ဂဠုန်ဆရာစံနှင့် (၈၆) နှစ်မြောက် တောင်သူလယ်သမား အရေးတော်ပုံ

ဂဠုန်ဆရာစံနှင့် (၈၆) နှစ်မြောက် တောင်သူလယ်သမား အရေးတော်ပုံ
Published 2 March 2016
အောင်ကျည်စိုးမြင့် ANA

တောင်သူလယ်သမား အရေးတော်ပုံကြီးဖြစ်ပေါ်ခဲ့တာ အခုဆိုရင် (၈၆) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၃၀ ပြည့်နှစ်မှာ လယ်သမားကြီးတွေဟာ ဗြိတိသျှနယ်ချဲ့ရဲ့ဖိနှိပ်မှုကို ခေါင်းငုံ့မခံဘဲ ရရာလက်နက် တံစဉ်၊ ကောက်ဆွ၊ ဝါးချွန်၊ ဒူးလေး၊ မြား၊ ဓားတို့ နဲ့ ခုခံ တော်လှန်ခဲ့ကြတာ ဖြစ်ပါတယ်။
စတီးဘရားသားကုမ္ပဏီ၊ ဘလုပ်ဘရားသားကုမ္ပဏီ၊ အယ်လာမင်အာရိကင်ကုမ္ပဏီနဲ့ အင်ဂလိုဘားမား ကုမ္ပဏီအစရှိတဲ့ ဗြိတိသျှ အင်္ဂလိပ်အရင်းရှင် ကုမ္ပဏီကြီးလေးခု စုပေါင်းထားတဲ့ ဘူလင်ဂျာပူးလ်လို့ အမည်တွင်တဲ့ ဆန်စပါးလက်ဝါးကြီးအုပ် ကုမ္ပဏီတွေရဲ့ ခြယ်လှယ်မှုကြောင့် တောင်သူလယ်သမား ဆင်းရဲသားတွေ ဆင်းရဲတွင်း နက်သထက် နက်လာခဲ့ပြီး ငွေကြေးအရင်းအနှီးနည်းတဲ့ တိုင်းရင်းသားပိုင် ဆန်စက်လေးများလည်း စီးပွားပျက်ကုန်ကြပါတော့တယ်။
၁၉၃၂- ၁၉၃၄ ပဲခူးခရိုင်၊ ကြေးတိုင် အစီရင်ခံစာမှာ “လွန်ခဲ့သော သုံးလေးနှစ်အတွင်း စပါးဈေးမကောင်းသဖြင့် တောင်သူလယ်သမားတို့ စားဝတ်နေရေးအခြေအနေ ကျဆင်းသွားသည်မှာ သေချာပါသည်။သူတို့သည် အပိုသုံးပစ္စည်းများကို ဝယ်ယူသုံးစွဲနိုင်ခြင်း မပြုနိုင်ကြတော့သည့်အပြင် အလှူအတန်းများလည်း များများစားစား မလုပ်နိုင်ကြတော့ချေ။ မြန်မာလယ်သမားများသည် နေထိုင်စားသောက်မှုတွင် အကျယ်ချဲ့ တတ်သူများမဟုတ်ဘဲ ချွေတာလှသည်။ အခြေအနေကောင်းသည့် အချိန်မှာပင် သူတို့သည် ထမင်း၊ ငါးပိ၊ ဟင်းသီးဟင်းရွက်နှင့် ဆားရှိလျှင်ပြီးသည်။ သား၊ ငါးများကို တစ်ခါတစ်ရံသာ စားတတ်ကြသည်။ အခြားအစား အစာများမှာ ပြောင်းလဲမှုမရှိသော်လည်း သား၊ ငါးများကိုမူ ယခင်က တစ်လလျှင် ခြောက်ကြိမ်မျှ စားသောက်နိုင်ပြီး ယခုအခါ တစ်ကြိမ်သာ စားသောက်နိုင်တော့သည်။ကျေးရွာများတွင် အချို့နေရာများရှိ လူအများစုသည် အာဟာရဓာတ် ကောင်းမွန်သော အစားအစာများ လုံလောက်အောင်  