မီးပြတ်ခြင်းဒုက္ခ ဘယ်လိုကုစားမလဲ

မီးပြတ်ခြင်းဒုက္ခ ဘယ်လိုကုစားမလဲ
Published 1 May 2016
ဆန်းမိုးထွန်း

မြန်မာနိုင်ငံမှာ မီးပြတ်ကပ် ဆိုက်ခဲ့တာ ကြာပါပြီ။ တစ်နိုင်ငံလုံးမှာ နွေရောက်ပြီဆိုတာနဲ့ ပြတ်လိုက်တဲ့မီး။ ‘တစ်နေ့လုံး မကြာ ခဏ မီးလာတယ်’ဆိုတဲ့ စကားမျိုးက ပြည်သူလူထုကြားမှာ အစိုးရအဆက်ဆက်ကို လှောင်ပြောင်သလိုမျိုးပြောဆိုခဲ့ကြတဲ့ ဗန်းစကား ဖြစ်ပါတယ်။
ဒါက ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခြင်းမရှိဘဲ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်ကတည်းက မြန်မာနိုင်ငံမှာ မကြာခဏ မီးပြတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။
ဒါပေမဲ့ လက်ရှိအစိုးရသစ်အုပ်ချုပ်နေတဲ့ ရက်ပိုင်းအတွင်းမှာလည်း မီးက ပြတ်ဆဲ၊ မီးပြတ်မြဲ ဖြစ်နေပါတယ်။ ဒီလို အစိုးရသစ် လက်ထက်မှာ မီးတွေ မကြာခဏပြတ်နေတာကြောင့် ပြည်သူလူထုတွေကြားမှာ ဝေဖန်မှုတွေရှိလာသလို ရက်ပိုင်းသာ အုပ်ချုပ်ခွင့်ရသေးတဲ့အတွက် စိတ်ရှည်ဖို့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။
အစိုးရသစ်လက်ထက်မှာ တစ်ခုထူးခြားလာတာတော့ ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ကနေ မီးပြတ်ပြီဆိုတာနဲ့ အချိန်နဲ့တစ်ပြေးညီ ဘာကြောင့်ပြတ်ရတယ်ဆိုတဲ့သတင်းကို ထုတ်ပြန်ပေးလျက် ရှိလာတာပါပဲ။
ဒီလို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ကနေ သတင်းထုတ်ပြန်တဲ့အခါမှာ  ‘System Breakdown’ ဖြစ်တယ်လို့ပဲ သတင်းထုတ်ပြန်တဲ့အတွက် ပြည်သူလူထုတွေကြားမှာ မီးပြတ်တာနဲ့ ‘System Breakdown ဖြစ်ပြန်ပဟ’ ဆိုပြီး  ဟာသလုပ် ပြောဆိုမှုတွေ ရှိလာပါတယ်။
‘System Breakdown’ ဖြစ်တာနဲ့ပတ်သက်လို့ ပြည်သူလူထုကြားမှာ လျှပ်စစ်ဝန်ထမ်းတွေအပေါ် အထင်အမြင်လွဲတာတွေ၊ အစိုးရအပေါ် အထင်လွဲတာတွေရှိပြီး ဝေဖန်မှုတွေကလည်း မြင့်တက်လို့နေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ လျှပ်စစ်ဝန်ထမ်းဘဝကနေ အနားယူခဲ့တာ သုံးနှစ်ရှိပြီဖြစ်တဲ့ Naychi Khaing က ‘‘System Break ဖြစ်တယ်ဆိုတာကတော့ ဓာတ်အားထုတ်လုပ်တဲ့ စက်တွေ ရုတ်တရက် Fault ဖြစ်မယ်။ မဟာဓာတ်အားလိုင်းကြီး တစ်ပိုင်းပိုင်းမှာ ပြဿနာရှိမယ်။ အဲဒီလိုဖြစ်လာရင်  Fault မကြီးတဲ့ အခါမျိုးကတော့ သက်ဆိုင်ရာနေရာရဲ့ လိုင်းနဲ့ ဆက်စပ်သလောက်ပဲ မီးပြတ်မယ်။ သက်ဆိုင်တဲ့ ပြုပြင်ရေးအဖွဲ့ကပြင်မယ် Clearance ရရင်ပြန်တင်မယ်။ သို့ပေမယ့် Generation Power များတဲ့ စက်ဖြစ်စေ၊ မဟာဓာတ်အားလိုင်း တစ်လိုင်းဖြစ်စေ၊ Fault ကြီးတဲ့အခါ တည်ငြိမ်အောင် ထိန်းနေတဲ့ System ကြီးမှာ Unbalance အနေအထားကို ရောက်ရှိကာ ပြုတ်သွားပြီး တစ်နိုင်ငံလုံး National Grid မှာ အကျုံးဝင်သမျှ အကုန်မှောင်မည်းသွားပါတယ်။ တချို့စက်တွေဆို Error တွေပါ တက်ကုန်တတ်ပါတယ်။ အဲဒီအခါမှာ သက်ဆိုင်ရာစက်ရုံတွေကနေ မိမိတို့စက်များ ထိခိုက်မှုရှိမရှိ သေချာ ပြန်စစ်ရပါတယ်။ ရှိရင်တော့ အစားထိုးရရင်ထိုး မရရင် ရပ်ပြီးတော့ စက်တွေ ပြန်မောင်းနှင်ဖို့ လုပ်ရပါတယ်။ အဲဒီအခါမှာ စက်ရုံတွေက System နဲ့ မချိတ်နိုင်သေးပါဘူး ။ မိမိတို့ဆီက ထွက်ရှိသလောက်နဲ့ ညီမျှတဲ့ဓာတ်အားနဲ့ အရေးပေါ်နေရာတွေ ဖြစ်တဲ့ ဆေးရုံ၊ ဘုရား၊ မီးပွိုင့်နှင့် အဓိကလမ်းမီးများ အစရှိတာတွေကို အရင်ချိန်ပြီး ပေးပါတယ်။ နောက်မှ ရေအားစက်တွေဘက်ကနေ တစ်ဆင့်ပြီးတစ်ဆင့်နဲ့  ဝါးဆစ်လို တစ်ဆစ်ချင်း ပြန်ချိတ်ရပါတယ်။ ဒီအခါမှာလည်း တချို့ Joint တွေမှာ Voltage မညီတာတို့ Error လေးတွေ ပေါ်လာတတ်ပါတယ်။ လျှပ်စစ်မှာ ဆောရီး မရှိတဲ့အတွက် တစ်ဖက်က အလုပ်ခွင်မှာ လုပ်နေတဲ့သူတွေ အန္တရာယ်ကင်းစေဖို့ ညွှန်ကြားတဲ့သူတွေ အနေနဲ့ သတိထား လုပ်ဆောင်ရပါတယ်။ မီးမြန်မြန်လာရင် ပြီးရောဆိုပြီး ကြိုးနှစ်စ တက်ချိတ်လို့ ရတာမျိုးမဟုတ်ပါဘူး။ မဟာဓာတ်အားလိုင်းများဆိုရင် အန္တရာယ် အရမ်းများပါတယ်။ အဲဒီအဆင့်တွေ အစအဆုံးချိတ်လို့  Ring ရပြီဆိုမှ ထုတ်လုပ်တဲ့ဘက်က နည်းနည်းချင်းဝင်ပေးတဲ့ဘက်ကလည်း တဖြည်းဖြည်းချင်းသုံးစွဲမှု အနည်းအများ ပေါ်ကြည့်ပြီး တစ်လိုင်းချင်း ထုတ်ထုတ်ပေးရင်း Stable အထားကို ပြန်ညှိရပါတယ်။ ‘ဒိုင်း’ ဆို အားလုံး ပြန်ပေးလိုက်ရင် ‘ဒုန်း’ ဆိုပြီး အားလုံး ပြန်ပြုတ်သွားမှာပါ’’ လို့ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဧပြီ ၂၉ ရက်က ရေးသားထားပါတယ်။
ဒါက ဝန်ထမ်းတွေအပေါ်မှာ ပြည်သူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေကို ဝန်ထမ်းဟောင်းတစ်ဦးက ပြန်လည် ရှင်းပြပေးတဲ့ ဖြစ်စဉ်လေးပါ။
■ ရေအားလျှပ်စစ်စက်ရုံ ၂၆ ရုံ
မြန်မာနိုင်ငံမှာ ဓာတ်အားထုတ်လုပ်လျက်ရှိတဲ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၆ ရုံ ရှိပါတယ်။ ဒီထဲကမှ နိုင်ငံပိုင်စက်ရုံအနေနဲ့ ၂၁ ရုံရှိပြီး JV/BOT က သုံးရုံနဲ့ BOT က နှစ်ရုံရှိကြောင်း သိရပါတယ်။
နိုင်ငံပိုင် ဓာတ်အားထုတ်လုပ်လျက်ရှိတဲ့ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၂၁ ရုံကတော့  စစ်ကိုင်းတိုင်းမှာ တစ်ခု၊ မန္တလေးတိုင်းမှာ  ခုနစ်ခု၊ မကွေးတိုင်းမှာ နှစ်ခု၊ ပဲခူးတိုင်းမှာ ခြောက်ခု၊ ရှမ်းပြည်နယ်မှာ သုံးခု၊ ကယားပြည်နယ်မှာ နှစ်ခုတို့ဖြစ်ပါတယ်။
JV/BOT ဓာတ်အားထုတ်လုပ်လျက်ရှိတဲ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ သုံးရုံကတော့ ကချင်ပြည်နယ်မှာ နှစ်ခုနဲ့ ရှမ်းပြည်နယ်မှာ တစ်ခုရှိပါတယ်။ BOT ဓာတ်အား ထုတ်လုပ်လျက်ရှိတဲ့ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှစ်ရုံကတော့ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ ရှိတာဖြစ်ပါတယ်။
