နိုင်ငံ၏အခြေခံအဆောက်အအုံများဖြစ်သည့် ရေနံချက်စက်ရုံများ၊ နျူကလီးယား တည်နေရာများကို တိုက်ခိုက်ခြင်းမပြုရန် အီရန်က အစ္စရေးအား သတိပေး

နိုင်ငံ၏အခြေခံအဆောက်အအုံများဖြစ်သည့် ရေနံချက်စက်ရုံများ၊ နျူကလီးယား တည်နေရာများကို တိုက်ခိုက်ခြင်းမပြုရန် အီရန်က အစ္စရေးအား သတိပေး
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်အာရပ်ဂျ်ချီ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်နေပုံကို အောက်တိုဘာ ၅ ရက်တွင်တွေ့ရစဉ်(Photo: AFP)
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်အာရပ်ဂျ်ချီ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်နေပုံကို အောက်တိုဘာ ၅ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 8 October 2024

အောက်တိုဘာ ၁ ရက်တွင် အီရန်က အစ္စရေးကို ဒုံးကျည်အတွဲလိုက်ပစ်ခတ်ကာ တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးဘက်က လက်တုံ့ပြန်သည့်အခါ အီရန်၏ရေနံချက်စက်ရုံများသို့မဟုတ် နျူကလီးယားနေရာများကို  တိုက်ခိုက်လာနိုင်သည့်အလားအလာအား  အောက်တိုဘာ ၈ ရက်တွင် အီရန်က သတိပေးခဲ့သည်။

“အီရန်မှာရှိတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုမှန်သမျှဟာ အင်အားပိုလို့တောင်ကြီးမားတဲ့ တုံ့ပြန်မှုကိုဖြစ်ပေါ်စေပါလိမ့်မယ်”ဟု နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရပ်ဂျ်ချီ၏ပြောစကားကို အီရန် အစိုးရပိုင်မီဒီယာက ကိုးကားဖော်ပြခဲ့သည်။

ရန်သူတော်အီရန်၏အောက်တိုဘာ ၁ ရက် ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်ရန်မိမိတို့ပြင်ဆင်နေသည်ဟု အစ္စရေးကပြောကြားခဲ့ပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီးကအထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အီရန်သည် ခြောက်လအတွင်းအစ္စရေးကို ဒုတိယအကြိမ် တိုက်ရိုက်တိုက်ခိုက်မှုအဖြစ် အောက်တိုဘာ ၁ ရက် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အီရန်သည် ဒေသတွင်း၌ စစ်ပွဲကိုလိုလားခြင်းမရှိဟု အာရပ်ဂျ်ချီ၏ပြောစကားကို အောက်တိုဘာ ၇ ရက် အစိုးရထုတ်ပြန်ချက်၌ ကိုးကားဖော်ပြခဲ့သည်။

ကမ္ဘာ့ရေနံစိမ်းအများဆုံးထုတ်လုပ်သော ၁၀ နိုင်ငံထဲက တစ်နိုင်ငံဖြစ်သည့် အီရန်၏ရေနံစက်ရုံများကို အစ္စရေး တိုက်ခိုက်မည့်လုပ်ရပ်ကို အောက်တိုဘာ ၄ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က သတိပေးခဲ့သည်။

နျူကလီးယား တည်နေရာများသို့မဟုတ် စွမ်းအင်နေရာများကို တိုက်ခိုက်မှုမှန်သမျှသည် မျဉ်းနီကို ဖြတ်ခြင်းဖြစ်လိမ့်မည်ဟု အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် ဗိုလ်ချုပ်ရာဆူးလ်ဆနိုင်းရတ်က အောက်တိုဘာ ၆ ရက်တွင် အစ္စရေးကို သတိပေးခဲ့သည်။

“နိုင်ငံရေး ခေါင်းဆောင်အချို့က အီရန်ရဲ့နျူကလီးယား မူဝါဒအပြောင်းအလဲဖြစ်လာနိုင်ပုံနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ကြပါတယ်”ဟု အစ္စရေးခြိမ်းခြောက်မှုအပြီး ဗိုလ်ချုပ် ရာဆူးလ်ဆနိုင်းရတ် ပြောခဲ့သောစကားကို Fars သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

အီရန်သည် နျူကလီးယားလက်နက်ထုတ်လုပ်ရန် နည်းပညာဆိုင်ရာ စွမ်းရည်ရှိသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီးနောက် အီရန်အနေဖြင့် ၎င်း၏နျူကလီးယားရည်မှန်းချက်များတွင် အပြောင်းအလဲ ရှိမည်မဟုတ်ဟု ၂၀၂၂ ခုနှစ်တွင် ပြောကြားခဲ့သည်။

အီရန်က ၎င်း၏ယူရေနီယမ်သန့်စင်မှုနှုန်းကို လွန်ခဲ့သောနှစ်တွင်နှေးလိုက်သည်သည်ဆိုသော်လည်း သန့်စင်ပြီး ယူရေနီယမ် ၆၀ ရာခိုင်နှုန်း ထုတ်လုပ်မှုကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အရှိန်မြန်မြန် ဆောင်ရွက်ခဲ့သည်ဟု နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ ထုတ်ပြန်ချက်အရ သိရသည်။

သန့်စင်ပြီးယူရေနီယမ် ပမာဏ ၉၀ ရာခိုင်နှုန်း ဝန်းကျင်သည် စစ်ဘက်အသုံးပြုမှုအတွက် လိုအပ်သည်ဟုဆိုသည်။

အီရန်က နျူကလီးယားလက်နက်စွမ်းရည်ဖွံ့ဖြိုးအောင်လုပ်ရေး ရည်မှန်းချက်မှန်သမျှအား အစဉ်အမြဲ ငြင်းဆန်ထားပြီး နျူကလီးယားစွမ်းရည် ဖွံ့ဖြိုးအောင်လုပ်ခြင်းသည် အလုံးစုံငြိမ်းချမ်းရေးဖြစ်သည်ဟု ပြောကြား ထားသည်။

Ref: AFP

Most Read

Most Recent