■မြန်မာအရေး ပါဝင်သည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲများ လာအိုနိုင်ငံ ဗီယန်ကျင်းတွင် ကျင်းပ 

■မြန်မာအရေး ပါဝင်သည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲများ လာအိုနိုင်ငံ ဗီယန်ကျင်းတွင် ကျင်းပ 
Photo: AFP
Photo: AFP
Published 8 October 2024

■အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်

မြန်မာအရေး ပါဝင်သည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲများနှင့် ဆက်စပ်အစည်းအ ၀ေးများကို လာအိုနိုင်ငံ ဗီယန်ကျင်းတွင်ကျင်းပနေကြောင်းသိရသည်။

အောက်တိုဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ (၂၈) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက် အဝန်းကောင်စီ အစည်းအဝေးနှင့် (၃၅) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး၀န်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။ 

အဆိုပါ အစည်းအဝေးများသို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ နှင့် အာဆီယံအတွင်း‌ရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးက လေ့လာသူနိုင်ငံအဖြစ် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးများတွင် (၄၄) ကြိမ်မြောက်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများနှင့် သက်ဆိုင်သည့် အုပ်ချုပ်မှုနှင့် ဘာသာရပ် ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ၊ ၂၀၂၄ ခုနှစ်အတွင်း အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များနှင့် ကဏ္ဍအသီးသီး၌ အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုများ၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း လမ်းပြမြေပုံ (၂၀၂၅) အား အကောင်အထည် ဆောင်ရွက်နေမှုများ၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) နှင့် ဆက်စပ်ရေးဆွဲလျက်ရှိ သည့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးမဟာဗျူဟာစီမံချက်ရေးဆွဲမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု များ၊ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ်  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရသည်။ 

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအို နိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များ၊ ဦးစားပေးနယ်ပယ်များနှင့် အာဆီယံအသိုက်အဝန်းထူထောင် ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ထောက်ခံပြီး အဖွဲ့ဝင်ကောင်းပီသစွာဖြင့်အာဆီယံနိုင်ငံများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 

ထို့ပြင် (၃၅) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးတွင် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် အလှည့်ကျတာဝန် ထမ်းဆောင်ရမည့်မြန်မာနိုင်ငံမှ အငြိမ်းစား သံအမတ်ကြီး ဦးစံလွင်အား ခန့်အပ်ရန် အတည်ပြု ခဲ့ကြပါသည်။ 

ထို့အတူ အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တစ်ဦးအား သုံးနှစ်အတွင်း ပထမဆုံးအကြိမ်‌စေလွှတ်လိမ့်မည်ဟု သံတမန်သတင်းအရင်းအမြစ်က အောက်တိုဘာ ၈ ရက်တွင် အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ 

လွန်ခဲ့သော သုံးနှစ်တွင် တပ်မတော်က နိုင်ငံတော်တာ၀န်ကို လွှဲယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာက  နိုင်ငံခြားရေး၀န်ကြီးဌာန တာ၀န်ရှိသူတစ်ဦးကို ယင်းထိပ်သီးအစည်းအဝေးသို့ စေလွှတ်ခြင်းဖြစ်သည်ဟုဆိုသည်။ 

တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် နိုင်ငံတော် တာ၀န်ကိုလွှဲယူခဲ့ပြီးကတည်းက  နစက ခေါင်းဆောင်များကို အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခြင်းကို အာဆီယံက ပိတ်ပင်ထားသည်။ 

အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ၏အစည်းအဝေးကို တက်ရောက်ခဲ့သည့် နိုင်ငံခြားရေး၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န်ဦးအောင်ကျော်မိုးက သတင်းထောက်များ၏မေးခွန်းများကို ဖြေကြားရန် ငြင်းဆန်ခဲ့သည်ဟု နိုင်ငံတကာမီဒီယာများက ဖော်ပြခဲ့သည်။ 