ဖက်စပ်တည်ဆောက် မောင်းနှင်လည်ပတ်နေတဲ့  စက်ရုံကို Joint Venture(JV) လို့ခေါ်ပြီး တိုင်းရင်းသားပိုင် ကုမ္ပဏီက တည်ဆောက်လည်ပတ်တဲ့ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံကိုတော့  Build Operate Transfer (B.O.T) လို့ ခေါ်တာ ဖြစ်ပါတယ်။
■ အစိုးရသစ်လက်ထက် မီးပြတ်ခဲ့မှုများ
မြန်မာနိုင်ငံမှာ ဓာတ်အား ထုတ်လုပ်လျက်ရှိတဲ့ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ၂၆ ရုံရှိပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တော့ မီးပေးနိုင်မှုကို မပြုလုပ်နိုင်သေးပါဘူး။ ဒါကြောင့် အစိုးရသစ်လက်ထက် မှာလည်း မီးပြတ်မှုတွေက ဆက်လက်ရှိနေတာ ဖြစ်ပါတယ်။ အစိုးသစ်လက်ထက် မီးပြတ်မှုတွေကို ကြည်မယ်ဆိုရင် အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။
ဧပြီ ၁၂ ရက်က၂၃၀ ကေဗီ မန့်စန် ရွှေလီဓာတ်အားလိုင်း System Break ဖြစ်လို့ ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံး မီးပြတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ ဧပြီ ၂၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မဟာဓာတ်အားလိုင်းချို့ယွင်းမူ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့မှာ ဓာတ်အားပြတ်တောက်မူ ဖြစ်ပေါ်ခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ ရာသီဥတု ဆိုးရွားခဲ့တာကြောင့် ဘဲလင်း-ရွှေစာရံ ဓာတ်အားလိုင်း ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရာက ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်ခဲ့တာကြောင့် ရန်ကုန်မြို့မှာ ဧပြီ ၂၃ ရက်က ဓာတ်အားပြတ်တောက်မူများ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါ့ပြင် ကွန်းရေအားလျှပ်စစ်စက်ရုံနဲ့ သာယာကုန်းခွဲရုံကြား ၂၃၀ ကေဗီဓာတ်အား လိုင်း ၅၂ MW ဓာတ်အားပို့လွှတ်နေစဉ်အတွင်း ဓာတ်အားပြတ်တောက်မူ ဖြစ်ပေါ်ခဲ့ တာကြောင့် ရန်ကုန်မြို့မှာ ဧပြီ ၂၇ ရက်က ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။
အစိုးရသစ် တက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးပြတ်မှုဖြစ်စဉ်တွေဖြစ်ပေါ်ခဲ့သလို ရန်ကုန်ရှိ မြို့နယ်တချို့မှာ ဓာတ်အားခွဲရုံတွေက တပ်ဆင်ထားတဲ့ Main Cable အချို့ အပူလွန်လောင်ကျွမ်းမှုတွေကြောင့် လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
■ မီးပြတ်ရခြင်း အကြောင်းတရား
နွေရာသီဖြစ်တဲ့အပြင် အပူပြင်းဆုံး အယ်လ်နီညိုနှစ်ဖြစ်တာကြောင့် ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေဆီ အဓိကပေးပို့တဲ့ မဟာဓာတ်အားလိုင်းတွေက သွယ်တန်းရယူရာမှာ လျှပ်စစ်သုံးစွဲမှုပမာဏ ဆက်တိုက်မြင့်တက်လာတာကြောင့် ဓာတ်အားလိုင်း ပြတ်တောက်မှုတွေ ဖြစ်ပွားနေရတာလို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ  တာဝန်န်ရှိသူ အင်ဂျင်နီယာတစ်ဦးက ဆိုပါတယ်။
