(၁)
နှစ် ၅၀ ကြာခဲ့ပါပြီ။ အညာမြို့တစ်မြို့ရဲ့ မူလတန်းကျောင်းကလေးမှာ သူငယ်တန်း တက်စဉ်အခါကပေါ့။ မုန့်စားကျောင်းဆင်းချိန်မှာ မုန့်ဆိုင်မသွားဘဲ သူငယ်တန်းကလေးတချို့ ကျောင်းဆောင်နံဘေးကို ပြေးကြတယ်။ ဒါသူတို့ရဲ့ကျောက်တံသွေးရာဌာန။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ အုတ်နီခဲလေးတွေ ရှိတယ်။ ရေတစ်ဝက် လောက်ဖြည့်ထားတဲ့ နို့ဆီခွက်နှစ်ခွက် သုံးခွက်ရှိတယ်။ ကျောက်တံ သွေးထားတာများတော့ အုတ်နီခဲတွေမှာ မြောင်းကလေးတွေတောင် ဖြစ်နေပြီ။ ကျောက်တံလေးကို သုံးဆယ်ဒီဂရီလောက် စောင်းပြီး လှည့်သွေးတယ်။ ရေလေးနည်းနည်း ဖျန်းတယ်။ သွေးတယ်။ ရလောက်ပြီ ထင်ချိန်မှာ ကျောက်တံထိပ်နဲ့ ပါးကို ဖွဖွလေးထိုးလှည့်ကြည့်တယ်။ စူးခနဲ ဖြစ်သွားတယ်။ ရပြီ။
ကျောက်တံ အသစ်ကလေးတစ်ချောင်း လက်ထဲရောက်လာတယ်။ “ငါ့ကျောက်တံလေးလည်း သွေးပေးပါဟယ်။ ငါမသွေးတတ်လို့ပါ”။ မော့အကြည့်မှာ ပြုံးပြီးပြောနေတဲ့ သူငယ်ချင်းကောင်မလေး။ “ရော့ ငါ့ကျောက်တံ သွေးပြီးသားယူသွား”။
(၂)
ညနေအိမ်အပြန်မှာ အမေ့ကိုဆရာမ အမှန်ခြစ်ထားတဲ့ ကျောက်သင်ပုန်းပြရင်း ကျောက်တံသွေးတဲ့အကြောင်း ပြောပြတယ်။ အမေက ဆံပင်ကို အသာလေးသပ်ပြီး ချီးကျူး စကားဆိုတယ်။ “ဒါမှ အမေ့သား။ သူများမှာ လိုအပ်နေတာကို ကိုယ်တတ်နိုင်တာဆို တတ်နိုင်သမျှ ကူညီပေးရတယ်ကွဲ့”။ အမေဆိုတာ ခါးမှာဝတ်ထားတဲ့ ပါတိတ် လုံချည်အသစ်ကို တောင်မှချွတ်ပြီး အဖေ့တပည့်ဟောင်း ဘကြီး ရဲ့မိန်းမကို ပေးတဲ့သူ။ အဖေကတော့ ကျောက်သင်ပုန်းကိုယူကြည့်ပြီး ဝလုံးလေးတွေ တက်လိုက် ဆင်းလိုက်ဖြစ်နေလို့တဲ့။ ပေတံယူပြီး သံစူးချွန်ချွန်လေးနဲ့ မျဉ်းသားပေးတယ်။ မျဉ်းက တအား အထင်ကြီးမဟုတ်ပေမယ့် ကောင်းကောင်းမြင်ရတယ်။ နောက်နေ့တွေရောက်တော့ ကျွန်တော့်ကျောက်သင်ပုန်းမှာ ဝလုံးဝိုင်းဝိုင်းလေးတွေညီလို့။ တန်းလို့။
ဆရာမပေးတဲ့ အမှန်ခြစ်ကြီးကြီးနဲ့ ပနံတင့်နေတဲ့ ဝလုံးဝိုင်းဝိုင်းလေးတွေကို ဖျက်ပစ်ရမှာ နှမြောနေခဲ့တယ်။ “ဝလုံးလေးတွေ မဖျက်ချင်ရင် ငါ့သားဝလုံးတန်းက တက်မှာမဟုတ်ဘူး။ ကျောက်သင်ပုန်းဆိုတာ အထပ်ထပ် အခါခါ စာရေးလေ့ကျင့်လို့ရအောင် လုပ်ထားတာကွဲ့”။
(၃)