စားရပုံမရချေ။ အဝတ်အစားကောင်းများ ရှိကြသေးသော်လည်း အခါရက်ကြီးများတွင်သာ ပြန်လည်ရွေးယူ ဝတ်ဆင်ကြ၍ အများအားဖြင့်ကား အပေါင်ဆိုင်သို့ ပို့ထားရသည်က များသည်။ မိန်းမရော ယောကျ်ားပါ မိုးလုံ ချည်ထည်လဲနှင့် ဝတ်နိုင်သော ခေတ်ကား လွန်ခဲ့လေပြီ။ ရွှေ၊ ငွေ၊ လက်ဝတ်လက်စားများလည်း မမြင်ရသလောက်ပင်။ စုဆောင်းထားရှိခဲ့သော လက်ဝတ်လက်စားများကိုလည်း ရောင်းချကုန်ကြရလေပြီ။ သို့မဟုတ် ပေါင်ထားကြရသည်။ နေရာတိုင်း ပိုက်ဆံရှားလျက်ရှိသည်”လို့ ကြေးတိုင်အစီရင်ခံစာမှာ ဖော်ပြပါရှိခဲ့ပါတယ်။
အဲဒီအချိန်က စပါးတင်း ၁၀၀ လျှင် ငွေ ကျပ် ၁၀၀ သာ ပေါက်ဈေးရှိခဲ့ပြီး မြေနှင့်စိုက်ပျိုးရေး ကော်မတီရဲ့အစီရင်ခံစာမှာ လယ်သမားတစ်ဦး လယ် ၃၃ ဧက လုပ်ကိုင်သူရဲ့ ဝင်ငွေထွက်ငွေတွေကို တွက်ချက်ရာမှာ စပါးဈေးတင်း ၁၀၀ ကို ကျပ် ၁၀၀ နှုန်းနဲ့ တွက်လျှင် တစ်ဧကကို စပါး ၄၁ တင်း ထွက်ရှိမှုနဲ့တွက်ပါက တန်ဖိုးမှာ  ၁၄၈၈ ကျပ်သာ ဝင်ငွေရှိပြီး စပါးနှင့်ပေးရသော စိုက်ပျိုးစရိတ်၊ မြေရှင်ထံမှ ချေးယူငွေကို စပါးပေးနှင့် ပြန်ဆပ်၊ မျိုးစပါးဖိုး ချန်တာနဲ့တွက်ပါက တစ်နှစ်မှာ ဝင်ငွေ ၂၄၂ ကျပ်သာ ကျန်ရှိတော့တာကြောင့် မိသားစုတစ်စု တစ်နှစ်ပတ်လုံး စားဝတ်နေရေးမှာ ဘယ်လိုမှ ကာမိနိုင်ဖွယ် မရှိပါ။ လယ်ဧက ၃၃ ဧကလုပ်သူ လယ်သမားဝင်ငွေမှာ ထိုမျှသာဝင်ငွေရှိပြီး လယ်ငါးဧက၊ ၁၀ ဧကလောက်သာ လုပ်ကိုင်နိုင်သော လယ်သမားတစ်ဦးရဲ့ မိသားစုဝင်ငွေကို နှိုင်းဆကြည့်နိုင်ပါတယ်။
ထိုခေတ်ထိုအခါက လူကိုအခွန်ကောက်ပါတယ်။ အိမ်ထောင်သည် လင်မယားနှစ်ဦးကို ငါးကျပ်ကောက်ပြီး အိမ်ထောင်မရှိသေးသော အရွယ်ရောက်သူ ယောက်ျားတစ်ဦးကို နှစ်ကျပ်ပြားငါးဆယ် ကောက်ပါတယ်။ နောက်အခွန်က သဿမေဓခွန် ဖြစ်ပါတယ်။
ပစ္စည်းအခြေအနေပေါ်မူတည်ပြီး အိမ်ထောင်စုအလိုက် ကောက်ခံပါသေးတယ်။
ဗြိတိသျှအင်္ဂလိပ်တို့ဟာ မြန်မာနိုင်ငံတွင်းကို ငွေတိုးချေးစားသော ချစ်တီးကုလားလူမျိုးများကိုလည်း အိန္ဒိယနိုင်ငံမှ ခေါ်ယူခဲ့ပါတယ်။တောင်သူလယ်သမားများထံ ငွေတိုးချေးစားဖို့ အရင်းအနှီးကို အစိုးရဘဏ်တွေက အတိုးနည်းနည်းနဲ့ ချေးဌားပေးခဲ့ပါတယ်။အဲဒီအရင်းအနှီးကို ချစ်တီးတွေက ဗမာတောင်သူလယ်သမားတွေကို အတိုးကြီးကြီးနဲ့ ပြန်ချေးပါတယ်။ချေးထားတဲ့ငွေကို အချိန်တန်လို့ အတိုးမပေးနိုင်ရင် ချေးငွေပေါ်မှာ အတိုးငွေ ထပ်ပေါင်းလိုက်ပါတယ်။စာချုပ်ချုပ်တဲ့အခါမှာလည်း ဗမာတောင်သူလယ်သမားတွေ မဖတ်တတ်တဲ့ အင်္ဂလိပ်ဘာသာနဲ့ရေးထားပြီး စာချုပ်ထဲမှာလည်း တဖက်သတ် မတရားတဲ့ပုဒ်ထီး၊ ပုဒ်မတွေလည်း ပါဝင်ပါသေးတယ်။
နှစ်နဲ့ချီပြီး အကြွေးမဆပ်နိုင်တော့တဲ့အခါ အင်္ဂလိပ်က သူကောင်းပြုထားတဲ့ နှစ်လုံးပြူးသေနတ် ကိုင်ဆောင်ခွင့်ရထားတဲ့  ရွာသူကြီးဆိုးနဲ့ အလိုတော်ရိ မြို့ပိုင်တွေက ချစ်တီးကုလားဘက်ကနေ စာချုပ်ပြ ခြိမ်းခြောက်ပြီး နွားတွေ၊လယ်တွေကို သိမ်းယူပါတော့တယ်။နွားလည်းမရှိ၊ လယ်လည်း မရှိတော့တဲ့အခါ အရွယ်ရောက်သမီးပျိုလေးကို သိမ်းပိုက်ပါတော့တယ်။ဒီလိုနဲ့ ရွှေကို ယူသည်၊ငွေကိုယူသည်၊ လူကိုပါယူ သည်။ အမျိုးပြောက်မှာ စိုးကြောက်ပါတော့သည်လို့ ဆိုစကားပင် ပေါ်လာပါတော့တယ်။
ကျွဲ၊နွား၊ လှည်း၊ လယ်တွေ သိမ်းယုံတင်မကာ နုနုထွတ်ထွတ် သမီးပျိုတွေပါ သိမ်းပိုက်ခံနေရတဲ့       လယ်မဲ့ယာမဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝကို စာနာပြီး မခံမရပ်နိုင်တဲ့သူတစ်ဦး ပေါ်လာပါ တော့တယ်။အဲဒီသူကတော့ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ သရက်ကန် အရှေ့ရွာဇာတိ တောင်သူလယ်သမားကြီး ဦးကျေး၊ဒေါ်ဖက်တို့ရဲ့သားသမီး ငါးယောက်ထဲက အငယ်ဆုံးသားဖြစ်တဲ့ ငယ်နာမည်ရာကျော်(ခေါ်) ဆရာစံဆိုသူဖြစ်ပါတယ်။ပဲခူးတိုင်း၊ ဖြူးနယ်ထဲက ငါးခေါင်းအင်းကျေးရွာကို ရောက်ရှိခဲ့ပြီးနောက် မကေနဲ့ အိမ်ထောင်ပြုပြီး လယ်ယာလုပ်ငန်းကို   ကြိုးကြိုးစားစား လုပ်ကိုင်နေခဲ့တယ်။ဆရာစံဟာ မြန်မာတိုင်းရင်းဆေးပညာ၊ ဗေဒင်နက္ခတ်ပညာများကိုလည်း နားလည်တတ်ကျွမ်းသူဖြစ်တယ်။လယ်ယာလုပ်ငန်း အဆင်မပြေတာကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ တဖက်ကမ်း ဘီလူးကျွန်းမြို့နယ် ကမာမို့ကျေးရွာသို့ ထွက်ခွာသွားခဲ့ပြီး  လက်သမားအလုပ်၊ ဆေးဆရာအလုပ်လုပ်ကိုင်ရင်း နိုင်ငံရေးစိတ် နိုးကြားကာ ဂျီစီဘီအေ အဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့တယ်။