‘‘ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ခေတ်အဆက်ဆက်ကတည်းက မဖြစ်ဖြစ်အောင် မီးပေးတဲ့ အဆင့်ပဲရှိတယ်။ ဘဏ္ဍာငွေအခက်အခဲကြောင့် နိုင်ငံတကာလို စံချိန်စံညွှန်းမီ မလုပ်နိုင်ပါဘူး။ ဒါကြောင့်မိုလို့ အခုလိုမီး ပြတ်ရတာပါ’’ လို့  ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ  တာဝန်ရှိသူ အင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။
‘‘အစိုးရသစ်အနေနဲ့ ပံ့ပိုးပေးဖို့ဆိုရင် ဘတ်ဂျက်နဲ့ နည်းပညာပိုင်းတွေကို ပံံ့ပိုးပေးဖို့လိုပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေ ထပ်လုပ်မှပဲ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အရင်ကတည်းက လိုအပ်သလောက်ပဲ လုပ်ခဲ့တာဆိုတော့ ရင်းနှီးမြှုပ်နှံမှုထပ်ထည့်မယ်။ ပြီးရင် ဓာတ်အားခွဲရုံတွေကို စနစ်တကျ တိုးချဲ့တည်ဆောက်ဖို့လိုပါတယ်’’ လို့ သူက ဆက်လက်ပြောပါတယ်။
■ အစိုးသစ်ထံ အကြံပြုချက်
ရန်ကုန်မြို့မှာ ပေါ်ပေါက်လျက်ရှိတဲ့ လျှပ်စစ်ဓာတ်အား အခက်အခဲကို ဖြေရှင်းဖို့ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးအောင်ခိုင်က ဧပြီ ၂၅ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီး ဒေါ်နီလာကျော်ထံ လိပ်မူပြီး အကြံပြုချက်တွေပါတဲ့ စာတစ်စောင်ကို ပေးပို့ခဲ့ပါတယ်။
ဒီအကြံပြုချက်စာထဲမှာ အချက် ၁၂ ချက် ပါဝင်တာကို တွေ့ရပါတယ်။ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးအောင်ခိုင် အကြံပြုချက်တွေကို ကြည့်မယ်ဆိုရင် အချုပ်အားဖြင့်  အဓိကအချက် ၄ ချက်ကို တွေ့ရှိရမှာဖြစ်ပါတယ်။
ပထမတစ်ချက်က ရန်ကုန်မြို့ဟာ တစ်နှစ်ကို ဓာတ်အားလိုအပ်ချက် ၁၅ ရာခိုင်နှုန်း တိုးတက်နေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ  ဝင်လာခဲ့မယ်ဆိုရင် ဒီထက် ပိုမိုလိုအပ်လာမှာ ဖြစ်တဲ့အပြင် လက်ရှိမြန်မာတစ်နိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အား စုစုပေါင်း လိုအပ်ချက်အနက် ရာခိုင်နှုန်း ၅၀ ကို ရန်ကုန်မြို့က အသုံးပြုလျက်ရှိရာမှာ ၁၂၅၀ မဂ္ဂါဝပ်ခန့် ရှိပါတယ်လို့ ဆိုထားပါတယ်။ ရန်ကုန်မြို့ဟာ ရွှေလီ၊ ရဲရွာ၊ ပေါင်းလောင်းစတဲ့ ရာသီအလိုက် အတိုးအလျော့ရှိတဲ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေက ဓာတ်အားပေါ် အဓိကမှီခိုနေရတဲ့အပြင် ဒေသတွင်း အမာခံအပူစွမ်း အင်သုံးဓာတ်အားပေးစက်ရုံတွေ လုံလောက်စွာ မရှိခြင်းကလည်း ရန်ကုန်လျှပ်စစ်မီး မကောင်းခြင်းရဲ့ အဓိကအခြေခံ အကြောင်းရင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒုတိယအချက်မှာတော့ ဒီပြဿနာကို ဖြေရှင်းဖို့ ရန်ကုန်မှာ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေကို လက်ရှိဝန်အား ၁၂၅၀ မဂ္ဂါဝပ်ထက် ကျော်လွန်တဲ့ပမာဏအထိ တည်ဆောက်ပြီး ရန်ကုန်ဝန်းကျင်ရှိ ၂၃၀ ကေဗွီ ဓာတ်အားစနစ်ကို ဆက်သွယ်ပေးနိုင်ရင် ပြဿနာအားလုံး ပြေလည်သွားမယ်လို့ ဖော်ပြထားပါတယ်။
တတိယအချက်မှာတော့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ အမျိုးအစားသုံးမျိုးကို ခွဲခြားပြခဲ့ပြီး အဏုမြူနှင့် ကျောက်မီးသွေးစက်ရုံတို့မှာ ရန်ပုံငွေလိုအပ်ချက်နဲ့ ပတ်ဝန်းကျင်ကိစ္စတွေကြောင့် အလွယ်ကူဆုံးဖြစ်တဲ့ Gas Turbine Power Plant (ဓာတ်ငွေ့) ကို အကောင်အထည်ဖော်ဖို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ ဖူလုံနိုင်မယ့်အချိန်မှာ ၂၀၂၀ ပြည့်နှစ် ထက်စောပြီး ရနိုင်မှာမဟုတ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနရဲ့  Report အရ သိရတာကြောင့် သဘာဝဓာတ်ငွေ့သုံး စက်ရုံတွေအတွက် နေ့စဉ်ရရှိနေတဲ့ ဓာတ်ငွေ့ကုဗပေ သန်း ၁၂၀ နဲ့ စက်ရုံတွေ ဆက်လက်တိုးချဲ့ဖို့ မဖြစ်နိုင်တဲ့အတွက် သဘာဓာတ်ငွေ့နဲ့ အလားတူအသုံးပြုနိုင်တဲ့ Liquefied Natural Gas (LNG)ကို တင်သွင်းအသုံးပြုဖို့ တိုက်တွန်းထားပါတယ်။
နောက်ဆုံးအချက်မှာတော့ Liquefied Natural Gas (LNG)ကိုတင်သွင်းဖြန့်ဖြူးဖို့ကိစ္စနဲ့ LNG ကို အသုံးပြုပြီး Gas Turbine (or) Gas Engle သုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်တဲ့အခါမှာ ပုဂ္ဂလိက  ရင်နှီးမြှုပ်နှံလိုသူတွေရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်နိုင်တယ်လို့ အကြံပြုထားတာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်က ‘‘လျှပ်စစ်ဓာတ်အားပေးတဲ့ကိစ္စကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုပေးပြီး လုပ်သင့်ပါတယ်။တခြားနိုင်ငံတွေမှာဆိုရင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ဟာတွေက ပုဂ္ဂလိကတွေပါပဲ။ ရန်ကုန်မှာလည်း စက်ရုံလေးရုံလုံး အလုံရော၊ သာကေတရော၊ ရွာမရော၊ လှော်ကားမှာပါ ပုဂ္ဂလိကစက်ရုံတွေ အကုန်ရှိတယ်။ ကျောက်ဆည်၊ မြင်းခြံ၊ ကျောက်ဖြူ အဲဒီနေရာတွေမှာလည်း လုပ်ထားတယ်’’ လို့ ပြောပါတယ်။

ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရောင်းချမှုပုံစံ
■ မီးပြတ်ခြင်းက ဘယ်လို ဆိုးကျိုးတွေပေးသလဲ
ဒီရက်ပိုင်းအတွင်း မီးပြတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ရန်ကုန်မြို့နေ ပြည်သူတွေအနေနဲ့ စိတ်အနှောင့်အယှက် ဖြစ်လာရပါတယ်။
‘‘မီးက လာလည်းခဏပဲ။ ပြတ်ရင်သာ ကြာတာ။ မီးမလာတော့ ရေကမရဘူး။ညကျ အိပ်ပျက်ခံပြီး စောင့်တင်နေရတာ။ ဖြစ်နိုင်ရင်တော့ မီးလာချိန်လေးကို ဒီထက်ပိုပြီး ပေးစေချင်တယ်’’လို့ လမ်းမတော်မြို့နယ်မှ အိမ်ထောင်သည် ပညာရေးဝန်ထမ်းတစ်ဦးက ပြောကြားပါတယ်။
ဒါ့ပြင် အသေးစား၊ အလတ်စား လုပ်ရှင်တွေအနေနဲ့လည်း လုပ်ငန်းလုပ်ကိုင်ရာမှာ မီးမလာတဲ့အတွက် နှောင့်နှေးကြန့်ကြာမှုတွေရှိပြီး အရေးကြီးတဲ့ အလုပ်တွေကို မီးစက်မောင်းပြီး လုပ်ကိုင်ရတဲ့အတွက် စီးပွားရေးမှာ တွက်ခြေမကိုက်မှုတွေ ရှိလာပါတယ်။
‘‘မီးက ပုံမှန်မဟုတ်တော့ ဘယ်လိုမှ မှန်းလို့မရဘူး။ အရေးကြီးတဲ့ အလုပ်ရှိနေတဲ့အချိန် မီးပြတ်သွားရင် သောကများရတော့တာပဲ။ မီးစက်နှိုးပြီးလုပ်ရင်လည်း အလုပ်က တွက်ခြေမကိုက်ဘူး။ ဒီအတိုင်း ထားလိုက်ရင်လည်း မီးက ဘယ်အချိန်လာမယ်မှန်း မသိတော့ အလုပ်အပ်တဲ့သူနဲ့ မိတ်ပျက်ရဦးမယ်’’ လို့ ကြည်မြင်တိုင်မြို့နယ်မှ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒီလို မီးပြတ်မှုတွေ ရှိနေပေမယ့် မီးပြန်လာတဲ့အချိန်မှာလည်း မီးအားမငြိမ်တဲ့အတွက် လျှပ်စစ်နဲ့သုံးရတဲ့ အိမ်သုံးပစ္စည်းတွေပျက်စီးတဲ့အပြင် အထပ်မြင့်တိုက်ခန်းတွေ နေထိုင်ကြသူတွေအနေနဲ့  ရေအခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။မီးတွေမကြာခဏ ပြတ်တဲ့အပြင် မီးအားမငြိမ်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ရောက်ရှိလာနိုင်တာကတော့ မီးဘေးအန္တရာယ်ပဲ ဖြစ်ပါတယ်။
မီးသတ်ဦးစီးဌာနအနေနဲ့ မီးလောင်မှုအကြောင်းရင်းတွေကို မီးဖိုမီး၊ ပေါ့ဆမီး၊ အလိုအလျောက်မီး၊ လျှပ်စစ်မီး၊ မသမာသူရှို့မီး၊ တောမီး၊ သောင်းကျန်းသူရှို့မီး၊ စုံစမ်းဆဲ၊ မီးလန့်၊ မိုးကြိုးပစ် စတဲ့အမျိုးအစားတွေထဲမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် မီးဖိုမီး၊ ပေါ့ဆမီးနှင့် လျှပ်စစ်မီးတို့က အများဆုံးဖြစ်ပွားတဲ့ဖြစ်စဉ်တွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးတပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးစီး ဦးအောင်ဆွေဝင်းက ပြောကြားသည်။
‘‘မီးလောင်မှု အမျိုးအစားတွေကတော့ အများကြီးရှိတာပေါ့။ အဲဒီအထဲမှာ အဓိက မီးလောင်မှုတွေ ဖြစ်နေတာကတော့ မီးဖိုမီးရယ်၊ ပေါ့ဆမီးရယ်ပေါ့နော်။ နောက် တတိယလိုက်တာကတော့ လျှပ်စစ်မီးပေါ့’’ လို့  ဦးအောင်ဆွေဝင်းက ပြောပါတယ်။
■ အစိုးသစ်အတွက် စိန်ခေါ်မှု
တစ်နိုင်ငံလုံးရဲ့လျှပ်စစ်သုံးစွဲမှု ထက်ဝက်ကျော်ကို ရန်ကုန်မြို့က အဓိကသုံးစွဲနေတာ ဖြစ်ပါတယ်။၂၀၁၅ ခုနှစ် ဧပြီတုန်းက ရန်ကုန်မြို့ရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးအဖြစ် မဂ္ဂါဝပ်  ၁,၀၀၀ ကျော်အထိ စံချိန်တင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အရင်မဂ္ဂါဝပ်ကို ကျော်လွန်နေပြီ ဖြစ်ပါတယ်။
လသားအရွယ်ပဲရှိသေးတဲ့ အစိုးရသစ်အတွက် ပထမဦးဆုံးစိန်ခေါ်မှုကတော့ မီးပြတ်ခြင်းပဲဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ အရင်အစိုးရအဆက်ဆက်ကလို မီးတွေမကြာခဏ ပြတ်နေတဲ့အတွက် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်အတိုင်း အစိုးရသစ်က လျှပ်စစ်နဲ့ပတ်သက်လို့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ရတော့မှာပါ။
ဒီလို ပြောင်းလဲမှုတွေ ဖို့အတွက် အရင်အစိုးရလက်ထက်က တာဝန်သိ ဝန်ထမ်းဟောင်းတွေကလည်း အစိုးသစ်ထံ အကြံပြုစာတွေ ပေးပို့ခဲ့တာကို တွေ့ရပါတယ်။
ဒါ့ပြင် အစိုးရသစ်လက်ထက်မှာ ဝန်ထမ်းတွေအနေနဲ့လည်း ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် အရင်ကထက်ပိုပြီး ပြောင်းလဲ လုပ်ဆောင် လာတာတွေကိုလည်း တွေ့နေရပါတယ်။ လျှပ်စစ်နဲ့ပတ်သက်လို့ အရင်ဆုံးချီးကျူးရမှာက ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ပါ။ အစိုးရသစ်လက်ထက်မှာ မီးပြတ်ပြီဆိုတာနဲ့ ဘာကြောင့် ပြတ်ရတယ်ဆိုတဲ့သတင်းကို ပြည်သူတွေ သိအောင် အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်တဲ့အပြင် ပြည်သူတွေ မေးမြန်းနိုင်အောင်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ရဲ့ Call Center ဖုန်းတွေကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားတာကို တွေ့ရပါတယ်။  ဒါကြောင့် ဒီလိုအကြောင်း အကျိုးတွေကိုသိရှိပြီဆိုရင်တော့ ဆက်လက်လုပ်ဆောင်ပေးရမှာက အစိုးရသစ်ရဲ့တာဝန်သာ ဖြစ်ပါတယ်။ ဒီလိုလျှပ်စစ်မီးတွေ မကြာခဏ ပြတ်နေတာနဲ့ပတ်သက်လို့ အစိုးရသစ်အနေနဲ့ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်သင့်ပါသလဲ။ နောက်ပြီး ဘယ်လိုမျိုး ထောက်ပံ့ပေးအပ်မှုမျိုးတွေကို ပေးအပ်သင့်ပါသလဲ။ လက်ရှိလုပ်ကိုင်နေရကြတဲ့ ဝန်ထမ်းတွေရဲ့အခက်အခဲကဘာလဲ။ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်မယ်ဆိုရင် ဘယ်နေရာကစပြီး လုပ်ဆောင်သင့်ပါသလဲ။
မေးခွန်းတွေက များတဲ့အတွက် အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ရာမှာ အောက်ခြေဝန်ထမ်းတွေရဲ့ အကြံပြုချက်တွေကို နားထောင်ရမှာဖြစ်သလို ပြင်ပပညာရှင်တွေရဲ့ အကြံဉာဏ်တွေကိုလည်း နားထောင်ရမှာဖြစ်ပါတယ်။
‘‘ကျွန်တော်တို့မှာ ဘာအခက်အခဲရှိလဲဆိုတော့ ရန်ကုန်မှာ ဓာတ်အားပေးစက်ရုံ တွေထပ်ဆောက်မယ်ဆိုရင် လိုနေတာက မြေနေရာပဲ။ ကျွန်တော်တို့ဓာတ်အားခွဲရုံက ကိုးရုံရှိတယ်။၂၀၂၀ ဆိုလို့ရှိရင် ဒီကိုးရုံနဲ့ မလောက်တော့ပါဘူး။ အဲဒီကိုးရုံထဲမှာပဲ ထပ်တိုးချဲ့ဆောက်မယ်ဆို မြေနေရာက မလုံလောက်ပါဘူး။ သုံးတဲ့ရပ်ကွက်ထဲမှာ ခွဲရုံ အကြီးကြီးတွေ ထပ်ဆောက်ဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် အစိုးရသစ်အနေနဲ့ ခွဲရုံတွေ ထပ်ဆောက်မယ်ဆိုရင် မြေနေရာစဉ်းစားဖို့လိုပါတယ် ‘‘ လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်က ပြောကြားပါတယ်။