အတန်းတက်လာချိန်မှာ ကျောက်သင်ပုန်းနဲ့ ကျောက်တံအစား စာအုပ်နဲ့ခဲတံ ရောက်လာတယ်။ ခဲဖျက်က အမှားဖျက်ဖို့လောက်သာ သုံးတာမို့ ကျောင်းစာအုပ်မှာ စာတွေကျန်နေတော့တယ်။ ကျောက်သင်ပုန်းနေရာမှာ အဖေ မျဉ်းသားပေးစရာမလိုတော့တဲ့ လက်ရေးလှစာအုပ် ရောက်လာတယ်။ ဒီတစ်ခါကျတော့ အဖေက ခဲတံချွန်ပေးတယ်။ အဖေ ချွန်ပေးတဲ့ခဲတံက ခဲချွန်စက်နဲ့ချွန်တဲ့ ခဲတံထက် ပိုပြီးအရေးခံတယ်။ မောင်းချဓား ထက်ထက်နဲ့ စိတ်ရှည်လက်ရှည် ချွန်ပေးတာ။ နောက်ကြာလာတော့ ကိုယ်တိုင်ချွန်တတ်လာတယ်။
အိမ်စာလုပ်လာတာ တစ်မျက်နှာလုံး အမှားတွေ ပြည့်နေတဲ့သူငယ်ချင်းကို ဆရာမက နောက်တစ်မျက်နှာ အသစ်ရေးခိုင်းတယ်။ စာတစ်လုံးမှားရင် တစ်ကြောင်းလုံး ပြန်ရေးခိုင်းနေကျ ဖြစ်တာမို့ အထွန့်မတက်ရဲပါဘူး။ ပျင်းရင်မှန်အောင် ဂရုစိုက်။ “တစ်လုံးမှားရင်လည်း တစ်ကြောင်းပျက်တာပဲ။ တစ်ကြောင်းမှားရင်လည်း စာတစ်ပိုဒ်လုံး သွားတာပဲ”။ ငယ်ငယ်တုန်းက ဆရာမ ရက်စက်လှချည်ရဲ့ အောက်မေ့ခဲ့သူတွေ ကြီးလာချိန်မှာမှ ကျေးဇူးတင်ရကောင်းမှန်း သိခဲ့တယ်။
(၄)
အလယ်တန်းရောက်တော့ ဖောင်တိန်ကိုင်ရပြီ။ ပတ်ကားဖောင်တိန် (Parker Pen) လေးတွေရယ်၊ ကွင့် (Quink) မင်အိုးလေးတွေရယ် ကျောင်းကတစ်ယောက်ကို တစ်စုံစီ ဝယ်ခွင့်ပေးတယ်။ နောင်များကျမှ ကွင့် (Quick) ဆိုတာ quink နဲ့ ink ကိုပေါင်းပြီး နာမည်ပေးထားကြောင်း၊ ပတ်ကားဖောင်တိန် (Parker Pen) ကုမ္ပဏီကပဲ ထုတ်တာ ဖြစ်ကြောင်း သိခဲ့တယ်။
မင်ထည့်တာ၊ မင်ပေတာ၊ မင်စွန်းတာ၊ မင်မှောက်တာစတဲ့ သံသရာမှာ တော်တော် ကြာကြာလည်ခဲ့ကြတာပေါ့။ မင်လုံးသေးသေးကြိုက်တဲ့ သူငယ်ချင်းတစ်ယောက်က ဖောင်တိန်နစ်ကို ပြောင်းပြန်လှန်ရေးတာ သတိရမိတယ်။ မျဉ်းပေါ်မှာ မရေးဘဲ မျဉ်းနှစ်ကြောင်းကြားမှာ ရေးတဲ့ သူငယ်ချင်းလည်းရှိတယ်။
(၅)
တစ်ရက်မှာ ကျောင်းအုပ်ဆရာမကြီး အတန်းလာစစ်တယ်။ သူငယ်ချင်းတစ်ယောက်က ဖောင်တိန်ကို အဖုံးပြန်မဖုံးဘဲ မေ့ပြီးစာရေးနေတဲ့ အနေအထားအတိုင်း အိတ်ကပ်ထဲ ထည့်လိုက်တော့ ကျောင်းဝတ်စုံ အင်္ကျီဖြူဖြူမှာ မင် ပြာပြာတွေ စွန်းသွားတယ်။ ဆရာမကြီးက မဆူပါဘူး။ အေးအေးဆေးဆေး မေးခွန်းလေးတွေမေးပြီး စကားပြောတယ်။ ဆုံးမတယ်။ “ကလေးတို့ ကျောင်းစနေတုန်းက ကျောက်သင်ပုန်းတွေ၊ ကျောက်တံတွေ သုံးခဲ့ကြတယ် မဟုတ်လား” “ဟုတ်ပါတယ် ဆရာမကြီး” “နောက်တော့ စာအုပ်တွေပေါ်မှာ ဘာနဲ့ရေးခဲ့ကြသလဲ” “ခဲတံနဲ့ပါ ဆရာမကြီး” “အခုတော့ရော။ ဘာနဲ့ရေးကြသလဲ” “ဖောင်တိန်နဲ့ ပါ ဆရာမကြီး” “ကျောက်တံရယ်၊ ခဲတံရယ်၊ ဖောင်တိန်ရယ်မှာ ဘယ်ဟာက ဈေးအကြီးဆုံးလဲ” “ဖောင်တိန်ပါဆရာမကြီး” “ဘာနဲ့ရေးတာက ကြာကြာခံသလဲ” “ဖောင်တိန်နဲ့ရေးတာပါ ဆရာမကြီး” “အေးအဲဒီတော့ ပစ္စည်းကို ရိုရိုသေသေ ဂရုတစိုက်ကိုင်ရမယ်။ ရေးတဲ့ မှတ်တဲ့ နေရာမှာမမှားအောင် သတိထားရ မယ်”ပြောပြောဆိုဆိုနဲ့ ဆရာမကြီးနီးရာ ကျောင်းသားတစ်ယောက်ဆီက စာအုပ်တစ်အုပ်ကိုယူပြီး လှန်လှော ကြည့်လိုက်တယ်။ မှားရေးမိတာတချို့ကို ထပ်ရေးပြီးပြင်ထားတာတွေကို မသပ်မရပ် ညစ်ညစ်ပတ်ပတ်နဲ့ တွေ့လိုက်ရတယ်။ “ကဲဆရာလေး၊ ဒါတွေက ဘာရေးထားတာလဲ ပြောပါဦး” အတန်းသားတွေဆီက ရယ်သံအုပ်အုပ် ထွက်လာတယ်။ မောင် ကျောင်းသား မဖြေတတ်ရှာပြီ။ “ကိုယ်ရေးထားတာတောင်မှ ကိုယ့်ဘာသာ ဘာမှန်းမသိတော့ ဘူးမဟုတ်လား။ စာမေးပွဲမှာဆို ဒုက္ခများပြီပေါ့။ ကဲကျန်တဲ့သူတွေလည်း နားထောင်ကြ။ မှတ်ထားကြ”။ ကျောက်သင်ပုန်းကြီးပေါ်မှာ စာတစ်ကြောင်း ရေးလိုက်တယ်။ မှားသွားတဲ့ စာလုံးကို မျဉ်းတစ်ကြောင်းနဲ့ခြစ်ပြီး အသစ်ရေးတယ်။ “တွေ့ကြလား။ အမှားပေါ်မှာ ထပ်ရေးရင် စာတွေပြားသွားပြီး ဘာမှန်းမသိ ဖြစ်တတ်တယ်။ မှားရင်ခြစ်၊ အသစ်ပြန်ရေး”
(၆)
ဆရာမကြီးက နမူနာပြအပြီးမှာ ပုံပြင်တစ်ပုဒ်ပြောပြတယ်။ အင်မတန် ရဲစွမ်းသတ္တိ နဲ့ပြည့်စုံတဲ့ မုဆိုးကြီးတစ်ယောက်အကြောင်း။ တစ်ရက်မှာ သူ့ရဲ့မြားကျည်တောက်ထဲက မြားတွေကို မစစ်မဆေး၊ ခါးချပ်ဓားကို မသွေးဘဲနဲ့ တောထဲသွားရာကနေ ကျားကိုက်ခံရလို့ သေသွားတဲ့ပုံပြင်။ ကျိုးနေတဲ့မြား၊ တုံးနေတဲ့ ဓားတွေက အားမကိုးရချိန်မှာ ရဲစွမ်းသတ္တိဟာ အရာမရောက်ဖြစ်ခဲ့ရတယ်။ “ကလေးတို့ လည်း ဒီပုံပြင်ကိုသင်ခန်းစာယူကြ။ ကိုယ့်ရဲ့ လက်နက်သဖွယ်ဖြစ်တဲ့ ဖောင်တိန်၊ ပေတံ၊ စာရေးကိရိယာတွေကို ပုံမှန်စစ်ကြရမယ်။ မင်မှန်မှန်ထည့်မယ်။ မင်ယိုနေရင် ပြင်မယ်။ ပုံမှန်ကျောင်းတက်ချိန်တွေမှာ ပုံမှန် စစ်ဆေးကြရမယ်။ စာမေးပွဲသွားချိန်ဆို မုဆိုးကြီး တောဝင်သလိုမျိုး မဖြစ်ရအောင် ပိုဂရုစိုက်ရမယ်”
(၇)
အတန်း ပိုကြီးလာချိန်တွေမှာ ဘောပင်တွေ တွင်ကျယ်လာတယ်။ မင်ထည့်ရတဲ့ဒုက္ခ မရှိတော့ဘူး။ အများဆုံး နှစ်ပါးသွားခဲ့ရတာက မြဝတီဘောပင်။ ဈေးကလည်း သက်သာတာကိုး။
တက္ကသိုလ်ရောက်ပြီး အတန်းတက်သွားချိန်မှာ အတန်းငယ်ညီတွေကတောင်းတော့ မှတ်စုစာအုပ်အဟောင်းတွေ လက်ဆင့်ကမ်းဖြစ်ခဲ့တယ်။ ငယ်ငယ်တုန်းကတော့ စာမေးပွဲပြီးတာနဲ့ အဖုံးခွာ၊ စာရွက်လွတ်တွေ ဆုတ်၊ ဘော်တယ်ကုလားဆီ ပိဿာချိန်နဲ့ရောင်းပြီး မုန့်ဖိုးရှာခဲ့တာ။ အသက်ကြီးလာချိန်ကျမှ ငယ်ငယ်တုန်းက ကိုယ့်မှတ်စုစာအုပ်လေးတွေ၊ လက်ရေးတွေ၊ ရေးခဲ့မှတ်ခဲ့တာတွေ ပြန်ဖတ်ကြည့်ချင်စိတ်ပေါ်ချိန်မှာ လက်ထဲမှာ ဘာမှမကျန်တော့။
(၈)
အပြစ်အကင်းစင်ဆုံးအရွယ်က ကျောက်သင်ပုန်းမှာရေးခဲ့တာတွေက ဘယ်လိုမှ နှစ်များစွာမခံနိုင်။ စိတ်ထဲမှာတော့ ကျန်နေဆဲ ဝလုံးလေးတွေ ရှိတယ်။ အဖေချွန်ပေးတဲ့ ခဲတံလေးတွေ မြောက်မြားစွာနဲ့ ရေးခဲ့တဲ့ စာတွေဟာလည်း အလားတူပါပဲ။ စာအုပ်လေးတွေ ရှိနေသေးရင်တောင် မှိန်တာမှိန်နေ လောက်ပြီ။ ဖောင်တိန်စာ၊ ဘောပင်စာတွေ ကတော့ မပျောက်မပျက် ရှိနေဦးမှာ သေချာတယ်။ ကြီးလာချိန်မှာ ပြန်ကြည့်ရင် ပြန်တွေ့ရင် အမြင်တစ်မျိုးဖြစ်နေမှာ သေချာတယ်။ ခြေရာတွေလည်း ရှိနေဦးမှာ။
(၉)
အခုခေတ် ကလေးတွေ ခမျာမှာတော့ စာပြီးရင်း စာနေကြရရှာတယ်။ အရွယ်နဲ့ မလိုက်တဲ့ ကျောပိုးအိတ်ကြီးတွေမှာ စာအုပ်တွေ အပြည့်ထည့်လွယ်ပြီး ကျောင်းနဲ့ ကျူရှင်ကို လွန်းထိုးနေကြရတယ်။
အရင်ခေတ်နဲ့ ကွာသွားတာက အမှားဖျက်ဖို့ မင်ဖြူတောင့် (Correction Pen) တွေ ပေါ်လာတာ။ဖျက်လို့ရတဲ့ ဘောပင်တွေ ပေါ်လာတာ။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲပြင်ပြင်ပါ၊ မှားရေးမိကြောင်း ခြေရာကတော့ ကျန်နေမှာ။
သူတို့လေးတွေ ကြီးလာကြလို့ စာအုပ်ဟောင်းလေးတွေများ ပြန်မြင်ရင် အူကြောင်ကြောင်ခေတ်မှာ လူဖြစ်ခဲ့ရတယ်လို့ ပြောကြမလား။ ခေါက်ရိုးကျိုးနေတဲ့ အင်္ကျီတွေဝတ်ပြီး ပုံစံခွက်ထဲက ထွက်လာခဲ့ကြရတာလို့ ဆိုမလား။ မကျေမနပ်နဲ့ အပြစ်တင်စရာ တရားခံ ရှာနေကြမလား။
သတင်းစာအဟောင်း ဝယ်သူကလည်း စာအုပ်အဟောင်းတွေ၊ သတင်းစာအဟောင်းတွေ သိပ်မဝယ်တော့ဘူး။ အလကားပေးတာတောင်မှ အင်တင်တင်ရယ်။ သြော် အမျိုးကောင်းကောင်း အရက်ပုလင်းအလွတ် သစ်သစ်လွင်လွင်တွေကို စားသောက်ဆိုင်တွေမှာ ဈေးကောင်းပေးပြီး ကောက်တာက မက်မက်စက်စက် မြတ်နေကြတာကိုး။ ကောင်းပါတယ်။ မြေးလေးရဲ့ကျောင်းစာအုပ်တွေ သေသေချာချာ သိမ်းပေးခွင့် ရတာပေါ့။