၁၉၂၇ခုနှစ်မှာ ရခိုင်တိုင်းရင်းသားဖြစ်တဲ့ ဆရာတော်ဦးဥတ္တမကလည်း အင်္ဂလိပ် အစိုးရကို ဆန့်ကျင်တဲ့ လူထုတရားပွဲတွေကို ဟောကြားနေပြီး “လိပ်ကိုအခွံခွာရတယ်” ဆိုတဲ့ ဆောင်းပုဒ်နဲ့ လူချွန်၊ သဿမေဓအခွန်တွေ မပေးဖို့ လှုံ့ဆော်တရားတွေဟော ကြားနေချိန် ဖြစ်ပါတယ်။
ဖခင်ဆရာစံကို မြင်တွေ့လိုတဲ့သမီး မစိန်ဟာ ကမာမို့ကျေးရွာကို လိုက်သွားခဲ့ပြီး တစ်ကြိမ်သာ တွေ့ဆုံခွင့်ရခဲ့တယ်။ဆရာစံဟာ ဂျီစီဘီအေအဖွဲ့ချုပ်ရဲ့ တာဝန်ပေးမှုကြောင့် ခရိုင်၊ မြို့နယ်၊ကျေးရွာအသီးသီးကို လှည့်လည်သွားရောက်ပြီး ဗြိတိသျှအင်္ဂလိပ်အစိုးရရဲ့ အတင်းအဓမ္မ အခွန်ကောက်ခံမှုတွေကို လျို့ဝှက်စွာ လိုက်လံစုံစမ်းခဲ့ပါတော့တယ်။အဲဒီနောက် ဖိနှိပ်လွန်းတဲ့ ဗြိတိသျှအစိုးရကို လက်နက်ကိုင် တော်လှန်ပုန်ကန် သူပုန်ထဖို့ မော်လမြိုင်မြို့ကနေ သာယာဝတီမြို့ကို သွားရောက်ပါတော့တယ်။
လက်နက်ကိုင် တော်လှန်ရေးအတွက် စည်းရုံးရာမှာ လျို့ဝှက်သိုသိပ်လွန်းတာကြောင့် အစိုးရက လုံးဝမရိပ်မိခဲ့ပါဘူး။၁၉၂၉ခုနှစ်နဲ့ ၁၉၃၀ ပြည့်နှစ် နှစ်နှစ်လုံး သာယာဝတီခရိုင်ရဲ့ အခြေအနေဟာ ငြိမ်သက်လျှက် ရှိနေခဲ့တယ်။လှုပ်ရှားမှုအစည်းအဝေးတွေကလည်း သိုသိပ်လှပါတယ်။နှစ်စဉ် လာရောက်ကောက်ခံနေကြ လူခွန်၊သဿမေဓခွန်တွေ မပေးဖို့နဲ့ ဆန့်ကျင်ပုန်ကန်ထ ကြွလိမ့်မယ်ဆိုတဲ့ သတင်းလည်း မထွက်ပဲ လျို့ဝှက်လှုပ်ရှားမှုကြောင့် အစိုးရရဲ့ အလိုတော်ရိတွေ၊ ပုလိပ်စုံထောက်တွေက အခြေအနေကို မရိပ်မိကြပါဘူး။ပုန်ကန်ထကြွမှုအဖြစ် ရက်အနည်းငယ်မှာ စုံထောက်များက မြို့ရွာတွေမှာ လိုက်လံစုံစမ်းခဲ့သေးသော်လည်း သတင်းအစအနပင် မရခဲ့ပါ။

ဆရာစံ အရေးတော်ပုံအတွင်း နယ်သူနယ်သားများစိတ်ဓာတ်တက်ကြွမှုကို ကျဆင်းအောင် ဗြိတိသျှအစိုးရ၏ လက်နက်အင်အားကို ပန်ချာပီ သေနတ်ကိုင်တပ်ရင်း (၁၅)မှ စစ်သားများ လှည့်လည်သရုပ်ဖော်ပြသနေစဉ်
