အဓိက မီးရထားလမ်းပိုင်းများတွင် တစ်နာရီလျင် ၈၀ ကီလိုမီတာအထိ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေး လမ်းပိုင်းအလိုက် သုတေသနပြု ဆောင်ရွက်ရမည်ဖြစ်ပြီး လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

အဓိက မီးရထားလမ်းပိုင်းများတွင် တစ်နာရီလျင် ၈၀ ကီလိုမီတာအထိ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေး လမ်းပိုင်းအလိုက် သုတေသနပြု ဆောင်ရွက်ရမည်ဖြစ်ပြီး လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
Published 8 October 2024

အဓိက မီးရထားလမ်းပိုင်းများတွင် တစ်နာရီလျင် ၈၀ ကီလိုမီတာအထိ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေး လမ်းပိုင်းအလိုက် သုတေသနပြု ဆောင်ရွက်ရမည်ဖြစ်ပြီး လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အောက်တိုဘာ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ(အင်းစိန်)သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် မှာကြားရာတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

နစက ဥက္ကဋ္ဌက အဓိက မီးရထားလမ်းပိုင်းများတွင် တစ်နာရီလျင် ၈၀ ကီလိုမီတာအထိ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေးဆောင်ရွက်ရာတွင် အချို့လမ်းပိုင်းအကွေ့နေရာများအား အမြန်နှုန်းကန့်သတ်ချက်များကိုက်ညီမှုရှိရေး လမ်းပိုင်းအလိုက် သုတေသနပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် အဆိုပါ အမြန်နှုန်းနှင့် ကိုက်ညီမှုမရှိသည့် ရထားလမ်းနေရာများ၊ တံတားနေရာများကိုလည်း လေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်၍ မိမိတို့နိုင်ငံရှိလမ်းပိုင်းများနှင့်ကိုက်ညီသည့် အမြန်နှုန်းစံတစ်ခုကို သတ်မှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ မီးရထားသယ်ယူပို့ဆောင်ရေးသည် ၁၈၇၇ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်သော်လည်း အခြားနိုင်ငံများနှင့် ယှဉ်ကြည့် ပါက ရထားသယ်ယူပို့ဆောင်ရေးစနစ်များ နောက်ကျနေဆဲဖြစ်ကြောင်း၊ မီးရထားသယ်ယူပို့ဆောင်ရေးတွင် ရထားလမ်းသည် အဓိက အရေးကြီးပြီး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ကိုက်ညီသည့် ကျောက်များ၊ ဇလီဖားတုံးများ ဖြည့်သွင်းပေးခြင်း၊ ကြံ့ခိုင်မှုကောင်းမွန်အောင် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။ 

မိမိတို့အနေဖြင့် အမြန်နှုန်း တစ်နာရီလျင် ၈၀ ကီလိုမီတာအထိ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေး စံသတ်မှတ်ဆောင်ရွက်ရန်လိုပြီး ကုန်တွဲများအား တစ်နာရီလျင် ၆၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒီဇယ်လျှပ်စစ်သုံး (DEMU) စက်ခေါင်းများ၊ ရထားတွဲများကိုလည်း ပြည်တွင်း၌ တည်ဆောက် ထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မီးရထားစက်ခေါင်းများနှင့် ရထားတွဲများ ကောင်းမွန်ရန်လိုသကဲ့သို့ ရထားလမ်းများ စနစ်တကျဖြင့် ကောင်းမွန်ချောမွေ့မှုရှိစေရေးကိုလည်း အမြဲမပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ လျှပ်စစ်ရထား (EMU) ပြေးဆွဲနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေးသည် မလွဲမသွေ ပြောင်းလဲရမည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး စီမံကိန်းအောင်မြင်စေရေးအတွက် လိုအပ်သည်များကို ဆက်လက်သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။ 

ရထားလမ်းများ ကောင်းမွန်ပြီး အချိန်မှန်မှန်ဖြင့် ပြေးဆွဲနိုင်မည်၊ မြန်နှုန်းမြှင့်စွာဖြင့် ပြေးဆွဲနိုင်မည်ဆိုပါက ရထားသယ်ယူပို့ဆောင်ရေးကို ပြည်သူများက ပိုမိုသုံးစွဲလာမည်ဖြစ်ကြောင်း၊ ရထားဘူတာများ၊ ရထားနယ်မြေများ အားလုံး၌လည်း သွားလာနေထိုင်မှုများအားလုံး စည်းကမ်းစနစ်တကျအတိုင်း ဖြစ်ရန်လိုကြောင်း၊ ရထားပို့ဆောင်ရေးစနစ်သည် တိုင်းပြည်တစ်ခု၏ အဓိကကျသည့် ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပြီး အကျိုးရှိသည့် စနစ်ဖြစ်ခြင်းကြောင့် ရထားပို့ဆောင်ရေးစနစ် တစ်ခေတ်ပြန်လည်ဆန်းသစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

စက်ရုံအစည်းအဝေးခန်းမတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အား နစကအဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရန်ကုန်မြို့ပတ်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ မြို့ပတ်ရထားများ ပြေးဆွဲသွားမည့် အစီအစဉ်များနှင့် ရထားလမ်းဆိုင်ရာ အဆောက်အဦများ၊ ရထားလမ်းတစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ၊ ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက် လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လေ့လာရေးအဖွဲ့၏ တွေ့ရှိချက်များ၊ မြို့ပတ်လျှပ်စစ်ရထားအတွက် သုံးသပ်တင်ပြချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့် ဒုတိယဝန်ကြီး ဦးအောင်မြိုင်က အဓိက မီးရထားလမ်းပိုင်းများ၌ မြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စပိန်နိုင်ငံမှ ရောက်ရှိလာသည့် DEMU ရထားတွဲဆိုင်း အသစ်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent