NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့အား ကမ္ဘာ့ဘဏ်အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌက သီးခြားစီလာရောက်တွေ့ဆုံ

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့အား ကမ္ဘာ့ဘဏ်အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌက သီးခြားစီလာရောက်တွေ့ဆုံ
Published 22 February 2016

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့အား ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မစ္စတာအက်ဇဲလ်ဗန်ထရောဇန်ဘာ့ခ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက်က သီးခြားစီလာရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ဒေါ်အောင်ဆန်းစုကြည်သည်  ကမ္ဘာ့ဘဏ်အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌအား မွန်းလွဲ ၁၂ နာရီ ၁၅ မိ နစ်တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ လွှတ်တော်ကော်မတီရေးရာဆောင် I-12 တွင် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းNLD Chairperson  Facebook စာမျက်နှာမှ တစ်ဆင့်သတင်း ထုတ်ပြန်ထားသည်။သို့ရာတွင် မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားခြင်း မရှိပေ။အလားတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည်လည်း ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နံနက် ၉ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း ပြည်သူ့လွှတ်တော်က သတင်းထုတ်ပြန်သည်။အဆိုပါ တွေ့ဆုံမှု၌ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၌ လွန်ခဲ့သည့်လေးနှစ်မှ စတင်၍ လုပ်ငန်းများ ဆောင်ရွက်ပြီး ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍများတွင် အထောက်အကူများ ပေးခဲ့မှု၊ မြန်မာနိုင်ငံတွင် စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများတွင် အထောက်အကူပေးခြင်း အပါအဝင် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှု၊ ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်၊ ငွေရေးကြေးရေးနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် အကူအညီပေးရေး အတွက် သုံးသပ်လေ့လာဆန်းစစ်သွားရေး၊ မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကျရောက်မှုများကို အကူအညီပေးရာတွင် လွှတ်တော်အပိုင်းက ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအစီအစဉ်များတွင် ကမ္ဘာ့ဘဏ်မှ ငွေကြေးအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။                                                  

Most Read

Most Recent