ဆရာစံဟာ သာယာဝတီခရိုင်နဲ့ အင်းစိန်ခရိုင် နယ်စပ်တောင်ညိုလေးမှာ ရင်းနှီးယုံကြည်စိတ်ချရတဲ့ ခေါင်းဆောင်များနဲ့ အတူ ၄၅ရက် ဥပုဒ်စောင့်ပြီး အဓိဌာန်ဝင်ကာ ရှေးဘုရင်များကဲ့သို့ မင်းမြှောက်တန်ဆာ ငါးပါး ဝတ်ဆင်ကာ (သုမက္ကာကဂဠုန်န ရာဇာ” ဟု သမုတ်ပြီး ဘိသိက်ခံကာ တော်လှန်ရေးအတွက် ပြင်ဆင်ခဲ့ပါတယ်။ဆရာစံဟာ အင်္ဂလိပ်စွပ်စွဲဝါဒ ဖြန့်ကားသေး သိမ်အောင်ပြောတဲ့ ဘုရင်ရူး ရူးနေတာ မဟုတ်တဲ့အတွက်ကြောင့် အသက်ရှင်ကျန်ရစ်ကြတဲ့ ကပ္ပလီကျွန်းလို့ခေါ်တဲ့ ပြစ်ဒဏ်တစ်ကျွန်းကျခံပြီး ပြန်လည်လွတ်မြောက်လာသူတွေက ရှင်းပြကြပါတယ်။(အန်ဒါမန်ဆင် ကျွန်း(ခေါ်) ကပ္ပလီကျွန်းကို အိန္ဒိယနိုင်ငံသို့ နယ်မြေပိုင်နက် တိုင်းတာမှုအရ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြစ်ဒဏ်ကျခံနေရသူများအား လွှတ်ပေးခဲ့ပြီး မိသားစုများကို ရန်ကုန်မြို့သို့ ပြန်လည်ခေါ်ယူကာ လမ်းမတော်မြို့နယ်မှာ နေထိုင်ဖို့ တိုက်ခန်းလွတ်များမှာ ချထားပေးခဲ့ပါတယ်။
တော်လှန်ဖို့ လျို့ဝှက်စွာလှုပ်ရှားနေမှုကို သာယာဝတီခရိုင်၊ သာယာဝတီမြို့မှာ ရှိနေတဲ့ ဗြိတိသျှအစိုးရရဲ့ အရေးပိုင်၊မြို့ပိုင်၊ ရာဇဝတ်ဝန်အရာရှိများက မထင်မှတ်မယုံ ကြည်နိုင်ကြပါဘူး။ သေနတ်လက်နက် မရှိတဲ့သူတွေက သေနတ်လက်နက်တွေရှိတဲ့သူတို့ကို တော်လှန်ဝံ့မှာမဟုတ်ဖူးလို့ ထင်နေကြတယ်။
မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ ကိုလိုနီစနစ်နဲ့ အုပ်ချုပ်စဉ်အခါက မြန်မာတိုင်းရင်းသားများ၊ ဗမာတောင်သူလယ်သမားများ အသက်ပေးပြီး တော်လှန်ခဲ့ကြပါတယ်။တော်လှန်ရေးလို့ဆိုတာ ဖိနှိပ်မှု၊ ခြိမ်းခြောက်စော်ကားမှု၊ ဆင်းရဲမွြတေမှု၊ လူမှူဒုက္ခအ၀၀ကို ခေါင်းငုံပြီးခါးစည်းခံနေကြရတဲ့သူတွေ စုပေါင်းပြီး ဆန့်ကျင်အုံကြွကြရာမှ ရရာလက်နက်စွဲကိုင်ရင်း တော်လှန်ရေးပုံသဏ္ဍာန် ဖြစ်သွားပါတော့တယ်။ ဂဠုန်ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမားတွေရဲ့ တော်လှန်ရေးကို (အင်္ဂလိပ်နယ်ချဲ့က တောင်သူလယ်သမားသူပုန်လို့ ချိုးချိုးဖဲ့ဖဲ့ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြတယ်)တောင်သူ လယ်သမားတွေရဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်ဟာ သေနတ်လက်နက်တွေကို မမှုပဲ ရဲရဲဝင့်ဝင့် အန်တုရင်ဆိုင် တိုက်ခိုက်မှုတွေကို အင်္ဂလိပ်အစိုးရအတွက် ခေါင်းခဲစရာ ပြဿနာတွေ အလုပ်ရှုပ်ရတဲ့အဖြစ်တွေနဲ့ အံ့သြထိတ်လန့် ကြောက်ရွံ့မှုတွေကို ဖြစ်စေခဲ့တယ်။
အင်္ဂလိပ်ဘုရင်ခံကိုယ်တိုင်က အလွန်အံ့သြပြီး “ဗမာလူမျိုးတွေဟာ ဒေါသထွက်လာရင် သေရမှာ မကြောက်သလို စည်းလုံးညီညွတ်တဲ့နေရာမှာ အာရှနိုင်ငံတွေသာမက ဥရောပနိုင်ငံတွေထက် အဆပေါင်းများစွာ သာတယ်” လို့ ပြောဆိုရတဲ့အထိ အရေးယူကိုင်တွယ်ပြီး လက်နက်အားကိုးနဲ့ ဖြေရှင်းခဲ့ရတယ်။
၁၉၃၀ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ စတင်ခဲ့တဲ့ တောင်သူလယ်သမားအရေးတော်ပုံ(ဆရာစံသူပုန်)ဟာ သာယာဝတီမြို့ အရှေ့မြောက်အရပ်မှာရှိတဲ့ ဖားရွှေကျော်ရွာက စတင်တော်လှန်ခဲ့ပြီး မြန်မာပြည်အနှံ့ ပျံ့နှံ့ခဲ့ပါတယ်။ဧရာဝတီတိုင်းက ဒေးဒရဲ မြို့နယ်ထဲက ထန်းတောရွာဘက်ဆီမှာလည်း အပြင်းအထန် တော်လှန်တိုက်ပွဲဝင် ခဲ့ကြတယ်။သရက်ခရိုင် ကာမရွာသူကြီးတွေ စည်းဝေးပွဲမှာ ဝင်ရောက်စီးနင်းခဲ့တယ်။ ပြည်ခရိုင်၊ ဝက်ထီးကန်၊ ဟင်္သာတခရိုင်၊ စာဖြူစု ဂတ်ထဲကို ဝင်စီးပြီး လက်နက်တွေကို ရယူခဲ့တယ်။ကျေးရွာသူကြီးတွေဆီက နှလုံးပြူးသေနတ်တွေ၊ ကျည်ဆံတွေ ရလာခဲ့ပြီးနောက် တိုက်ခိုက်မှုတွေ ပိုပြီးပြင်းထန်လာခဲ့တယ်။ဒါပေမဲ့ အင်အားကြီးမားတဲ့ ပလိပ်အဖွဲ့နဲ့ စစ်ဂေါ်ရာတွေရဲ့ ခေတ်မီအော်လီဂန်း သေနတ်တွေကို မယှဉ်နိုင်တော့ပဲ ဆရာစံဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုဆိုတဲ့ ကျေးရွာဘက်ကို ရှောင်တိမ်းထွက်ခွာခဲ့ရတယ်။ခြေထောက်မှာ သစ်ငုတ်ဆူးတဲ့ ဒဏ်ရာကြောင့် ဖျားနာနေချိန်မှာ တပည့်သစ္စာဖောက်တစ်ဦးရဲ့ သတင်းပေးမှုကြောင့် ၁၉၃၁ခုနှစ်၊ သြဂုတ် ၂ ရက်မှာ ရှမ်းပုလိပ်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။အဲ ဒီနောက် သီပေါမြို့ကတစ်ဆင့် ပဲခူးခရိုင်၊ သာယာဝတီထောင်ကို ပို့ဆောင်လိုက်ပါ တယ်။သြဂုတ် ၂၈ ရက်နေ့မှာ သေဒဏ်မိန့်ချမှတ်ခဲ့ပြီး ၁၉၃၁ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်မှာ သာယာဝတီထောင်အတွင်း ကြိုးပေးကွက်မျက်ခြင်း ခံခဲ့ရပါတယ်။ဆရာစံသူပုန် တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ကျဆုံးခဲ့တဲ့ တောင်သူလယ်သမားအရေအတွက်ဟာ သုံးထောင်ကျော်ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ ဆရာစံနဲ့  တောင်သူလယ်သမားအရေးတော်ပုံမှာ ပါဝင်ခဲ့သူတွေကို ပြစ်ဒဏ်အလိုက် ကြိုးပေးကွက်မျက်ခဲ့ပြီး အချို့ကို ကပ္ပလီကျွန်းလို့ ခေါ်တဲ့ တစ်ကျွန်းပြစ်ဒဏ်ကို ချမှတ်ခဲ့ပါ တယ်။တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှာ ကပ္ပလီကျွန်းကို အိန္ဒိယနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ပြစ်ဒဏ်ကျခံသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ရန်ကုန်မြို့ကို ခေါ်ယူခဲ့ပါတယ်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက ပြည်သူတွေက ရွေးချယ် တင်မြှောက်ထားတဲ့ (ဖဆပလ)ပြည်ထောင်စုအစိုးရကို စစ်အာဏာသိမ်းခဲ့ပါတယ်။ အဲဒီနေ့ရက်ကို တောင်သူလယ်သမားနေ့ရယ်လို့ သတ်မှတ်ပြီး ရန်ကုန်မြို့ ကျိုက္ကဆံ ပြည်ထောင်စုကွင်းထဲ(ဆရာစံခန်းမ)မှာ တောင်သူလယ်သမားညီလာခံ ကျင်းပပေးပြီး တောင်သူလယ်သမားနေ့အဖြစ် တခမ်းတနား ကျင်းပပေးခဲ့ဖူးပါတယ်။ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် တောင်သူလယ်သမားဦးကြီးတွေနဲ့ ရင်းရင်းနှီးနှီး နီးနီးကပ်ကပ် တွေ့ဆုံဆွေးနွေးတာတွေလည်း ရှိခဲ့ဖူးပါတယ်။
ခပေါင်း၊ ဒူးယား၊ အုန်းတော၊ ပုပ္ပါးဆိုတဲ့ အရပ်ဒေသတွေမှာ တောင်သူလယ်သမား ညီလာခံတွေ ကျင်းပပေးခဲ့ဖူးပါတယ်။ လယ်သမားတွေအတွက် လယ်ယာမြေ ဥပဒေတွေ လုပ်ပေးခဲ့တယ်။
လယ်သမားတွေ ဘဝကို မြှင့်တင်ပေးခဲ့ဖူးပါတယ်။ ခပေါင်း၊ အုန်းတော၊ ဒူးယား ဆိုတဲ့ဒေသတွေကို ဂုဏ်ပြုပြီး စီးကရက်ဗူးတွေလည်း ထုတ်လုပ်ခဲ့ဘူးတယ်။ဆရာစံတို့ တောင်သူလယ်သမားတွေ တော်လှန်ရေး စတင်ခဲ့တဲ့ ရွာတွေကို ဂုဏ်ပြုပြီး ကြယ်ငါးပွင့် ပင်လယ်ကူးသင်္ဘောကြီးတွေမှာ ဖားရွှေကျော်ရွာ၊ ထန်းတောရွာအမည်နဲ့ သင်္ဘောကြီးတွေ ရှိခဲ့ဖူးတယ်။ တရားဝင် သုံးမရတော့တဲ့ ငွေစက္ကူမှာလည်း ဆရာစံရဲ့ ရုပ်ပုံကို ထည့်ပြီးအသုံးပြုခဲ့ဖူးတယ်။တောင်တွင်းကြီးမြို့ကနေ မကွေးမြို့ကို သွားတဲ့ လမ်းမကြီးအတိုင်း ယင်းချောင်းတံတား ကျော်ရင် ညာဘက်ခြမ်း တောင်ကုန်းပေါ်မှာ ဆရာစံနဲ့ ၁၃၀ ပြည့် အလုပ်သမား ခေါင်းဆောင် သခင်ဖိုးလှကြီးတို့ရဲ့ ရုပ်ထုရှိပါတယ်။သာယာဝတီမြို့နဲ့ ဘီလူးကျွန်းမှာလည်း ဆရာစံ ဂုဏ်ပြုရုပ်ထုတွေ ရှိပါသေးတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ဆရာစံကို ဂုဏ်ပြုပြီး ဆရာစံလမ်းမကြီးဆိုတာ ရှိပါတယ်။အဲဒီလမ်းမကြီးရဲ့ ဝဲယာတစ်လျှောက် ခြံဝင်းကျယ်ကြီးတွေနဲ့ ကျပ်ကုဋေပေါင်းများစွာ တန်တဲ့နေရာမှာ နီယွန်မီးရောင်စုံတွေ ထိန်လင်းနေပြီး စားသောက်ဆိုင်တန်းကြီးတွေ ရှိပါတယ်။အင်္ဂလိပ်ဘာသာ ဗူးသီး ငပေါင်းကြော်လို တရုတ်စာတွေနဲ့ ဆိုင်းဘုတ်ကြီးတွေရှိတယ်။ဆရာစံလမ်းဆိုတဲ့ ဆိုင်းဘုတ်ကလေးကို ဘယ်နားရှာရမှန်း မသိပါဘူး။ ကားတွေ၊ကားတွေနဲ့ ညစာလာစား နေလိုက်ကြတာ။သူငယ်ချင်းခေါ်သွားလို့ ကျွန်တော်ရောက်ခဲ့တယ်။ စားပွဲဝိုင်းတစ်ရာလောက်မှာ ရွှေဗမာဆိုလို့ ကျွန်တော့်သူငယ်ချင်း မိသားစုနဲ့ ကျွန်တော်ပဲ ရှိတယ်။
သြော်....အဆိုတော်တွံ့တေးသိန်းတန်ရဲ့ သီချင်းထဲကလို “တို့များငယ်ငယ်တုန်း က...ရွာအဝင်လမ်းဆီမှလေ...လက်ချင်းယှက်ကာ...ပြေးကာလွှားကာ...
တောင်သူလယ်သမားအဖြစ်နဲ့ ကျန်ရစ်နေခဲ့ပေ” ဆိုတဲ့သီချင်းရယ်၊ဆရာမြို့မငြိမ်း ရေးစပ်ပြီး အဆိုတော် အကော်ဒီယံ ကိုအံ့ကြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဆင်ဖိုနီအော်ခက်စတြာနဲ့ အသံသွင်းယူခဲ့တဲ့ ရှု့မဆုံးတော့သည်...စိမ်းလဲ့လဲ့ဝန်းကျင်... လယ်ကွင်းတွေက တစ်မျှော်တစ်ခေါ်..စိုပြည်လွင်...ရိတ်သိမ်းချိန်ဆိုပြန်လျှင်...စက်ရုံကြီးငယ် အရပ်ရပ်တွင်...စပါးအနှံတွေနဲ့ ..ရောင်းဝယ်သာသည်ပင်” ဆိုတဲ့သီချင်းတွေဟာ မြန်မာနိုင်ငံ ဗမာလူမျိုးတွေ ရှိနေသမျှ လယ်ကွင်းပြင်တွေထဲမှာ ထန်းပင်၊ အုန်းပင်တွေထက်မှာ လော်စပီကာက လွင့်ပျံလာတဲ့ သီချင်းသံတွေက ထာဝစဉ်လေမှာ ပျံ့လွင့်နေဦးမှာပါ။