးထွန်းလှသည်  စစ်ကြိုခေတ်တွင် ဝင်ငွေကောင်းလှသဖြင့် ခမ်းနားထည်ဝါစွာ နေခဲ့သည်။ အိမ်ကို အဖိုးတန် အသုံးအဆောင်များဖြင့် မွမ်းမံခဲ့သည်။ ပန်းချီကားလာမှာသော နိုင်ငံခြားသားများကို မိမိအိမ်တွင်ပင် အရက်မျိုးစုံဖြင့် ဧည့်ခံလေ့ရှိသည်။ နိုင်ငံခြားမှ ရှားပါးပစ္စည်းများကို ဝယ်ယူစုဆောင်း၍ ရွာသားများကို ဗဟုသုတရစေရန် ပြသခဲ့သည်။ ရွာသူရွာသားများကိုလည်း အလွန်သံယောဇဉ်ကြီးသူ ဖြစ်သည်။ ပဉ္စမမြောက် ဂျော့ဘုရင်နန်း တက်ပွဲကျင်းပစဉ်က ရန်ကုန်စထရင်းဟိုတယ်၌ ပြင်ဆင်ထားရန် ဂျော့ဘုရင်နှင့် မေရီမိဖုရားပုံတူ ပန်းချီကားကြီးနှစ်ချပ်ကို ရေးဆွဲခဲ့ရသည်။ ပန်းချီကားကြီးများ ရေးဆွဲပြီးသောအခါ သူ၏ ရွာသူရွာသားများ ဗဟုသုတရစေရန် အောက်လင်းဓာတ်မီးထွန်း၍ အရင်ပြခဲ့သည်။ ရန်ကုန်ဘက်မှ ပြန်လာလျှင် ရွာအတွက် စာအုပ် ၊ သတင်းစာ ၊ ဂျာနယ် ၊ မဂ္ဂဇင်းများကို ယူလာခဲ့သည်။ ရွာရှိကလေးများအတွက် မုန့်ပဲသရေစာများကိုလည်း ဝေပေးလေ့ရှိသည်။ 
ဦးထွန်းလှသည် အသံသြဇာကောင်းသူ၊ ရယ်စရာ ပြောတတ်သူဖြစ်ရာ မငေးတစ်ရွာလုံးက သိကြသည်။ မငေးရွာမှ ကျောင်းဒကာကြီး တစ်ဦးက  “ဟေ့ မောင်ထွန်းလှ မင်းပန်းချီအရေးတော်လှလို့ ကြားတယ်။ ငါ့ပုံရေးစမ်းကွာ”ဆိုကာ ဆောင့်ကြောင့် ထိုင်ပေးသည်။ ပုံတူ အရေးကောင်းသူဖြစ်၍ လုံခြည်အောက်စ လွတ်နေသည်ကိုပါ ထည့်ရေးခဲ့ရာ “တော်တော်နောက်တဲ့ကောင်” ဟု ကျောင်းဒကာကြီးက ဒေါသလည်းထွက် သဘောလည်းကျခဲ့သည်ဟူ၏။
 
