လပွတ္တာ မီးလောင်မြေ နေရာအား လမ်းမြေများ၊ မိလ္လာလမ်းများ စနစ်တကျ ထည့်သွင်းရေးဆွဲကာ ကျူးကျော်မြေနေရာများကို ဖျက်သိမ်း၍ မူလမြေနေရာ အကျယ်အဝန်း ပေ ၄၀၊ ပေ ၂၀ အတိုင်း ပြန်လည်နေရာ ချထားပေးမည်ဖြစ်ကြောင်း မီးလောင်မြေ ပြန်လည်နေရာချထားရေး ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအရ သိရသည်။မီးဘေးသင့် အိမ်ရှင် ၁၁၂ ဦးနှင့် မီးလောင်မြေ ပြန်လည်နေရာချထားရေး ကော်မတီတို့ တွေ့ဆုံဆွေးနွေးရာတွင် တင်ပြလာသည့် အချက်များအနက် အများသဘောတူ လက်ခံခဲ့သည့် ဆုံးဖြတ်ချက်များအတိုင်း မီးလောင်မြေနေရာအား ပြန်လည်နေရာချထားရာတွင် မိလ္လာလမ်းများအတွက် ၁၀ ပေအကျယ် ချန်လှပ်ကာ ကျောက်တိုင်အမှတ်အသား စိုက်ထူ၍ ဆန်ကာကာများ ကာရံထားရန်၊ အောင်သပြေလမ်းနှင့် ဆိပ်ကမ်းသာလမ်းကြားတွင် မြစ်ဘေးအထိ သွားလာနိုင်သော လမ်းတစ်ခု ဖော်ဆောင်ရန်၊ လမ်းမြေများပေါ်သို့ ကျူးကျော်ဆောက်လုပ်ခြင်း မရှိဘဲ သတ်မှတ်ထားသော ပေ ၄၀ × ပေ ၂၀ မြေကွက်များ အတိုင်းသာ ဆောက်လုပ်ရန်၊ မိလ္လာလမ်းများပေါ်တွင် ယခင်က ဆောက်လုပ်ထားသော ကျူးကျော်နေအိမ်များ ဖျက်သိမ်းပြီး နေအိမ်များ ဆောက်လုပ်ရာတွင် နေအိမ်များဘေးများ၌ တစ်ပေခန့် မြေနေရာချန်၍ ဆောက်လုပ်ရန်စသည့် အချက်များကို သဘောတူညီမှု ရရှိကြောင်း သိရသည်။“မီးဘေးသင့် ပြည်သူတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာမှာ သူတို့က ဒီအတိုင်း ပြန်လည်နေရာချထားမယ့်အစား စည်ပင်သာယာ အချက်အလက်တွေအရ မြို့ပြဖွဲ့စည်းပုံအတိုင်း ပြန်ချထားပေးပါလို့ တောင်းဆိုတယ်။ အရင်က ပိတ်နေတဲ့ လမ်းတွေ တံတားတွေကိုပါ။ ပြန်ပြီးတော့ ဖွင့်ပေးဖို့ ထည့်သွင်းရေးရတာပေါ့။ လမ်းတွေကို ပြန်ပြီးတော့ ထည့်သွင်းရေးဆွဲတာမှာ မီးသတ်ကားတွေပါ ဝင်ထွက်လို့ ရဖို့ပါ ရေးဆွဲရတာပေါ့ဗျာ။ အဆောက်အအုံတွေ ဆောက်တာမှာ ကျူးကျော် မဆောက်ဖို့ ဆုံးဖြတ်ချက်တွေပါ ချထားပါတယ်” ဟု လပွတ္တာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။လပွတ္တာမြို့နယ် မီးလောင်မှု ဖြစ်စဉ်တွင် တရားမဝင် အရက်ဆီများ၊ စက်သုံးဆီများ သိုလှောင်ထားခြင်း၊ မြို့ပြတည်ဆောက်မှု စံနှုန်းများနှင့် မကိုက်ညီဘဲ နေအိမ်ဈေး ဆိုင်များမှ စည်ပင်လမ်းများပေါ်တွင် ကျူးကျော် တည်ဆောက်ထားခြင်းများကြောင့် မီးသတ်များ ဝင်ထွက်၍ မရခဲ့ဘဲ ဆုံးရှုံးမှု တန်ဖိုးများ ပိုမို မြင့်မားခဲ့ရသည်။
လပွတ္တာ မီးလောင်မြေ နေရာတွင် လမ်းမြေများ၊ မိလ္လာလမ်းများ စနစ်တကျ ထည့်သွင်းရေးဆွဲကာ ကျူးကျော် မြေနေရာများကို ဖျက်သိမ်း၍ မူလပုံစံအတိုင်း ပြန်လည် နေရာချထားပေးမည်