မြန်မာနိုင်ငံ၏ပဋိပက္ခ ပြီးဆုံးသွားစေရန်လည်းကောင်း၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ခွင့်ပြုပေးရန်လည်းကောင်း၊အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန်လည်းကောင်း မြန်မာနစက၏ပျက်ကွက်မှုက ယခုသီတင်းပတ်ထဲလာအို၌ကျင်းပမည့်အာဆီယံထိပ်သီးအစည်းအ‌ဝေး၏အဓိက အာရုံစိုက်သည့်ကိစ္စဖြစ်လာလိမ့်မည် ဖြစ်သည်။ 

သို့ရာတွင် နိုင်ငံခြားရေး၀န်ကြီးဌာန တာ၀န်ရှိသူ တက်ရောက်ခြင်းကို လူ့အခွင့်အရေးအုပ်စုများ၊ အန်ဂျီအိုများ၊ နိုင်ငံတွင်းက နစက၏ပြိုင်ဘက်များက ဝေဖန်ခဲ့ကြပြီး နိုင်ငံခြားရေး ၀န်ကြီးဌာန တာ၀န်ရှိသူကိုအာဆီယံအစည်းအဝေးသို့ တက်ရောက်ခွင့်ပြုခြင်းသည် နစကကို တရား၀င် အစိုးရအဖြစ် အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ဝေဖန်နေကြသည်။ 

အာဆီယံ အထင်ကရ ၂၀၂၄ ထိပ်သီးအစည်းအဝေးကို လာအိုမြို့တော် ဗီယန်ကျင်း၌ အောက်တိုဘာ ၈ ရက်မှ ၁၁ အထိ ကျင်းပမည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်၍ အလွတ်သဘောဆွေနွေးပွဲကို ဒီဇင်ဘာတွင် ကျင်းပမည်ဖြစ်ရာ ထိုဆွေးနွေးပွဲတွင် အင်ဒိုနီးရှား၊မလေးရှား၊လာအိုတို့ပါ၀င်မည်ဟု အာဆီယံအတွင်းရေးမှူးချုပ် ‌ကောင်းကင်ဟွန်က သတင်းထောက်များကို ပြောကြားခဲ့သည်။ 

"အဲဒီအစည်းအဝေးဟာ နောက်ထပ် ဘာလုပ်နိုင်သလဲဆိုတာသိရဖို့ မြန်မာ့အရေးကို ကျွန်တော်တို့ ပြန်လည်ဆန်းစစ်မယ့်အစည်းအဝေးဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။ 

ဘုံသဘောတူညီချက် ငါးရပ်သည် ၂၀၂၁ ခုနှစ်တွင် ချမှတ်ခဲ့သော အာဆီယံငြိမ်းချမ်းရေး အစီအမံဖြစ်ပြီးမြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် ရည်ရွယ်သည်။ ထို့အပြင် အကြမ်းဖက်မှု အဆုံးသတ်ရေး၊ အပြန်အလှန် စေ့စပ်ဆွေးနွေးရေး၊လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးတို့ကိုလည်း ဘုံသဘောတူညီချက်ငါးရပ်တွင် ဖော်ပြထားသည်။ 

သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရန် နစက၏မလိုက်နာမှုက တိုးတက်မှုကို ရပ်စေခဲ့ပြီး မြန်မာ့အရေးကို ဩဇာသက်ရောက်ရန် အာဆီယံ၏စွမ်းရည်ကို အကန့်အသတ်ဖြစ်စေခဲ့သည်။ 

လာအိုက အာဆီယံဥက္ကဌတာ၀န်ကို အောက်တိုဘာ ၁၁ ရက်တွင် မလေးရှားထံလွှဲပေးမည်ဖြစ်သည်။ 

အာဆီယံဆက်စပ်အစည်းအဝေးပွဲများသို့ တရုတ်၀န်ကြီးချုပ် လီကျင်း၊ ဂျပန်၀န်ကြီးချုပ်သစ် ရှီဂဲရိုးအီရှီဘာ၊ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီ၊တောင်ကိုရီးယား၊ဩစ‌တြေးလျ၊က‌နေဒါတို့က ခေါင်းဆောင်များလည်းတက်ရောက်ကြမည်ဖြစ်သည်။ 

Ref:AFP,VOA,MOFA Myanmar

Photos:AFP

Most Read

Most Recent