ဦးထွန်းလှသည်  ရန်ကုန် ၁၁ လမ်းတွင်လည်း ဇနီး၊ သားနှစ်ဦးနှင့်အတူ ထည်ထည်ဝါဝါ နေခဲ့သည်။ ဆရာကြီး ပီမိုးနင်းက ပန်းချီပညာ ဝါသနာပါသူ ဂျီလှမောင်အား ဦးထွန်းလှထံ ခေါ်သွားခဲ့သည်။ ဦးထွန်းလှက ဆရာမိုးတို့ ကြွပါကြွပါဟု ကြိုဆိုခဲ့ပြီး “မောင်လှမောင် အားရင်လာပေါ့။ ပညာဆိုတာ မီးလိုပဲ။ မီးကို ကူးပေးလို့ မီးဟာ ကုန်မသွားပါဘူး။ လာပေါ့ အားရင်” ဟု ဆိုခဲ့သည်။ ဆရာဂျီလှမောင်က “ဆရာကြီး ဦးထွန်းလှ၏ ရုပ်ပုံကား ခံ့ညားလှ၏။ နှုတ်ခမ်းမွေးကျင်စွယ်နှင့် မိမိထက် မည်မျှငယ်ရွယ်သူဖြစ်စေ မောင်တပ်၍သော် လည်းကောင်း၊ ကိုတပ်၍သော် လည်းကောင်း ခေါ်တတ်၏။ ဘက်တန်း ( ၁၁ လမ်း) က ပုဏပုဏ္ဏား အလုပ်ကောင်းသူမို့ ပုဏ္ဏား ဦးလှထွန်းအမည်ကို ရခဲ့၏။”ဟု မှတ်တမ်းတင်ခဲ့သည်။ 
စစ်မဖြစ်မီက မငေးကျောင်း ဒုတိယဆရာတော်ကြီး ဦးဝိမလပုံတော်၊ လူရွှင်တော်ကြီး ဦးကြင်ခဲ၏ ပုံတူ ၊ဂျော့ဘုရင်နှင့် ဘုရင်မပုံတူများနှင့် ရွှေတိဂုံစေတီတော်ပုံများသည် လက်ရောမြောက် နာမည်ကြီးပန်းချီကားများ ဖြစ်သည်။  ဒုတိယကမ္ဘာစစ်ကြီးဖြစ်သောအခါ ရွာသို့ ပြန်နေခဲ့သည်။ စစ်အတွင်းတွင် စားဝတ်နေရေးအတွက် အသုံးအဆောင်ပစ္စည်များကို ရောင်းချ စားသောက်ခဲ့ရသည်။ မိသားစုဘ၀ ပျော်ရွှင်မှုကို စစ်ကြီးက ဝါးမျိုခဲ့လေသည်။ ဇနီးသည်နှင့် သားငယ်သည် လပိုင်းသာခြား၍ ကွယ်လွန်ခဲ့လေသည်။  စစ်ကြီး ပြီးဆုံးသွားသောအခါ  ဦးထွန်းလှသည်  ပန်းချီရေးဆွဲရန် ပြင်ဆင်လေတော့သည်။ အလုံမြို့နယ်၊ ဆူပါပင်လမ်းသို့ ပြောင်းရွှေ့နေထိုင်သည်။ ကက်စဘီ စစ်အုပ်ချုပ်ရေးကာလတွင် ဆရာကြီးသည် ဝင်ငွေကောင်းလာပြန်သည်။  သို့သော် ပန်းချီအမွေကို ဆက်ခံမည့် သားအကြီးမှာ ကွယ်လွန်ခဲ့သည်။ 
 
ဆရာကြီး ဦးထွန်းလှသည် အသက်အရွယ်ကြီးရင့်သဖြင့် ပန်းချီဆွဲအား လျော့နည်းလာခဲ့သည်။  ဦးထွန်းလှ၏ ခေတ်မှာ တိမ်၍ လာသည်။ ကျန်းမာရေး ချို့ယွင်းလာသောအခါ မိသားစုကလည်း မရှိသဖြင့်  ရွာရှိ တူ၊ တူမများထံ ပြန်၍ စောင့်ရှောက်မှုကို ခံခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဂျောင်ဝိုင်းကြီးရွာ၌ ကွယ်လွန်ခဲ့လေသည်။ ဆရာကြီးဦးထွန်းလှ၏ ဈာပနကို တပည့်များဖြစ်သည့် ဆရာမြစ်၊ ဦးစံလွင်၊ ဆရာဆောင်၊ ဦးအုန်းလွင် ၊ ဂျီလှမောင်၊ ဦးဘရင်ကြီး ၊ ဦးလှမောင်ကြီး ၊ ဦးဝံသ ၊ ဦးလှစိန်နှင့် စာပေမိတ်ဆွေများက ဦးစီး၍ သဂြုႋဟ်ပေးခဲ့ကြသည်။ ယခုအခါ ၁၉၃၅ ခုနှစ်တွင် ဆရာကြီး ဦးထွန်းလှရေးဆွဲခဲ့သော ရွှေတိဂုံပုံတော် ဆီဆေးပန်းချီကားကြီးကို ရွှေတိဂုံဘုရားပြတိုက်တွင် ကြည့်ရှုနိုင်မည် ဖြစ်သည်။ အခြားပန်းချီကားများမှာ စကော့တလန်နိုင်ငံ  Edinburgh မြို့ရှိ ဒေါ်မြတ်စုမိသားစုနှင့် အခြားပန်းချီကား စုဆောင်းသူများထံတွင် ရှိကြောင်း သိရသည်။
 
ရည်ညွန်း - ကမ္ဘာ့ပန်းချီသိ မြန်မာ့ပန်းချီသိ (ဂျီလှမောင်)၊ မြန်မာပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင်များ - ပတွဲ (ညိုဝင်းရှင်)၊ အထွေးစာစုများ ( ဘထွေး )၊ Old Myanmar Painting in the Collection of U Win by Hla Tin Htun

Most Read

Most Recent